အချစ်စုန်း

Thursday, July 17, 2014

 ~



သီချင်း MTV တွေ၊ VCD တွေ ရိုက်ဖြစ်နေတဲ့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ဒါရိုက်တာအဖြစ် ပထမဦးဆုံး တာဝန်ယူ ရိုက်ကူးတဲ့ ဗီဒီယိုဇာတ်ကားကို အချစ်စုန်း လို့ အမည်ပေးပြီး ရွှေစင်ဦး ဗီဒီယို ထုတ်လုပ်ရေးအတွက် နေမင်း၊ ရွှေမှုံရတီတို့နဲ့ ရိုက်ကူးခဲ့ပါတယ်။
  


သရုပ်ဆောင် ရွှေမှုံရတီ (ဓာတ်ပုံ- နဒီထိုက်)
  . 
အချစ်စုန်း လို့ အမည်ပေးထားတဲ့ ဗီဒီယိုဇာတ်ကားကို ရိုက်ဖြစ်တာနဲ့ ပတ်သက်ပြီး ပွင့်သိင်္ဂီဇော်က
“ဒါ ပထမဦးဆုံး ဗီဒီယိုအနေနဲ့ ရိုက်ဖြစ်တဲ့ကားပါ။
ဒီကားကို ပထမဦးဆုံး စပြီး တည်တုန်းက ဖေကြီး (ကိုဇော်-အရုဏ်ဦး)နဲ့ ရိုက်ဖို့ပါ။
ဖေကြီးက မအားတဲ့အတွက် သမီးလည်း ရိုက်နိုင်တာပဲ ရိုက်လိုက်ပါ ဆိုတာနဲ့ ရိုက်ဖြစ်သွားတာပါ။ အားလုံးလည်း စီစဉ်ပြီးသား ဆိုတော့ အချိန်နည်းနည်းယူပြီး ရိုက်ဖြစ်သွားတာဖြစ်တယ်။ နဂိုကတည်းက ဖေကြီးရိုက်တဲ့ကားတွေကို အမြဲတမ်း ကားဆက်ပေးနေတာဖြစ်သလို ဖေကြီးရဲ့ ရိုက်ကွင်းတိုင်းကိုလည်း လိုက်ဖြစ်နေတာဖြစ်လို့ ဒါရိုက်တာပညာကိုတော့ အပြည့်အ၀ မဟုတ်တောင် တော်တော်လေး လေ့လာပြီးသားဖြစ်တယ်။
ပြီးတော့ MTV တွေ ရိုက်ကူးခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ရိုက်ဖြစ်သွားတာဖြစ်တယ်” လို့ ပွင့်သိင်္ဂီဇော်က ပြောပြခဲ့ပါတယ်။

အချစ်စုန်း လို့ အမည်ပေးရခြင်းနဲ့ ပတ်သက်ပြီး ပွင့်သိင်္ဂီဇော်က ဒီဇာတ်ကားမှာ ရွှေမှုံရတီက ကော်ဖီဆိုင်တစ်ဆိုင်မှာ Laptop သုံးနေရင်း သူ့ရဲ့ Laptop ပေါ်ကို လူတစ်ယောက်ရဲ့ကော်ဖီမှောက်ကျသွားတယ်။ အဲဒါကြောင့် ရွှေမှုံရတီက အော်လိုက်တဲ့အချိန်မှာ အဲဒီဆိုင်မှာ မီးလုံးတွေကွဲ စသဖြင့် အကုန်လုံးဖြစ်သွားတဲ့ အချိန်မှာ အဲဒီအဖြစ်အပျက်က အင်တာနက်ပေါ်ရောက်သွားတယ်။
အဲဒါကြောင့် ရွှေမှုံရတီက စုန်းမလို့ နာမည်ကြီးသွားတယ်။

နေမင်းနဲ့က ဘယ်လိုပတ်သက်လဲ ဆိုတော့ နေမင်းနဲ့ အစ်ကိုတစ်ယောက်ကို ရွှေမှုံရတီက လမ်းမှာ ကျိန်စာတိုက်သလို ကျိန်ဆဲလိုက်ရာက တကယ်ဖြစ်သွားတဲ့အတွက် ရွှေမှုံရတီကို နေမင်းက ကျောင်းထဲမှာ လိုက်ရှာတဲ့အခါ တကယ် တွေ့သွားပြီး ကြိုက်သွားတဲ့အခါမှာတော့ အားလုံးက ဒီကောင်မလေးက သူကျိန်ဆဲလိုက်ရင် တကယ်ဖြစ်တယ်၊ စုန်းမဖြစ်တဲ့အတွက် မိဘတွေကလည်း သဘောမတူဘူး၊ တကယ်တော့ ဒါက လျှို့ဝှက်ချက်တစ်ခုပဲဖြစ်တယ် လို့ အချစ်စုန်းနဲ့ ပတ်သက်ပြီး ပွင့်သိင်္ဂီဇော်က ပြောပြခဲ့ပါတယ်။

လင်းနိုင်ဦး

(ဒီသတင်းကို  အလင်းတန်းဂျာနယ် အမှတ် ၈၁၂
ကနေ ကူးယူ ဖော်ပြပါတယ်)
 



.

1 comments :

  1. susan said... :

    အရေမရ အဖတ်မရဇာတ်ကား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved