တက္ကသိုလ်ကျောင်းသားငါးရာကျော်အတွက် ပြုလုပ်တဲ့ ပုသိမ်မြို့ကဇာတ်ပွဲ

Tuesday, July 29, 2014





 .




ဧရာဝတီတိုင်းဒေသကြီး ပညာရေးဖောင်ဒေးရှင်းရန်ပုံငွေအတွက် ပုသိမ်မြို့ မြို့တော်ခန်းမမှာ အနုပညာ ဖျော်ဖြေပွဲကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ နာမည်ကြီးဇာတ်သဘင်တွေဖြစ်တဲ့ ရွှေမန်းချမ်းသာ ဇာတ်အဖွဲ့နဲ့ မိုးဝင်းဇာတ်အဖွဲ့တွေ ပူးပေါင်းဖျော်ဖြေခဲ့ကြပါတယ်။

 


ဒီလို ပညာရေးဖောင်ဒေးရှင်းရန်ပုံငွေပွဲကျင်းပဖို့ ဘာကြောင့်လိုအပ်တာပါလဲ။

ဧရာဝတီတိုင်းဒေသကြီးက ပညာတော်သော်လည်း ငွေကြေးချို့တဲ့လို့ တက္ကသိုလ်ပညာ ဆည်းပူးဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသားကျောင်းသူတွေကို ဦးတင်မောင်ပညာတော်သင်ဆုနဲ့ ပညာပါရမီ ဧရာဝတီ ပညာတော်သင်ဆုတွေနဲ့ ပညာသင်ထောက်ပံ့ကြေးတွေ ပေးအပ်လျှက်ရှိကြောင်း သိရပါတယ်။

ဒီပညာတော်သင်ဆု ၂ ခုကနေ တက္ကသိုလ်ပညာဆည်းပူးနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၅ဝဝ ကျော်ကို ၁ဝ စုနှစ်တခုကျော်အကြာ ထောက်ပံ့ပေးနေခဲ့ရာကနေ အခုအချိန်မှာတော့ ပညာတော်သင်ဆုလျှောက်ထားသူ ကျောင်းသားကျောင်းသူတွေ ပိုမိုများပြားလာပြီး ပညာတော်သင်ဆု ရန်ပုံငွေကြေးကလည်း ပေးအပ်ဖို့မလောက်ငှတော့တဲ့အတွက် အခုလို ပညာရေးဖောင်ဒေးရှင်းရန်ပုံငွေပွဲ ကျင်းပရတာဖြစ်တယ်လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဒေါ်ခင်စောမူက ဧရာဝတီကို ပြောပါတယ်။

"ပညာတော်ပြီး ကျောင်းဆက်တက်ဖို့ ငွေကြေးမတတ်နိုင်တဲ့ကလေးတွေကို ပညာတော်သင်ဆု ၂ ခုကနေ ထောက်ပံ့ပေးနေခဲ့တာ ကြာပါပြီ။
 ထောက်ပံ့တာတော့ တက္ကသိုလ်ပညာ သင်ယူတဲ့ ကလေးတွေပေါ့။ ဆေးတက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်အင်ဂျင်နီယာကနေအစ ပုသိမ်က ပညာရေးကောလိပ်အထိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၅ဝဝ ကျော်ကို ထောက်ပံ့ပေးထားပါတယ်"

"အခုကျတော့ လျှောက်ထားလာတဲ့ ကျောင်းသားအရေအတွက်လည်း များလာတယ်။
 ပညာတော်သင်ဆုပေးဖို့ ငွေကြေးကလည်း တဖြည်းဖြည်းလျှော့နည်းလာတဲ့အခြေအနေမှာ ဒီလို ပညာရေးရန်ပုံငွေပွဲ စီစဉ်ဖြစ်တာပါ။
ဒီပွဲကရလာတဲ့ငွေကြေးတွေကို မူလရှိပြီးသား ပညာတော်သင်ဆု ၂ ခုကို ပြန်ပြီးအားဖြည့်မလား၊
ဒါမှမဟုတ် ပညာတော်သင်ဆုတခုအသစ် တည်ထောင်မလားဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။
ဒါပေမယ့် ရသမျှငွေကြေးအားလုံး ဧရာဝတီတိုင်းက ကျောင်းသားတွေအတွက် အသုံးပြုမှာပါ"လို့ ဝန်ကြီးဒေါ်ခင်စောမူက ပြောပါတယ်။

ပုသိမ်က ဒီအနုပညာဖျော်ဖြေပွဲကို ချမ်းသာ၊ တင်မောင်ဆန်းမင်းဝင်း၊ နန်းခင်မွှေး၊ ဇံဟိန်း၊ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း၊ မေတင်မောင်ဆန်းဝင်းတို့နဲ့အတူ ရုပ်ရှင်သရုပ်ဆောင် မင်းသွေးနဲ့ ဝါဆိုမိုးဦးတို့ လာရောက်ဖျော်ဖြေခဲ့ပါတယ်။

ပုသိမ်မြို့တော်ခန်းမမှာ ဒီကနေ့ည ၈ နာရီက စတင်ကျင်းပတဲ့ ပညာရေးရန်ပုံငွေဖျော်ဖြေပွဲကို ပုသိမ်မြို့သူ၊ မြို့သားအများအပြား လာရောက်အားပေးကြပါတယ်။
လက်မှတ်တွေကတော့ တစောင်ကို ၅,ဝဝဝ၊ ၇,ဝဝဝ နဲ့ ၁ဝ,ဝဝဝ ကျပ်စသဖြင့် အသီးသီးသတ်မှတ်ထားပါတယ်။

ဇာတ်ပွဲဝါသနာပါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပွဲဝင်မကြည့်နိုင်သူတွေအတွက်လည်း မြို့တော်ခန်းမရှေ့က LCD TV ကြီးမှာ အခမဲ့တိုက်ရိုက်ပြသပေးနေတာ တွေ့ရပါတယ်။
 မြို့တော်ခန်းမထဲ ဝင်မကြည့်လိုသူတွေကတော့ ခန်းမအပြင်ဘက်က တိုက်ရိုက်ပြသမှုအစီအစဉ်ကို ဝိုင်းအုံကြည့်ရှုနေတာ တွေ့ရပါတယ်။

 


ရွှေမန်းဇာတ်အဖွဲ့ခေါင်းဆောင်မင်းသား ချမ်းသာကတော့ .... အခုလို ပညာရေးဖောင်ဒေးရှင်းရန်ပုံငွေပွဲအတွက်
သူတို့တတ်ကျွမ်းတဲအနုပညာနဲ့ ပါဝင်ဖျော်ဖြေရတာ ဝမ်းသာတယ်လို့ ရွှေမန်းဦးတင်မောင်ရဲ့ အောင်ပါစေ သီချင်းဆိုရင် စတိတ်စင်ပေါ်ကနေ ပရိသတ်တွေကို ပြောပါတယ်။

ဒီပွဲကိုတော့ ဧရာဝတီတိုင်းအစိုးရဝန်ကြီးချုပ် ဦးသိန်းအောင်ကိုယ်တိုင် မြို့တော်ခန်းမ အပေါ်ထပ်ပွဲကြည့်စင်ကနေ လာရောက်အားပေးကြည့်ရှုတာ တွေ့ရပါတယ်။

ဒီပညာရေးဖောင်ဒေးရှင်းရန်ပုံငွေပွဲက ရရှိလာတဲ့ ငွေကြေးတွေဟာ ဧရာဝတီတိုင်းသား တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးခရီးလမ်းအတွက်
အထောက်အပံ့ဖြစ်သွားခဲ့ရင် ပွဲစီစဉ်သူတွေရော လာရောက်ကပြပေးသူတွေရော ကြည့်ရှုအားပေးတဲ့ ပုသိမ်မြို့သူ၊ မြို့သားတွေရော ကျေနပ်ဝမ်းသာကြလိမ့်မယ်လို့ ယူဆပါတယ်။

ဆလိုင်းသန့်စင်  



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved