အငြင်းပွားဖွယ်ဖြစ်နေတဲ့ အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲ

Thursday, July 10, 2014

.

အငြင်းပွားဖွယ် အင်ဒို သမ္မတ ရွေးကောက်ပွဲ အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့် ၅ နှစ်စာအတွက် တတိယ အကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲကို ဇူလိုင်လ ၉ ရက် နေ့က ကျင်းပခဲ့ရာ ပြိုင်ဖက် သမ္မတ လောင်း ၂ ဦးလုံးက ရွေးကောက်ပွဲ အောင်ပွဲများကို ကျင်းပနေကြပါတယ်။ 






အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto သူသာ အခု အင်ဒို သမ္မတ 
ရွေးကောက်ပွဲမှာ အနိုင်ရသူလို့ အောင်ပွဲ ကျင်းပနေသလို အင်းဒိုနီးရှားရဲ့ အိုဘားမားရယ်လို့ နာမည်ကြီးတဲ့ သမ္မတ လောင်း ဂျိုကိုဝီကလည်း ရွေးကောက်ပွဲ မဲစာရင်းတွေအရ အနိုင်ရသူဖြစ်လို့ အောင်ပွဲကျင်းပနေပါတယ်။ 

ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝိုကတော့ သူ့နောက်ခံသမိုင်းတွေက သိပ်မလှပါဘူး။ 

စစ်ခေါင်းဆောင် ဖြစ်ခဲ့စဉ် ယခင် အာဏာရှင်အစိုးရလက်ထက်တွေတုန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့သူ အခွင့်ထူးခံ စစ်ဗိုလ်ချုပ် ဆိုတဲ့ သမိုင်းနောက်ခံရှိတယ်လို့ စွပ်စွဲခံထားရသူပါ။ 

သူဟာ အင်ဒို သမ္မတ ဆူကာနိုနဲ့ ဆူဟာတို အစိုးရ လက်ထက်တွေ တုန်းက ၀န်ကြီးရာထူးတာဝန်တွေလည်း ထမ်းဆောင်ခဲ့ဖူးပါတယ်။ 

ဒီအပြင် သူဟာ တချိန်က အာဏာရှင် ဆူဟာတို ရဲ့ သမီးနဲ့ လက်ထပ်ခဲ့ပြီး အခုတော့ သူတို့ ၂ ဦးဟာ ကွာရှင်းခဲ့ကြပြီးဖြစ်တယ်လို့ သိရပါတယ်။ 

သူဟာ အီရီယန်ဂျာရားနဲ့ အရှေ့တီမော မှာ ပုန်ကန်မှုတွေဖြစ်တော့စစ်ဆင်ရေးတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး အချိန်တိုအတွင်း ရာထူးတွေ တက်လာသူလည်းဖြစ်ပါတယ်။ 

ဆူဟာတို ခေတ်အလွန် ၁၉၉၈ ခုနှစ်က သူဟာ စစ်တပ်က ထွက်ခဲ့ရပြီး သူ့ကိုယ်သူ ဒီမိုကရေစီ လိုလား တက်ကြွသူ ရယ်လို့ ပုံဖော်လာခဲ့သူလည်း ဖြစ်တယ်လို့သိရပါတယ်။ 

“ငါတို့ရဲ့ ဒီမိုကရေစီ ပုံစံက အရမ်းကို တန်ဘိုးကြီးမားလှပါတယ်” လို့သူက ပြောဆိုခဲ့ဖူးပါတယ်။ 

အဲဒီလို ခေတ်အဆက်ဆက် အာဏာရ လူတန်းစား စစ်ဗိုလ်ချုပ်ဟောင်းနဲ့ အင်ဒို သမ္မတရာထူးအတွက် ယှဉ်ပြိုင်သူက တော့ ဂျာဗား အလယ်ပိုင်း ဆိုလိုမြို့နေ လူဆင်းရဲမိသားစုက ဆင်းသက်လာတဲ့ အသက် ၅၃ နှစ်ရှိ ဂျွန်ဂျို ၀ီဒိုဒို ပါဘဲ။ 

သူ့ကို ဂျွန်ဂျိုဝီလို့အများက ခေါ်ကြ ပြီး တကယ့်ကို အောက်ခြေဘ၀က တက်လှမ်းလာသူပါ။ သူဟာ လူထု ဆက်ဆံရေးလည်း အလွန်ပြေပြစ်တဲ့အတွက် လူထု ထောက်ခံမှု ကြီးကြီးမားမား ရရှိထားသူလည်း ဖြစ်ပါတယ်။ 

ဆိုလို မြို့တော်ဝန်ဘ၀နဲ့ သူ့နိုင်ငံရေးဘ၀ကို စတင်ခဲ့တယ်လို့ ပြောလို့ရပြီး အင်ဒိုနီးရှားနိုင်ငံမှာ သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့အစိုးရဖြစ်ပေါ်လာရေး အစဉ်တစိုက် တိုက်တွန်းပြောကြားနေလေ့ ရှိသူတဦးလည်း
ဖြစ်ပါတယ်။ 

သူဟာ အစိုးရရဲ့ မဟုတ်မမှန် လုပ်ဆောင်ချက်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိပြီး ဆိုလို မြို့တော်ဝန် ဘ၀ က ကမ္ဘာ့အကောင်းဆုံး မြို့တော်ဝန်ရယ်လို့ အသိအမှတ်ပြု ခံရသူပါ။ 

 မွတ်စလင် အများစုရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဂျွန်ဂျိုဝီ ဟာ တရုတ်နွယ်ဖွား ခရစ်ယာန်နိုင်ငံရေးသမားတွေနဲ့ လည်း ဆက်ဆံရေး ပြေပြစ်လို့  တဖက် ပြိုင်ဘက်က ထိုးနှက်ချက်တွေလည်း သမ္မတရွေးကောက်ပွဲအကြို  အတော်ရင်ဆိုင်ဖြတ် သန်းခဲ့ရတာပါ။ 

ဒါကြောင့်လည်း သူ့ကို အင်ဒိုနီးရှားရဲ့ အိုဘားမားရယ်လို့ အများက ခေါ်ဝေါ်သတ်မှတ်ကြတာပါ။ 

လက်ရှိသမ္မတ ဆူဆီလို ဘန်ဘန်း ယူဒို ယိုနိုအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တတိယအကြိမ် သမ္မတ 
ဖြစ်ခွင့် မရှိလို့ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့တဲ့အတွက် သူ့နေရာမှာ ဂျွန်ဂျိုဝီကို အင်ဒိုနီးရှား လူထုက လိုလားနေကြပါတယ်။ 

ပြီးခဲ့တဲ့ စနေနေ့ကတော့ သူ့ကိုထောက်ခံတဲ့ ထောင်ပေါင်းများစွာသော အင်ဒိုလူထုအစည်းအဝေးတခုဖြစ်ဖို့ နာမည် ကြီး ဂီတ အနုပညာသမားတော်တော်များများက စီစဉ်ခဲ့ပြီး ဂျွန်ဂျိုဝီက မိန့်ခွန်းပြောခဲ့ပါတယ်။ 

အဲဒီလူထုအစည်းအဝေမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အနာဂတ်ကို နိုင်ငံသား အားလုံး ပူးပေါင်းပါဝင်ပုံဖော်နိုင်ဖို့ လူ့အခွင့်အ ရေး လေးစားရေး၊ တရားမျှတမှုတွေအတွက် တိုက်ပွဲ ၀င်ရေး၊ ငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းစွာ မတူကွဲပြားသူများအတူ ယှဉ် တွဲနေထိုင်ရေး ကိစ္စတွေကို အလေးပေး ပြောဆိုသွားခဲ့ကြပါတယ်။ 

ဇူလိုင်လ ၉ ရက်နေ့က ကျင်းပတဲ့ အင်ဒို သမ္မတ ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်ကလည်း သမိုင်းဝင် ရွေးကောက်ပွဲ တခုအဖြစ် ချီးမွမ်းပြောဆိုထားခဲ့တာပါ။  


အခုတော့ အဲဒီသမ္မတလောင်း ၂ ဦးလုံးက မဲရေတွက်မှုတွေ မပြီးဆုံးသေးခင်၊ တရားဝင်ကြေညာတာမျိုး မရှိသေးခင်မှာ မိမိသာ အနိုင်ရတယ်ဆိုတဲ့ အောင်ပွဲတွေ ကျင်းပနေတာကြောင့် ဒီ နှစ် အင်ဒိုသမ္မတ
ရွေးကောက်ပွဲ ဟာ အတော်ပဲ အငြင်းပွားဖွယ် ဖြစ်လာနေပါတယ်။ 


လင်းသန့် ~ 

ဆက်စပ်









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved