အာဇာနည်နေ့အစီအစဉ်တွေကို ပြည်မြို့မှာလည်း တားပါပြီ

Friday, July 18, 2014

 ~

 
        ပြည်မြို့မှာ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့လယ်က ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ် အပါအ၀င် တခြားအထိမ်းအမှတ်နေရာတွေမှာ လွမ်းသူ့ပန်းခွေချ ပန်းခြင်းချဖို့၊ စီတန်းလှည့်လည်ဖို့  ပြင်ဆင်နေသူတွေ ရှိပါတယ်။
 
.

 .
ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ် (ဓာတ်ပုံ - ကောင်းမြတ်မင်း / ဧရာဝတီ)

ပြင်ဆင်မှုတွေ ရှိနေပေမယ့်   ဒီလို အစီအစဉ်တွေ ပြုလုပ်မယ်ဆိုရင် “တည်ဆဲဥပဒေတွေအရ” အရေးယူမယ်လို့  မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ(၁၇)ရက်နေ့ ညနေပိုင်းက အရေးပေါ်အမိန့်ထုတ် တားမြစ်လိုက်ပါတယ်။

တခြားမြို့ကြီးတချို့မှာလည်း ဒီလိုတားမြစ်တဲ့သတင်း ဒီရက်ပိုင်းအတွင်း တက်လာပြီးနောက်ပိုင်း ပြည်မြို့မှာ ဒီအမိန့် ထွက်လာခြင်းပါ။

ပဲခူးတိုင်း        ပြည်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်က “ဒေသန္တရအမိန့်ဆိုတော့ တားမြစ်ချက်ပါ။
ကျနော်တို့ ရပ်ကွက်ရုံးတွေကတဆင့် အများပြည်သူ သိအောင်ဖြန့်ဝေထားပြီးပါပြီ။ စာထဲမှာလည်း ပါပါတယ်။ တားမြစ်ချက်တွေကို ဖောက်ဖျက်တဲ့သူတွေကို တည်ဆဲဥပဒေတွေအရ အရေးယူသွားမှာပါ” လို့ ရှင်းပြပါတယ်။

အဲဒီလိုအမိန့်မျိုး မနှစ်က အာဇာနည်နေ့မတိုင်ခင်မှာလည်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ်အမိန့် ထုတ်ပြန်တားမြစ်ခဲ့ပါတယ်။

သို့သော်လည်း ထောင်နှင့်ချီတဲ့ မြို့ခံလူထုက ပန်းများကိုအလှဆင် ဂါရဝပြုခဲ့ပါတယ်။

ဒါ့အပြင် အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့ ကဗျာရွတ်ဖတ်ခဲ့ကြသလို ၀မ်းနည်းခြင်း အထိန်းအမှတ်အနေနဲ့ တမိနစ်ငြိမ်သက်ခြင်းလိုမျိုး အမှတ်တရ အစီအစဉ်တွေ ပြုလုပ်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့နှစ်ကတော့ ဗိုလ်ချုပ်မြင်းစီးရုပ်မှာ ပန်းခွေချခြင်း၊ စီတန်းလှည့်လည်ခြင်းတွေလုပ်ရင် ဥပဒေအရအရေးယူခံရမယ်လို့ အမိန့်ထုတ်ပြန်ထားတဲ့အတိုင်း ပန်းခွေချခဲ့တဲ့ ကိုသိန်းမင်းထွန်းကို ပုဒ်မ(၁၈၈)နဲ့  အရေးယူခဲ့ပါတယ်။

ယခုနှစ်မှာလည်း သူကတော့ တရားစွဲဆိုခံပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုသွားမှာဖြစ်ကြောင်း ကိုသိန်းမင်းထွန်းက  ပြောပါတယ်။

“သူတို့က အမိန့်တွေပဲ ထုတ်ထုတ်၊ တားမြစ်ချက်တွေပဲ ထုတ်ထုတ် ကျနော်တို့ကတော့ အစဉ်အလာအတိုင်းပဲ ဆက်လုပ်သွားမယ်။ တရားစွဲမယ်ဆိုလည်း စွဲ။
အာဇာနည်မှာအာဇာနည်ကြီးတွေကို ဂုဏ်ပြုတာသူတို့ကို အာဏာဖီဆန်တာမဟုတ်ဘူး။
ဘယ်သူ့အကျိုးစီးပွားမှ မထိခိုက်ဘူး”

မနက်ဖြန်မှာ ကျရောက်မဲ့ (၆၇) ကြိမ်မြောက် အာဇာနည်နေ့မှာတော့ ပြည်မြို့နယ်အတွင်းက နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊
ပြည်မြို့ နည်းပညာတက္ကသိုလ်က ကျောင်းသားတွေနဲ့ အခြားတက်ကြွလှုပ်ရှားသူတွေကတော့ အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုအောက်မေ့တဲ့ အနေနဲ့ လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းနဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ မြို့တွင်းလှည့်လည်မှာဖြစ်ပါတယ်။

တချို့နေအိမ်များတွေမှာလည်း ဆွမ်းကပ်လှူဒါန်းခြင်းတွေ ပြုလုပ်ပြီး ဗိုလ်ချုပ်ရုပ်ထု ရှိရာကို   ချီတက်ဂုဏ်ပြုမှာဖြစ်ကြောင်း သိရပါတယ်။

တချို့တက်ကြွလှုပ်ရှားသူတွေကလည်း တာဝန်ရှိသူတွေက ၀မ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲ ပေးမှာ မဟုတ်တဲ့အတွက် ကားဟွန်းတွေတီးပြီး ဂုဏ်ပြုပေးဖို့ လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေကြပါတယ်။

 ပြည်မြို့မှာ အာဇာနည်များတွေနဲ့ ပတ်သက်ပြီး အထိမ်းအမှတ် အဆောက်အအုံတွေ ကျောက်တိုင်တွေ မရှိတဲ့အတွက် မဆလအစိုးရ လက်ထက်ကတည်းက ကျင်းပပြုလုပ်နေကြဖြစ်တဲ့ ပြည်မြို့လယ်ခေါင်က ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထုမှာ  ပြုလုပ်ခဲ့တဲ့အစဉ်အလာရှိကြောင်း ဝါရင့်နိုင်ငံရေးသမားတွေက ဆိုပါတယ်။

အဲဒီ အစဉ်အလာဟာ နဝတ၊ နအဖ အစိုးရလက်ထက်မှာ ပျောက်ကွယ်ခဲ့ရပြီး၊ စည်းကမ်းရှိတဲ့ဒီမိုကရေစီဖော်ဆောင်မယ်ဆိုပြီး တက်လာတဲ့ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာလဲ ဆက်လက် ပျောက်ကွယ်နေပါတယ်။

ကျဆုံးသွားတဲ့ အာဇာနည်တို့ကို ခါတိုင်းလို အလေးပြုတဲ့ အစီအစဉ်တွေ တရားဝင်ပြန်လည် ကျင့်သုံးခွင့် ရရှိစေရေး ဆိုတာဟာ  ပြည်မြို့ပေါ်က နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူလူထုမှာ တာဝန်ရှိကြောင်း လှုပ်ရှားတက်ကြွသူတဦးဖြစ်တဲ့ ကိုကျော်ဆွေကပြောပါတယ်။

ကောင်းမြတ်မင်း

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved