သတင်းစာ ၂ စောင် သတင်းမှားရေးတဲ့အကြောင်းရှင်းလင်းပွဲလုပ်

Tuesday, July 29, 2014

 ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့်ရတနာပုံနေ့စဉ်သတင်းစာတို့တွင် ထည့်သွင်းဖော်ပြခဲ့သော သတင်း သည် မှားယွင်းနေပြီး ကျောင်း၏ ဂုဏ်သိက္ခာ ထိခိုက်နစ်နာရသည့်ကိစ္စနှင့် စပ်လျဉ်း၍ မုံရွာနည်းပညာ တက္ကသိုလ်တွင် ယမန်နေ့က သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြုလုပ်ခဲ့သည်။ 

သတင်းမှားဖော်ပြထားသည်ဆိုသည့် သတင်းစာ တစောင်

"ကျနော်တို့ ကျောင်းသူလေးတွေဟာ ထန်းရည်မူးပြီးဆိုင်ကယ်မောင်းတယ်လို့ ရေးသားထားတော့ ၊ ယာဉ်တိုက်မှုကြောင့် ကွယ်လွန်ခဲ့ရတဲ့ ကျောင်းသူလေးတွေရဲ့ ဂုဏ်သိက္ခာ ၊ နည်းပညာတက္ကသိုလ် က ကျောင်းသားကျောင်းသူတွေရဲ့ ဂုဏ်သိက္ခာ ၊ ဆရာဆရာမတွေရဲ့ဂုဏ်သိက္ခာ နောက်ဆုံးနည်းပညာ ၀န်ကြီးဌာနရဲ့ဂုဏ်သိက္ခာတွေ ထိခိုက်ခဲ့ရတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲလုပ်ပြီး အဖြစ်မှန်ကို ရှင်းလင်းပေးရခြင်းဖြစ်ပါတယ်"ဟု မုံရွာနည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဝဏ္ဏဆွေက ပြောသည်။ 

မျိုးဝင်းထွန်း(မုံရွာ) ကလောင်အမည်ဖြင့် ရေးသားပြီး ပြည်ထောင်စုနေ့စဉ်သတင်းစာက ဇူလိုင်(၁၂)ရက်
နေ့စွဲဖြင့် ဖော်ပြခဲ့သော "စည်းကမ်းမဲ့ဆိုင်ကယ်စီးနင်းပြစ်မှုကျူးလွန်သူများပြားလာ"ဆိုသည့် သတင်းတွင် ဆိုင်ကယ်စီးနင်းသူသည် မူးယစ်သေစာများသောက်သုံးပြီး စီးနင်းခဲ့ခြင်းကြောင့် သေဆုံးခဲ့ရခြင်း
ဖြစ်ကြောင်း ချောင်းဦးမြို့မရဲစခန်းရဲအရာရှိထံမှ သိရသည်ဟု ရေးသားထားသည်။ 

"ကွယ်လွန်သွားတဲ့ကျောင်းသူနှစ်ယောက်က ပထမနှစ်ကျောင်းသူလေးတွေပါ။ မူးယစ်သောက်စား ထားခြင်းမရှိပါဘူး။ ကျနော်တို့မှာ ခိုင်လုံတဲ့ စစ်ချက်တွေ၊ အထောက်အထားသက်သတွေ ရှိပါတယ်။ ဒီပွဲမှာလည်း တင်ပြပြီးပါပြီ။ ဒါ့ကြောင့်အခုလိုမှားယွင်းတဲ့အရေးအသားကို လက်သင့်မခံနိုင်တဲ့အတွက် ကျနော်တို့ ပြန်ရှင်းတာပါ။"ဟု မုံရွာနည်းပညာတက္ကသိုလ် (တကသ-ဥက္ကဌ)ကိုဇင်မင်းထက်က ပြောသည်။ 

အလားတူသတင်းကိုပင် ရတနာပုံနေ့စဉ်သတင်းစာက ဇူလိုင်(၁၁)ရက်နေ့စွဲဖြင့် ရေးသားသူအမည် မဖော်ဘဲ (ကုဒ်နံပါတ်-၁၄၅) ဖြင့် ဖော်ပြခဲ့ပြီး အမျိုးသမီးဖြစ်နေသော်လည်း မူးယစ်သောက်သုံးပြီး ဆိုင်ကယ်စီးနင်းခဲ့ကြောင်း ၊ ဆိုင်ကယ်ကို တိုက်ခဲ့သည့် လိုင်းကားယာဉ်မောင်းမှာ မူးယစ်သောက်စား ထားခြင်း မရှိသော်လည်း ယာဉ်တိုက်မှုကြောင့် အခင်းဖြစ်ပေါ်ခဲ့ရကြောင်း ရေးသားထားသည်။ 

ထိုကဲ့သို့ သတင်းနှစ်ခု ဆင်တူနေခြင်းကြောင့် ရေးသားသူတစ်ဦးတည်းပင်ဖြစ်မည်ဟု မုံရွာမြို့ခံများ
နှင့် ကျောင်းသားကျောင်းသူများက မှတ်ယူထားကြသည်။ 

"ကျောင်းသူလေးတွေက ထန်းရည်မူးယစ်သောက်စားထားတယ်လို့ ရေးတယ်။ တဖက်က လိုင်းကားယာဉ်
မောင်း သူကတော့ အရက်သောက်စားထားခြင်းမရှိဘူးလို့ ရေးတယ်။ နှစ်ခုစလုံးအတွက် ဘယ်မလဲ သက်သေ။ အဲဒီလိုသက်သေမပြနိုင်ဘဲ တဖက်က မှန်တယ် ၊ တဖက်ကမှားတယ်ဆိုတဲ့ ပုံစံမျိုး စကားဦး သန်းရေးသားမှုမျိုးဟာ တရားရုံးရဲ့ စီရင်ချက်ကို လွဲမှားစေနိုင်တဲ့အတွက် ကွယ်လွန်သွားရသူတွေ ၊ ထိခိုက်ခံစားနေရသူတွေအတွက် အရမ်းနစ်နာစေနိုင်တယ်"ဟု မုံရွာမြို့မှ ရှေ့နေ ဦးလှဦးက သုံးသပ်ပြောဆိုသည်။ 

ထိုကဲ့သို့ သတင်းမှားယွင်းရေးသားဖော်ပြမှုကြောင့် မျိုးဝင်းထွန်း(မုံရွာ)အား ယာဉ်တိုက်မှုကြောင့် ကွယ်လွန် ခဲ့ ရသည့် ကျောင်းသူ၏ မိဘများက အသေရေဖျက်မှုဖြင့် ချောင်းဦးမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ သည်။ 

သတင်းမှားယွင်းဖော်ပြခဲ့သော မျိုးဝင်းထွန်း(မုံရွာ)က သတင်းဖော်ပြခဲ့သည့် သတင်းစာများတွင် 
တောင်းပန်စာများထည့်သွင်းပေးခဲ့ရသည်။

 "သတင်းရေးတုန်းက မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသူတွေလို့ ဖော်ပြခဲ့ပြီး တောင်းပန်စာမှာတော့ မုံရွာနည်းပညာတက္ကသိုလ်လို့ ထည့်မထားဘူး။ နောက်ပြီး ဒီနေ့သတင်းစာရှင်းလင်းပွဲကိုလည်း ကာယကံရှင်
ဖြစ်တဲ့ သတင်းရေးသားသူက တက်မလာဘူး။ ဒီသတင်းဌာနတွေအနေနဲ့ တာဝန်ယူမှု ၊ တာဝန်ခံမှု ကင်းမဲ့တယ်"ဟု မုံရွာနည်းပညာတက္ကသိုလ်(တကသ-ဒုဥက္ကဌ) ကိုဘိုကြီးက ပြောသည်။ 

ထိုသတင်းအား ရေးသားခဲ့သူ မျိုးဝင်းထွန်း(မုံရွာ)အား ဧရာဝတီက ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ တစုံတရာမျှ ပြောဆိုလိုခြင်းမရှိဟု ပြောသည်။




 သတင်းစာ ရှင်းလင်းပွဲ မြင်ကွင်း၊ ဓာတ်ပုံ- မင်းနိုင်သူ




 မင်းနိုင်သူ~










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved