ရုန်းရင်းဆန်ခတ်မှုအပြီး မန္တလေးမှာလုံခြုံရေးတင်းကြပ်

Wednesday, July 2, 2014

 ~





လူသုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတဲ့ အင်္ဂါညလုံးပေါက် ရုန်းရင်းဆန်ခတ်မှုကြီးအပြီး မန္တလေးမှာ ရဲလုံခြုံရေးအဖွဲ့ဝင် တထောင်ကျော်ချထားပါတယ်။


ဒဏ်ရာရသူတွေထဲမှာ ရဲတဦး ပါဝင်ပါတယ်။

 ရုန်းရင်းဆန်ခတ်မှုရဲ့ဗဟိုချက်မဖြစ်တဲ့ ၂၆ လမ်းတလျှောက်မှာတော့ ကျုံးထောင့်ကနေ ဈေးချိုအထိ သံဆူးကြိုးအကာအရံတွေ ချထားတာ တွေ့ရမှာပါ။

မနေ့ညက ဖြစ်ရပ်အတွင်း လူစုခွဲဖို့၊  ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ လူအုပ်ကြီးကို သွားရောက်နားချတဲ့ထဲမှာ ဂဠုန်နီဆရာတော် နဲ့ ဒေသခံ  သံဃာ အများအပြား ပါဝင်ပါတယ်။ သို့သော်လည်း သူတို့ရဲ့နားချမှု မအောင်မြင်ခဲ့ပါ။

အစွမ်းကုန် ကြိုးစား ဖြောင်းဖြခဲ့ပေမယ့် နားမထောင်ကြဘူး၊ တချို့က မူးနေကြတယ်၊ ထိန်းရခက်တယ်၊ မန္တလေးကို လူမျိုးရေး ဘာသာရေး ပဋိပက္ခကြောင့် မီးလောင်ပြာကျတာမျိုး အဖြစ်မခံနိုင်ဘူး လို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်မှာ ဆရာတော်က သတင်းထောက်တွေကို မိန့်ပါတယ်။

မနေ့က ၈၆ နဲ့ ၈၁ လမ်းကြား ၂၆ လမ်းတလျှောက် ဒေါသထွက်နေတဲ့သူအများအပြား တုတ်တွေ၊ ခဲတွေ ကိုင်ပြီး လျှောက်သွားနေကြတာပါ။ အဲဒီနေရာဟာ  မူဆလင်အများအပြားနေထိုင်တဲ့နေရာပါ။

နှစ်ဘက် တိုက်ခိုက်မှုမှာ လေးခွ၊ ခဲ၊ အုတ်ခဲကျိုးတွေသုံးကြတာပါ။  အနီးအနားက မော်တော်ယာဉ်တွေ ဖျက်ဆီးခံရပါတယ်။
ဖြစ်စဉ်ကိုဓာတ်ပုံရိုက်တဲ့ သတင်းထောက်၊ သံဃာတွေ  တားမြစ်ခံရပါတယ်။ တချို့ဆိုရင် ကင်မရာထဲက မယ်မိုရီကတ်တွေ သိမ်းခံရတာပါ။
မနက် ၃ နာရီ ဝန်းကျင်မှာတော့ ရဲတွေ ထပ်ရောက်လာပါတယ်။ လူအုပ်လည်း နောက်ဆုတ်သွားပါတယ်။
ဒီမနက်တော့ ၂၆ လမ်းတလျှောက် ခဲတွေ အုတ်ခဲကျိုးတွေ အများအပြား ပြန့်ကြဲနေတာ တွေ့ရမှာပါ။

ဒါကတော့ ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာမှာ ဇာနည်မာန် ရေးသားတဲ့ Security Tight in Mandalay after Outbreak of Communal Violence သတင်းထဲက ကောက်နုတ်ပြီး ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြခြင်းပါ။
အပြည့်အစုံကို http://www.irrawaddy.org/burma/multimedia-burma/security-tight-mandalay-outbreak-communal-violence.html မှာ ဖတ်နိုင်ပါတယ်။

မနေ့ညက ဖြစ်ရပ်ရဲ့ မြင်ကွင်း တချို့ကိုတော့ http://blog.irrawaddy.org/2014/07/blog-post_1554.html မှာ ကြည့်နိုင်ပါတယ်။


 



.

1 comments :

  1. Anonymous said... :

    လာပြန်ပီ ဒေါသထွက်နေတဲ့လူအုပ်ကြီး။ ဥပဒေကို မလေးစား မလိုက်နာ နိုင်မယ်ထင်မှ သောင်းကျန်းရဲတဲ့ သာကီဝင်တွေ အရိုင်းစိုင်းတွေ။ ဗိုလ်ချုပ်ပြောတဲ့ လူညံ လူကြောက် သတ္တိကြောင်တဲ့ လူမျိုးဖြစ်လာပီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved