သရဖူအသိမ်းခံရတဲ့ဂျူးစံသာနဲ့အင်တာဗျူး

Tuesday, July 29, 2014

 ~

 

 
 

Miss Globe Myanmar 2014 သရဖူရရှိထားပြီး သြဂုတ်လအတွင်းမှာ ကျင်းပမယ့် Miss Globe International 2014 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်တော့မယ့် ဂျူးစံသာကို
သူရဲ့ National Director ဖြစ်သူ ဒေါ်လှနုထွန်းက သူရဲ့ Facebook မှာ၊ ဒီနေ့ ၊ ဒီရက်၊ ဒီအချိန်ကစပြီး
Miss Globe Myanmar အဖြစ်မှ ရပ်စဲခံလိုက်ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်က ရန်ကုန်မြို့ အလံပြဘုရားလမ်း PARK ROYAL Hotel မှာ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
ရှင်းလင်းပွဲပြုလုပ်ရခြင်းနဲ့ ပတ်သက်ပြီး ဂျူးစံသာကို မေးမြန်းဖြစ်ခဲ့တာများကို တင်ပြပေးလိုက်ပါတယ်။


  • ဂျူးစံသာ စာနယ်ဇင်းများကို ရှင်းလင်းပွဲ ပြုလုပ်ရခြင်းနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

ဒီနေ့ စာနယ်ဇင်းတွေကို ရှင်းရတာကတော့ မနေ့ညက သမီးကို သရဖူသိမ်းပြီလို့ သမီးရဲ့ National Director ဒေါ်လှနုထွန်းက facebook စာမျက်နှာပေါ်မှာ တင်လိုက်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး စာနယ်ဇင်းများ သိထားဖို့ ပြန်လည်ဖြေရှင်းးတာပါ။
သမီး ဘာမှအပြစ်မလုပ်ထားပါဘူး။ ဘာအပြစ်မှ မကျူးလွန်ထားဘဲနဲ့ ဘာကြောင့် သရဖူ အသိမ်းခံရတယ်ဆိုတာ မသိတဲ့အတွက် ဆရာမ လှနုတင်ထားတဲ့ စာကိုပဲ ပြန်ပြီးရှင်းပြတာပါ။


  • သရဖူကို ပြန်သိမ်းတယ်ဆိုတော့ ဒီပြိုင်ပွဲကို ဘယ်တုန်းက ကျင်းပခဲ့တာလဲ။ ဒီပြိုင်ပွဲရဲ့ နောက်ဆက်တွဲ အစီအစဉ်ဘာတွေရှိဦးမလဲ။

Miss Globe Myanmar ပြိုင်ပွဲကို ၃ လပိုင်းက ကျင်းပခဲ့တာ။
အဲ့ဒီနောက် အဇာဘိုင်ဂျန်မှာ ကျင်းပမယ့် Miss Globe International ပြိုင်ပွဲကို ဇွန်လမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ဗီဇာကိစ္စ အခက်အခဲတွေရှိလို့ သြဂုတ်လကို ရွှေ့သွားတာပါ။
အဲဒီပြိုင်ပွဲကို သွားရဖို့ ရက်ပိုင်းအလိုကျမှ သမီးနဲ့ မိသားစုများကို Miss Globe Myanmar Organization နဲ့ လုံးဝ ဆက်လက် ပတ်သက်ခြင်းမရှိကြောင်း စာတင်ထားတာပါ။
အဲဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၁၄ နိုင်ငံက ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရမှာပါ။


  • ဒီအချိန်မှာ Miss Globe Myanmar အဖြစ်ကနေ ရပ်စဲလိုက်ပြီဖြစ်ကြောင်း Miss Globe Myanmar အမည်ကို အသုံးပြုခွင့်မရှိတော့ကြောင်း ကြေညာခြင်းခံလိုက်ရတော့ ဘယ်လိုခံစားလိုက်ရလဲ။

သမီးဒီလောက်အခြေအနေထိ ငွေကုန် လူပန်းပြီး ကြိုးစားခဲ့တယ်။ အများကြီး ပြုပြင်ပြောင်းလဲခဲ့တယ်။ ဆရာသမားတွေရဲ့ စကားကိုလည်း နားထောင်ပြီး ကြိုးစားခဲ့တယ်။
 ပြိုင်ပွဲအရမ်းကပ်နေတဲ့အချိန်မှ ဒီလိုဖြစ် သွားတဲ့အတွက် သမီးရင်ထဲမှာ အရမ်းကို ကြေကွဲဝမ်းနည်းပြီး၊ သမီးရဲ့ ရည်မှန်းချက်တွေ အကုန်လုံး ပျက်ပြယ် သွားသလို ခံစားလိုက်ရတယ်။
သမီးဘာအပြစ်တွေရှိလို့ ပြန်အသိမ်းခံလိုက်ရတာလဲ။ အဲ့ဒီလို အတွေးဖြစ်လာလို့ စာနယ်ဇင်း ရှင်းလင်းပွဲ ကျင်းပရတာပါ။


  • သရဖူ ရုပ်သိမ်းတယ်၊ Miss Globe Myanmar အဖြစ်မှ ရပ်စဲလိုက်တယ်ဆိုတဲ့အကြောင်းကို ဘယ်လိုသိလိုက်ရတာလဲ။

တိုက်ရိုက်ပြောတာ မဟုတ်ပါဘူး။ ဆရာမ လှနုက facebook ပေါ်ကတဆင့်ပဲ သရဖူ သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာပါတယ်။
 တရားဝင် စာပို့ခြင်း မရှိပါဘူး။ ပြန်ပြီးဆက်သွယ်ကြည့်တော့ ဖုန်းမကိုင်ပါဘူး။

  • ရပ်စဲလိုက်တဲ့အကြောင်းထဲမှာ လေးမျက်နှာစာကျော်တဲ့နှစ်ဦးနှစ်ဖက် စာချုပ်ကို ဂျူးစံသာဘက်က လက်မှတ် မထိုးလို့ ရုပ်သိမ်းသွားတာ ဖြစ်နိုင်မလား။

အဲ့ဒီလိုလည်း ပြောလို့ရပါတယ်။ ၃ နှစ် ကြာကာလအထိ သမီးရရှိတဲ့ အနုပညာဝင်ငွေ ရရှိမှုက ၃၀ ရာခိုင်နှုန်း ခံစားခွင့်ပေးရမယ်လို့ ပါတဲ့အတွက် သမီးက တတ်သိနားလည်သူတွေနဲ့ မေးမြန်းနေတာရယ်၊
သမီးက အသက် ၁၇ နှစ်ပဲ ရှိသေးလို့ သိပ်နားမလည်တဲ့အတွက် မိသားစုတွေနဲ့ တိုင်ပင်ဦးမယ်လို့ ပြောတာကို ခေါင်းရှောင်တယ်လို့ပြောတယ်။
သမီးရဲ့ အဖေက နမိုးနီးယားဖြစ်နေတာကြောင့် ချက်ချင်း လက်မှတ်မထိုးတာရယ်၊
 သမီးက ဒီအပြင် Organization နဲ့ ဆက်သွယ်နေခဲ့တာရယ်၊ အရမ်းခံစားရချိန်မှာ သမီးကို ဆရာမ ဘာမှ မလုပ်ပေးခဲ့ဘူးလို့ ပြောမိတာကြောင့် ဒါကြောင့်လည်း ပါမယ်ထင်ပါတယ်။
ဒီအတွက်လည်း အနူးအညွတ် တောင်းပန်ပြီးပါပြီ။

  • အဲဒီတော့ ဂျူးစံသာက Miss Globe International ပြိုင်ပွဲကို မဖြစ်ဖြစ်အောင် သွားပြိုင်မှာလား။
  • ဒါမှမဟုတ် နောက်ဆုတ်သွားမှာလား။

နောက်ဆက်တွဲ အခြေအနေပေါ်မှာပဲ မူတည်ပါတယ်။
လောလောဆယ်မှာတော့ အားပေးတဲ့ ပရိသတ်တွေ နားလည်သွားဖို့ပဲ ပိုအရေးကြီးတယ်။
နားလည်တတ်ကျွမ်းတဲ့ သူတွေနဲ့ တိုင်ပင်ပြီးတော့မှ ဘယ်လိုဆက်လုပ် ရမလဲဆိုတာ စဉ်းစားရမှာပါလို့ ပြောကြားခဲ့ပါတယ်။

လင်းနိုင်ဦး

  ဇူလိုင် ၂၈ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်မှာ ဖော်ပြထားတဲ့
Miss Globe Myanmar အဖြစ်မှ ရပ်စဲကြောင်း ကြေညာခြင်းခံရတဲ့ ဂျူးစံသာ ခေါင်းစဉ်တပ် အင်တာဗျူးကို ကူးယူ ဖော်ပြပါတယ်။ ဓာတ်ပုံကိုတော့ ဂျူးစံသာရဲ့ဖေ့စ်ဘုတ် Cover Photo ကနေ ကူးယူပါတယ်။



 

 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved