ကျောင်းကုန်းမှာ လယ်သမားအရေးဆွေးနွေး၊ ဌာနဆိုင်ရာများရှောင်ပြေး

Tuesday, July 29, 2014

.




ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့မှာ မနေ့က လယ်သမားအရေးဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ရာမှာ တိုင်းဒေသကြီးလွှတ်တော်နဲ့ အစိုးရအဖွဲ့တက်ရောက်ခဲ့ပေမယ့် ကျောင်းကုန်းမြို့နယ်က ဌာနဆိုင်ရာ အများစုက တက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရပါတယ်။

 



“ကောင်းမွန်သောမြေယာစီမံခန့်ခွဲမှုစနစ်အား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးဆွေးနွေးပွဲ”   ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲကို တိုင်းဒေသကြီးအစိုးရကိုယ်စား လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး
ဦးစန်းမောင်တက်ရောက်သလို တိုင်းလွှတ်တော်ကိုယ်စား လွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာထိန်ဝင်း တက်ရောက်ခဲ့ပါတယ်။

ကျောင်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးအပါအဝင် မြို့နယ်ဌာနဆိုင်ရာတွေကို ဆွေးနွေးပွဲ တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် မြေစာရင်းနဲ့ စိုက်ပျိုးရေးဌာနတွေကလွဲလို့ ကျန်ဌာနဆိုင်ရာတာဝန်ရှိသူတွေ မတက်ရောက်ခဲ့တဲ့အတွက် လယ်သမားတွေရဲ့ လယ်သိမ်းခံရတဲ့ကိစ္စ၊ စိုက်ဘဏ်ချေးငွေကိစ္စ၊ ဆည်မြောင်းကိစ္စ၊ ငါးလုပ်ငန်းကိစ္စတွေမေးမြန်းရာမှာ ဖြေကြားမယ့်လူမရှိလို့ အခက်အခဲဖြစ်ခဲ့တယ်လို့ ပွဲစီစဉ်တဲ့အဖွဲ့တခုဖြစ်တဲ့ Green
Peasant Institute (GPI) အဖွဲ့က ဒုဥက္ကဋ္ဌ ဦးတင့်လွင်က ပြောပါတယ်။

 “ဒီဒေသက အရပ်ဖက်အဖွဲ့အစည်းတွေကနေတဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းတခုမကျန် ဖိတ်ကြားပေးဖို့ အကူအညီတောင်းပြီး ဖိတ်စာတွေပေးပို့ထားပါတယ်။
အရပ်ဖက်အဖွဲ့တွေရော၊ ဌာနဆိုင်ရာတွေရော စုံစုံလင်လင်တက်စေချင်လို့ ဖိတ်ပေမယ့် မလာကြဘူး။
အထူးသဖြင့် ထွေအုပ်၊ ဆည်မြောင်း၊ ငါးလုပ်ငန်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနတွေမလာတော့ သူတို့ဌာနနဲ့သက်ဆိုင်တဲ့မေးခွန်းတွေ မေးမြန်းရာမှာ ဖြေမယ့်လူမရှိလို့ အခက်အခဲဖြစ်ခဲ့ရတယ်”လို့ သူက ပြောပါတယ်။

 ဒါဟာ မြန်မာပြည်ရဲ့စပါးကျီ ဧရာဝတီတိုင်းအတွင်းက ကျောင်းကုန်းမြို့မှာ ပထမဆုံးပြုလုပ်ခဲ့တဲ့ လယ်သမားအရေးဆွေးနွေးပွဲပါ။

လယ်သမားအရေးပြဿနာတွေဟာ အောက်ခြေအဆင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေအဓိကကိုင်တွယ်ဖြေရှင်းနေရတဲ့အတွက် ဆွေးနွေးပွဲကို သူတို့ တက်ရောက်လာခဲ့ရင် လယ်သမားတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံအဖြေရှာနိုင်ဖို့ ပွဲစီစဉ်သူတွေက မျှော်လင့်ခဲ့ကြပါတယ်။

 ဒါ့အပြင် ဆွေးနွေးပွဲကနေပြီး မြို့နယ်နဲ့ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ လယ်ယာမြေဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ နားလည်သွားတဲ့အခါ လယ်သမားတွေရဲ့လယ်ယာမြေပြဿနာတွေကို ဖြေရှင်းပေးရာမှာ မှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်ဖို့ ပွဲစီစဉ်သူတွေ မျှော်လင့်ခဲ့ကြတာပါ။

 ဒါပေမယ့် လက်တွေ့မှာ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေရော မြို့နယ်အဆင့် ဌာနဆိုင်ရာတွေပါ ဆွေးနွေးပွဲတက်ရောက်မလာတဲ့အတွက် တိုင်းအစိုးရ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးစန်းမောင်နဲ့ မြေစာရင်းဌာနကပဲ လယ်သမားတွေမေးသမျှကို ဒိုင်ခံဖြေကြားပေးတာ တွေ့ရပါတယ်။

 “ဧရာဝတီတိုင်းဒေသကြီးအစိုးရကိုယ်တိုင် ဒီဆွေးနွေးပွဲကို တကူးတကလာရောက်ခဲ့ပေမယ့် ကျောင်းကုန်းမြို့နယ်က ဌာနဆိုင်ရာတွေအများစုက မတက်ကြတော့ သူတို့တွေက လယ်သမားတွေရဲ့ ပြဿနာတွေကို ရင်မဆိုင်ရဲလို့ ရှောင်ပြေးနေတာလားဆိုပြီး လယ်သမားတွေက ထင်ကုန်ကြတယ်။
လာရောက် ရှင်းလင်းပြောပြတဲ့ဌာနဆိုင်ရာတွေကို ယုံကြည်မှုရှိလာပြီး လာရောက်မဖြေရှင်းဘဲ ရှောင်ပြေးနေတဲ့ ဌာနဆိုင်ရာတွေအပေါ်မှာ လယ်သမားတွေက ယုံကြည်မှုမရှိတော့ဘူးဖြစ်ကုန်တာပေါ့”လို့ GPI အဖွဲ့ ဒုဥက္ကဋ္ဌ ဦးတင့်လွင်က ပြောပါတယ်။

 Green Peace Institute (GPI) အဖွဲ့၊ Land Core Group နဲ့ ဧရာဝတီလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်တဲ့ ဒီလယ်သမားအရေးဆွေးနွေးပွဲကို ကျောင်းကုန်းမြို့နယ်က ကျေးရွာပေါင်း ၆၈ ရွာက လယ်သမားကိုယ်စားလှယ် ၁၇၆ ဦး တက်ရောက်ခဲ့ပြီး လယ်ယာမြေသိမ်းယူမှုကိစ္စ၊ မြေယာမှုခင်းကိစ္စ၊ လယ်ယာမြေတွေပြန်မရသေးတဲ့ကိစ္စတွေ မေးမြန်းဆွေးနွေးခဲ့သလို M Law အဖွဲ့က ဥပဒေပညာရှင် ဒေါ်သန်းသန်းအေးကလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

 ဒီဆွေးနွေးပွဲကျင်းပဖို့ ကျောင်းကုန်းမြို့ မြို့တော်ခန်းမအသုံးပြုခွင့်ရဖို့ကိုတောင် မြို့နယ်အာဏာပိုင်တွေဆီက ခက်ခက်ခဲခဲတောင်းခဲ့ရတယ်၊
ဆွေးနွေးပွဲမစတင်မီ နာရီ ၂ဝ လောက်အလိုကျမှပဲ ခန်းမ အသုံးပြုခွင့်ရခဲ့လို့ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အလျင်အမြန် လုပ်ခဲ့ရတယ်လို့ ပွဲစီစဉ်သူတွေက ပြောပြပါတယ်။

 လယ်သမားဦးရေ တသိန်းနီးပါး နေထိုင်ကြတဲ့ကျောင်းကုန်းမြို့မှာ လယ်သမားအရေးဆွေးနွေးပွဲလုပ်ဖို့ကို အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်ခြင်းမရှိတဲ့အပေါ်မှာ စိတ်ပျက်ရတယ်လို့ ပွဲဖြစ်မြောက်ရေးစီစဉ်ခဲ့ကြတဲ့ NGO အဖွဲ့တွေက ဆိုပါတယ်။

 ဆွေးနွေးပွဲမှာတော့ လွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာထိန်ဝင်းက ဒီမိုကရေစီအပြောင်းအလဲမှာ အထက်ပိုင်းက ပြောင်းပေမယ့် အောက်ခြေမှာပြောင်းလဲမှုမရှိသေးတဲ့အကြောင်း
ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

