~
.
ပညာရေးဝန်ကြီးတွေက
တယောက်ပြီးတယောက်
ပြောင်းလဲသွားကြပါတယ်။
ပညာရေးစနစ်ကတော့ ဘာ့မှ
မပြောင်းလဲသေးပါဘူး။
ပြည်ထောင်စု
ဝန်ကြီးများက မြို့နယ်အနှံ့တိုင်းအနှံ့မှာ
ဒဿမတန်းအောင်ချက်ကောင်း
တဲ့ ကျောင်းတွေ၊
ဂုဏ်ထူးများများရတဲ့ကလေးတွေကို
ဂုဏ်ပြုလက်မှတ်တွေ ဆုတံဆိပ်တွေ
လိုက်ပေးနေတာ TV
မှာ သတင်းစာမှာ
မပြတ်တွေ့နေရပါတယ်။ ဒီလောက်
မှားယွင်းပျက်စီးနေတဲ့
ပညာရေးစနစ်ကြီးကို တမင်
သက်သက် လိုက်လံအသိအမှတ်ပြု
ထောက်ခံ ကျားကန်ပေးနေသလို
ထင်လာမိပါတယ်။
ဒီကလေးတွေ
ဘာပညာတွေများ တတ်ကုန်ပါပြီလဲ?
တကဲ့ပညာရေးဆိုတာ
ဘာပါလဲ?
ဒီကလေးတွေ
ခမျာမှာ လူ့ဘဝရဲ့ အလှပဆုံး
အချိန်ပျော်စရာအကောင်းဆုံးအရွယ်၊
အဖိုးတန်ဆုံး လူငယ်ဘဝတွေကို
ကျောင်းသင်စာတွေနဲ့ တကုန်းကုန်း
အလွတ်ကျက်မှတ်ရင်းနဲ့
ဖြုန်းတီးဖျက်ဆီးပစ်တာ
ခံလိုက်ရပြီဆိုတာကို
ဒီဝန်ကြီးများ တကယ် မသိကြလို့လား?
ဂရုလည်း
မစိုက် နားလည်း မလည်ကြဘူးလား?
မဖြစ်နိုင်ပါဘူး၊
ဒီဝန်ကြီးတွေရဲ့ သားမြေးတွေက
တလ သိန်းပေါင်းများစွာ
ကျောင်းလခပေးရတဲ့ ILBC
တို့၊ MIS
တို့လို
ကျောင်းကြီးတွေမှာ ဘာကြောင့်
ငွေကြေး အကုန်ခံတက်နေကြတယ်ဆိုတာ
ဒီဝန်ကြီးတွေ ကိုယ်တိုင်
ကောင်းကောင်း သိကြပါတယ်။
ဆင်းရဲသား
အလုပ်သမားတွေရဲ့ကလေး၊
လယ်သမားတွေရဲ့ကလေးတွေက
ဆယ်တန်းအောင်လာပြီးရင်
တူလည်း မထုတတ်၊ လယ်လည်း
မထွန်တတ်၊ လူတော်လည်း
မတိုးနိုင်၊ ဒီဝန်ကြီးတွေရဲ့
သားမြေးတွေကိုဆိုရင် ရဲရဲ
တောင် မော့မကြည့်ရဲကြတော့ပါဘူး၊
အဲဒါဂုဏ်ပြုစရာလား။
မြို့တက်ပြီးစားပွဲထိုး၊
အလုပ်ကြမ်းလုပ်ကြ၊ အိမ်ဖော်
လုပ်ကြလို့ပဲ ရပါမယ်။
ကံကောင်းလို့ အဆက်အသွယ်ကောင်းရင်တော့
ယိုးဒယား၊ မလေးရှားသွားပြီး
ကျွန်ခံလို့ရမှာပေါ့။
စစ်ကျွန်ထက်တော့ သာသေးတယ်လို့
တွေးကြမှာပါ။
ကျနော်
ဘန်ကောက်မြို့ လေဆိပ်မှာ
မကြာခဏ ဧည့်သည်ကြိုဖူးတဲ့
အတွေ့အကြုံကို မျှဝေချင်ပါတယ်။
လေဆိပ်ခန်းထဲက ထွက်လာတဲ့
ဧည့်သည်တွေကိုကြည့်လိုက်ရင်
ဗမာဆိုရင် ဗမာမှန်း သိသာလှပါတယ်။
အိမ်နီးချင်း နိုင်ငံတွေနဲ့
ရုပ်သွင်ပြင်အရ မြန်မာလူမျိုးနဲ့
မကွာခြားပါဘူး။ ဒါပေမယ့်
မြန်မာလူမျိုးမှန်း
ချက်ခြင်းသိလွယ်တာက
မျက်နှာထားတွေကြောင့်ပါပဲ။
အစကတော့
ဘာကွာသလဲဆိုတာ အတိအကျမသိပါဘူး။
ဝတ်ပုံစားပုံလား၊ သွားပုံလာပုံလား၊
အသားအရေလားပေါ့။ မျက်နှာပေါ်ကတော့
အတူတူပါပဲ၊ သေသေချာချာ
ကြည့်မိတော့ မြန်မာလူမျိုးတွေမှာ
အားငယ်စိုးရွံ့တဲ့ မျက်လုံးတွေ၊
ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုမရှိ၊
မသေချာ မရေရာမှုတွေ ပြည့်နေတဲ့
မျက်နှာထားတွေ၊ အရာရာကိုကြောက်ရွံ့နေတဲ့
မလုံခြုံတဲ့ စိတ်က မျက်နှာပေါ်မှာ
အထင်းသားပေါ်နေပါတယ်။
အထူးသဖြင့်
လူငယ် လူလတ်ပိုင်းတွေမှာ
ပိုသိသာပါတယ်။ သူတို့မှာ
အခြေခံပညာတွေ ရှိပြီးသားပါ။
ဘန်ကောက်ကို လေကြောင်းက
လာနိုင်တယ် ဆိုကတည်းက တစုံတရာ
ဓနအင်အား အဆက်အသွယ်ရှိကြတာပါပဲ။
ဒါပေမယ့် သူတို့ခမျာ မျက်လုံးတွေ
တောက်ပမနေကြရှာပါဘူး။
အရာရှိကြီးတွေ ကုန်သည်ကြီးတွေတောင်မှ
မာန်တွေတင်းထားကြပေမယ့်
အတွင်းက မလုံခြုံစိတ်ကို
မြင်နေရပါတယ်။
ကျနော်တို့
မြန်မာတွေ ဘာတွေများမှားနေကြပါပြီလဲ။
ကျနော်ထင်တာကတော့ ဟိုးထိပ်ဆုံးကနေ
အောက်ဆုံးအထိ အစစ အရာရာ
လွဲမှားနေကြပါတယ်။ တချို့က
နည်းနည်းမှားမယ်၊ တချို့က
များများ မှားမယ်၊ မသိလို့မှားတာလည်း
ရှိမယ်၊ သိသိကြီးနဲ့ မှားနေတာလည်း
ရှိမယ်။ ထပ်ခါထပ်ခါလည်း
မှားနေကြပါတယ်။ အမှားကြာလို့
အမှန်ထင်လာကြတာရှိသလို၊
မှားမှန်းသိရက်နဲ့ ဇွတ်အမှန်လုပ်
ကျူးလွန်နေကြတာလည်း ရှိပါတယ်။
ပိုဆိုးတာက အဲဒီအမှားတွေကို
ဇွတ်အမှန်လုပ်ပြီး အားလုံးကိုပါ
လိုက်မှားခိုင်းနေကြတာပါ။
ဘယ်တုန်းက
စမှားသလဲလို့မေးရင် ဖြေရတာ
အတော်ခက်ပါတယ်။ မြန်မာရယ်လို့
စဖြစ်လာကတည်းက မှားလာခဲ့တာလို့
ဖြေရပါမယ်။
မြန်မာနိုင်ငံရဲ့
ပတ်ပတ်လည်မှာ ဝေသီမြင့်မားတဲ့
တောင်တန်းကြီးတွေနဲ့
ပင်လယ်ကြီးတွေ ကာရံထားလို့
ရှေးပဝေသဏီထဲက တသီးတခြား
ရပ်တည်လာခဲ့ကြတာပါ။ တဖက်မှာက
အိန္ဒိယလူမျိုးတွေရဲ့
တိုင်းပြည်၊ တခြားတဖက်မှာက
တရုတ်လူမျိုးတွေရဲ့ တိုင်းပြည်၊
ဧရာမတိုင်းပြည်ကြီးနှစ်ခုက
ဧရာမ လူမျိုးကြီးကြီးမျိုးကြားမှာ
ခပ်တည်တည် ရပ်တည်ခဲ့ကြတာပါ။
ဇာတိသွေးကို
စစ်လိုက်တော့ အာရိယာန်သွေးပါတဲ့
အိန္ဒိယ၊ မွန်ဂိုလွိုက်သွေးပါတဲ့
တရုတ်၊ နီဂရစ်တိုသွေး ပါတဲ့
တနင်္သာရီနဲ့ ကပ္ပလီကျွန်းကလူတွေနဲ့
အားလုံး မျိုးစပ်ရောပြီး
မြန်မာရယ်လို့ ဖြစ်ပေါ်လာပါတယ်။
ကမ္ဘာ့ ကပြားချန်ပီယံစစ်စစ်တွေပါပဲ။
ဘာသာ၊
စာပေ၊ ယဉ်ကျေးမှုတွေမှာလည်း
ဘယ်သူနဲ့မှ မတူကြပါဘူး။
ကမ္ဘာ့ရှားပါးလူသားမျိုးနွယ်မို့
ထက်သင့်တဲ့ နေရာမှာ ထက်ပါတယ်။
လည်သင့်တဲ့နေရာမှာ သိပ်လည်ပါတယ်။
ဘယ်တော့မှ မညံ့ပါဘူး။ ထူးခြားတဲ့
လူမျိုးမို့ ကိုယ့်ကိုယ်ကိုယ်
အလိုလိုနေရင် အထင်ကြီးပြီး
ဇာတိမာန်တတ်တတ်ပါတယ်။ အခုလို
အနိမ့်ဆုံးနေရာကိုရောက်နေတဲ့အချိန်မှာတောင်
တနေ့ကျရင် ကမ္ဘာမှာ စွာနိုင်ဦးမယ်လို့
အများက ယုံကြည်ပါတယ်။
ခေါ်တာတောင်မှ “ရွှေ”တွေ တဲ့။
ဧရာမ
နိုင်ငံကြီး ၂ ခုကြား
ရှင်သန်ရတာမို့ ပဲပြားပင်လို
ကျင့်တဲ့အခါလည်း ကျင့်တတ်ပါတယ်။
နိုင်မယ် ထင်ရင်တော့ ထုထောင်းခြေမွှ
အနိုင်ယူတော့တာပဲ။ အဲဒါကြောင့်
မှားတာမှန်တာ ခဏဖယ်ထားပြီး
အင်အားကြီးသူ အနိုင်ယူရေးမူက
ပိုလွှမ်းမိုးပါတယ်။ အဲဒါကြောင့်ပဲ
သမိုင်းတလျှောက်မှာ လက်နက်ကိုင်တွေ
စစ်ဘုရင်တွေက သြဇာကြီးခဲ့ကြတာပေါ့။
တရားမျှတရေးကို အခြေခံတဲ့
ပုဂ္ဂိုလ်တွေက တစ တစနဲ့
ချို့တဲ့ရှားပါးအားနဲ့လာကြပါတယ်။
စစ်သားတွေ ခေတ်ကောင်းလေ
လူကောင်းတွေ နလံမထူနိုင်လေလို့
ပြောလို့ရပါတယ်။ ပညာရှင်ဆိုတာကတော့
ချောင်ထဲကုပ်နေရတာပေါ့။
ပညာဆိုတာကလည်း သေစာရှင်စာ
တတ်ရုံလောက်ပဲ ကျန်ပါတော့တယ်။
ဟိုးရှေးရှေးတုန်းက
အသက်မွေးဝမ်းကျောင်းပညာဆိုတာ
မိဘဘိုးဘွားက သားသမီးမြေးမြစ်ကို
အဆင့်ဆင့် လက်ဆင့်ကမ်း
သင်ကြားပေးကြတာဖြစ်ပါတယ်။
လက်သမား၊ ပန်းရံတွေက သူတို့ရဲ့
သားမြေးတွေကို ဆောက်လုပ်ရေး
နည်းပညာတွေ တဖက်ကမ်းခပ်
တတ်အောင် သင်ကြားပေးပါတယ်။
သမားတော်များကလည်း အထူးလျှို့ဝှက်တဲ့
ဆေးနည်းများကို သားမြေးများငယ်စဉ်ကစလို့
လက်ဆင့်ကမ်းခဲ့ကြပါတယ်။
တောင်သူ လယ်လုပ် ဓားမခုတ်က
အစ ကုန်သည်ပွဲစားအလယ်၊
စစ်သည်မင်းမှုထမ်းအဆုံး
အားလုံးက မိဘမှ သားသမီးကို
သူတို့ရဲ့ ပညာအမွေတွေ
ဆက်ခံစေခြင်းဖြင့် လူလူသူသူ
ရပ်တည်နိုင်အောင်
ပျိုးထောင်ပေးကြပါတယ်။
လက်မှုအနုပညာဆိုတာမျိုးကတော့
လက်ဆင့်ကမ်းတိုင်း မရနိုင်ပါဘူး။
ပုဂံခေတ်က အနုပညာလက်ရာအမြင့်ဆုံး
ပေါ်ပေါက်ခဲ့ပြီး ကုန်းဘောင်ခေတ်မှာ
သိသိသာသာ ကျဆင်းသွားပါတယ်။
အခုခေတ်မှာတော့ ပြောင်မြောက်တဲ့
အနုပညာလက်ရာတွေက
မရှိသလောက်ရှားသွားပါပြီ။
နမူနာ
အဖြစ်ပြရရင် လွန်ခဲ့တဲ့
နှစ်တထောင်ကျော်ကသုံးခဲ့တဲ့
လက်တဆစ်အရွယ် ကြေးဝါတံဆိပ်တုံးလေးတခု၊
ထားဝယ်မြို့မှာ တူးဖော်တွေ့ရှိဖူးပါတယ်။
အင်မတန်အနုစိတ် သဘာဝကျတဲ့
နွားလားဥဿဖဝပ်နေပုံလေးပါ။
မျက်လုံးနှစ်ဖက်နေရာမှာ
အရည်အသွေးမြင့် ပတ္တမြားလေးတွေ
ထည့်သွင်းထားပါတယ်။ ပျူဘာသာနဲ့
“မြင်ပြီ” လို့ ရေးထားတဲ့အတွက်
ဖတ်ပြီးသားစာများကို
ရိုက်နှိပ်ဖို့ သုံးကြောင်း
သိရပါတယ်။ အခုခေတ်မှာတော့
သဘာဝ ကျတဲ့ ရုပ်တုကောင်းတွေ
ထုတ်လုပ်နိုင်တာ တွေရခဲနေပါပြီ။
သုတေသန
ပညာရှင်ကြီး ဦးဘိုကေက
ဒီလိုအနုပညာဖန်တည်းမှုတွေ
တစတစ ကျဆင်းသွားတာ မြန်မာမှာ
သာမက ကမ္ဘာမှာလည်း တွေ့ရတယ်လို့
ဆိုပါတယ်။ ဂရိ၊ အီဂျစ်၊
အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာလည်း
အနုပညာတွေဟာ ကျဆင်းသွားတယ်လို့
ဆိုပါတယ်။ ဒါဟာ ပညာရေးစနစ်
လမ်းကြောင်းပြောင်းသွားလို့ဖြစ်ရတာပါ။
အခု
ပညာရေးစနစ်လို့ခေါ်နေကြတဲ့
အခြေခံပညာသင်ကျောင်းတွေ
မြန်မာပြည်မှာ ပေါ်ထွန်းလာတာ၊
သမိုင်းနဲ့ ယှဉ်လိုက်ရင်
ဘာမှမကြာသေးပါဘူး။ အင်္ဂလိပ်ခေတ်က
စတယ်လို့ ပြောနိုင်ပါတယ်။
အဲဒီမတိုင်မီက သဂြိုလ်
ပရိတ်ကြီးကျက်ရတဲ့
ဘုန်းတော်ကြီးကျောင်း ပညာရေးပဲ
ရှိပါတယ်။
သီပေါမင်းလက်ထက်က
မစ်ရှင်ကျောင်းတွေဟာ
ကိုလိုနီခေတ်မှာများလာပါတယ်။
ဝံသာနုခေတ် အမျိုးသားကျောင်းတွေက
လွတ်လပ်ရေးရပြီးတော့
အစိုးရကျောင်းတွေဖြစ်ကုန်ပါတယ်။
အခုတော့ ပုဂ္ဂလိက ဒေါ်လာ
သူဌေးကျောင်းတွေ စနေပါပြီ။
အင်္ဂလိပ်က
ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်းတွေ
မွေးထုတ်နိုင်ဖို့ ကိုလိုနီပညာရေးကို
လုပ်ခဲ့တာပါ။ အလုပ်လုပ်ဖို့
ဝန်ထမ်းမွေးထုတ်ဖို့
ရည်ရွယ်ချက်ပဲ ရှိပါတယ်။
သူတို့နဲ့ ခပ်ဆင်ဆင်
အမျိုးသားကျောင်း ဆိုတာကတော့
အတန်းပညာတွေတတ်ပြီး
တက္ကသိုလ်တတ်နိုင်အောင်
ကြိုးစားခဲ့တာပါ။ ဘွဲ့ရမှ
မြို့အုပ် လုပ်နိုင်မှာမို့ပါ။
အခု
အထက်တန်းကျောင်းဆိုတာကတော့
မူလတန်းအောင်လည်း ဘာစည်းကမ်းမှမရှိ၊
အလိမ္မာလည်း ရှိမလာပါဘူး။
အလယ်တန်းအောင်တော့လည်း
ဘာဗဟုသုတမှ မရှိပါဘူး။
မြို့သားဆိုရင်တော့
ဂိမ်းကစားတတ်လာပါမယ်။
ဆယ်တန်းလည်း အောင်ရော
ဘာမှသုံးလို့မရတဲ့ လူငယ်လေးတွေ
ဖြစ်လာကြတော့တာပါပဲ။
ဒီပညာရေး
စနစ်ရဲ့သားကောင်လူငယ်လေးတွေက
ဆယ်တန်းအောင်ပြီးလို့၊
ဘာမှလုပ်စရာမရှိလို့၊ တက္ကသိုလ်
ဆက်တက်ကြဦးမယ်ဆိုရင်ကော။
အဲဒါဆိုရင်တော့
နေ့စဉ်နာရီပေါင်းများစွာ
လမ်းပေါ်မှာ အချိန်ကုန်ခံပြီး
မြို့ပြင်က ဝေးလံတဲ့
တက္ကသိုလ်တွေဆီကို သွားကြပါမယ်။
ထန်းရည်သောက်ကြ၊ ချိန်းတွေ့ကြ၊
မူးယစ်ဆေးဝါးပါ သုံးစွဲတတ်ပြီးရင်
ဘွဲ့လက်မှတ်တစောင် ရပါမယ်။
တကယ်မှာက
တက္ကသိုလ်ဆိုတာ အမှန်တရားကို
ရှာဖွေဖော်ထုတ်ကြတဲ့ နေရာပါ။
မဟုတ်ရင် မခံတတ်တဲ့ အနာဂတ်ရဲ့
ခေါင်းဆောင်တွေကို
မွေးထုတ်ပေးရမှာပါ။ သမားရိုးကျ
တွေးခေါ်မြှော်မြင်မှုတွေကို
ကျော်လွှားနိုင်တဲ့နေရာဖြစ်ဖို့
လိုပါတယ်။ အခုလို စာခိုးချတတ်တဲ့
လူငယ်လေးတွေပဲ မွေးထုတ်ပေးနေပြီး
နိုင်ငံရေးနဲ့ ပတ်သက်မိရင်
ကျောင်းထုတ်ခံရဦးမယ်ဆိုရင်တော့
ဒီကျောင်းမျိုးတွေကို
ငယ်ငယ်ထဲက မတက်တာက
ပိုကောင်းနိုင်ပါသေးတယ်။
ကျနော်တို့
တိုင်းပြည်မှာ ခေတ်သစ်ပညာရေးစနစ်ကို
အကောင်အထည်ဖော်မယ်ဆိုရင်
သိပ္ပံနည်းကျ တွေးခေါ်စဉ်းစား
ပြောဆိုတတ်အောင် သင်ကြားပေးဖို့လိုပါတယ်။
အစိုးရဟာ အမှန်တရားကို
ရန်သူကြီးလို ကြောက်လန့်မနေသင့်ပါဘူး။
အဲဒီအကြောက်တရားကြောင့်
နေရာတိုင်းမှာ အလိမ်အညာတွေ
လွမ်းမိုးနေနေတာပါ။
တိုင်းပြည်တခုလုံး အဆင့်အတန်း
နိမ့်ကျနေရတဲ့အကြောင်းက
အခုလို အဆင့်ဆင့် အကြောက်တရားတွေနဲ့
အုပ်ချုပ်ပြီး အလိမ်အညာတွေကို
နေရာတကာ သုံးစွဲနေလို့ဖြစ်ပါတယ်။
ဒါကို
တိုက်ဖျက်ဖို့ တခုတည်းသော
နည်းလမ်းကတော့ ပညာရေးကို
လမ်းမှန်အောင်ပြန်ပြင်ပြီး
အမှန်တရား ကိုမြတ်နိုးတဲ့
စည်းကမ်းရှိတဲ့ စာရိတ္တကောင်းတဲ့
ကလေးငယ်လေးတွေ မွေးထုတ်နိုင်ရေးကို
ကြိုးစားဖို့ပါပဲ။
စာအလွတ်ကျက်တဲ့စနစ်ကို
ချက်ခြင်းရပ်ဆိုင်းရပါမယ်။
ပါဠိစာပေမပေါ်ခင်က သံဃာတော်များ
ပိဠိကတ်သုံးပုံကို အာရုံဆောင်လို့
လက်ဆင့်ကမ်းနိုင်ခဲ့လို့
ယနေ့ခေတ် ထေရဝါဒကြီး
ထွန်းကားလာနိုင်တာပါ။ ခုခေတ်က
အိုင်ပက် (iPad)
တွေ၊ စမတ်ဖုံးတွေနဲ့
Wi-Fi တွေ၊
Bluetooth တွေကို သုံးရမယ့်ခေတ်ကို
ရောက်နေပါပြီ။ ကျောင်းသားလေးများကို
တွေးခေါ်နည်း၊ ကွန်ပြူတာ
အသုံးပြုနည်းများပဲ သင်ရတော့မှာပါ။
အာဂုံဆောင် အလွတ်ကျက်ဖို့
မလိုတော့ပါဘူး။
ပညာရေးဝန်ကြီးတွေက
အစ၊ လက်ရှိပညာရေးစနစ်ကို
ဘာမှပြုပြင်စရာမလိုဘူးလို့ပြောလာတဲ့အခါမှာ
ကျနော့်မှာ ပြန်ပြောစရာ၊
စကားလုံးရှာမရတော့ပါဘူး၊
လျှပ်စစ်ထုတ်လုပ်ရေးကို
ဒေါ်လာဘီလျံ ၉ဝ ကျော် သုံးစွဲမယ်လို့
ကြားရတဲ့အခါမှာ ပညာရေးအတွက်
ဒေါ်လာ ၁ ဘီလျံလောက်များ
သုံးပေးရင် ဘယ်လောက်
ကောင်းလိုက်လေမလဲလို့
တွေးမိပါတယ်။
ကမ္ဘာ့အဆင့်မှီ
ဆရာတွေ မွေးထုတ်ဖို့ပြင်ဆင်၊
ပညာရေးစနစ်သစ် ချမှတ်နိုင်အောင်
သုတေသနလုပ်၊ ဆွေးနွေး အဖြေရှာ၊
နိုင်ငံတကာက အကြံပေးတွေခေါ်
သင်ရိုးညွန်းတမ်းတွေ
ချက်ချင်းပြင်ဆင် စသည်ဖြင့်
လုပ်ကြရပါမယ်။ ထိုင်းနိုင်ငံလည်း
လွန်ခဲ့တဲ့ ၁ဝ နှစ်က စိုက်ထုတ်ခဲ့တဲ့
၁ ဘီလျံဟာ အခု အသီးအပွင့်တွေ
ဝေဆာနေပါပြီ။ မြန်မာ အစစ်အစိုးရက
ဒါကို ဘယ်တော့မှ သဘောပေါက်မယ်
မသိပါဘူး။
လူငယ်တွေရဲ့
အဖိုးတန်တဲ့ အချိန်တွေကို
လက်ရှိကျောင်းတွေမှာ
ဖြုန်းတီးပစ်တာမျိုး၊
စိတ်ဓာတ်လည်း မမှန်၊ စည်းကမ်းလည်း
မရှိ၊ သုံးစားလို့မရတဲ့
အနာဂတ်ကို ဒုက္ခပေးမယ့်သူတွေကို
ဆက်မွေးမထုတ်သင့်တော့ပါဘူး။
ပညာရေးအသုံးစရိတ်လို့ပြောပြီး
တက္ကသိုလ်ကျောင်းဆောင်အသစ်တွေ
ရာချီဆောက်ပြီး ခရိုနီကန်ထရိုက်တာတွေ
သူဌေးဖြစ်၊ တိုင်းပြည်က
သူတောင်းစားဖြစ်မယ့်
စီမံကိန်းတွေ ချက်ခြင်း
ရပ်တန့်သင့်ပါပြီ။
မြန်မာနိုင်ငံနဲ့
မြန်မာလူမျိုးတွေ ကမ္ဘာ့လူတန်းစေ့
ပြန်ဖြစ်စေချင်တယ်ဆိုရင်
အရင်းစစ်တော့ အမြစ်မြေက
ဆိုသလို၊ ဆွေးမြေ့ပျက်စီးနေတဲ့
ပညာရေးစနစ်ကြီးကို အမြန်ဆုံး
မြေလှန် ပြောင်းလဲသင့်ပြီဖြစ်ကြောင်း
လေးစားစွာ အကြုံပြုအပ်ပါတယ်။
.
0 comments :
Post a Comment