 “အသွင်ကူးပြောင်းရေးမှာ အပေါ်ကပြောင်းလဲပြီး အောက်ခြေက မပြောင်းလဲသေးဘူးလို့ ပြောနေကြတယ်။
 ရှင်းရှင်းပြောရရင် မရွေ့သေးဘူး။ ရွေ့ဖို့ တွန်းရဦးမှာပါ။ ဒီစားပွဲနဲ့ ဟိုစားပွဲ ၁ ပေကွာ ၁ ပတ်ကြာတယ်။ ရုံးဖုန်းခေါ်ရင် ဖုန်းမကိုင်။
ရုံးသွားရင် ဟိုနေ့ချိန်း ဒီနေ့ချိန်း၊ ဟိုဘက်ဘော်လီဘောပုတ်၊ ဒီဘက် ဘော်လီဘောပုတ်။ ဒါတွေရှိနေပါသေးတယ်လို့ ရိုးသားစွာဝန်ခံပါတယ်။
ဒါတွေပြောင်းလဲနိုင်ဖို့ ကြိုးပမ်းရဦးမှာပါ”

သူက ဆက်ပြီး... “ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance) ဖြစ်ဖို့ အခြေခံအကျဆုံးက ကောင်းမွန်သောအုပ်ချပ်ရေး အဖွဲ့အစည်းများရဲ့ဝန်ဆောင်မှု အရေးကြီးပါတယ်။
အရေးအကြီးဆုံးက ဌာနဆိုင်ရာတွေအနေနဲ့ ပြည်သူကို ဝန်ဆောင်မှု ပေးဖို့လိုပါတယ်” လို့   ပြောပါတယ်။

 ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးစန်းမောင်ကတော့ ဌာနဆိုင်ရာတွေအနေနဲ့ ပြည်သူတွေ မသိတဲ့ကိစ္စတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးဖို့ လိုအပ်ကြောင်းနဲ့ ပြည်သူကို ဦးထိပ်ထားဖို့ လိုအပ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

 ဒါ့အပြင် တိုင်းအစိုးရအနေနဲ့ လယ်သမားတွေနဲ့ပတ်သက်လို့ အခုလိုအသိပညာပေး ဆွေးနွေးရတဲ့ပွဲမျိုး ပြုလုပ်ချင်ပေမယ့် ငွေကြေး မတတ်နိုင်လို့ မလုပ်နိုင်ကြောင်းနဲ့
လူထုအခြေပြုအဖွဲ့တွေ (CSO တွေ) နဲ့ ကူညီရေးအဖွဲ့တွေ (NGO တွေ) ကို ပွဲဖြစ်မြောက်အောင်စီစဉ်ပေးတဲ့ အတွက် ကျေးဇူးတင်စကား ပြောဆိုသွားခဲ့ပါတယ်။

 “ဒီလိုပွဲမျိုးဖြစ်အောင် ကျနော်တို့လုပ်ချင်တယ်။ ငွေကြေးအတိုင်းအတာကြောင့် ကျနော်တို့ မလုပ်နိုင်ဘူး။
အခုလို CSO နဲ့ NGO အဖွဲ့တွေနဲ့ ပူးပေါင်းလိုက်တော့မှ  ဒီလိုပွဲမျိုးလုပ်လို့ရတယ်။ ပွဲဖြစ်အောင် ဝိုင်းဝန်း စီစဉ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။
 နောင်ကိုလည်း ဒီလိုပွဲမျိုးတွေ ဧရာဝတီတိုင်းထဲကရှိတဲ့ မြို့နယ် ၂၆ မြို့နယ်စလုံးမှာ  ဖြစ်အောင်ကြိုးပမ်းပေးဖို့ ပြောလိုပါတယ်”လို့ ဝန်ကြီးက ပြောသွားပါတယ်။


  • ဆလိုင်းသန့်စင် 


လယ်ယာမြေကိစ္စများ ရှင်းလင်းနေသည့် စိုက်/မွေးဝန်ကြီး ဦးစန်းမောင်

လယ်သမားများကို ရှင်းလင်းပြောကြားနေသည့် တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာထိန်ဝင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved