ကျုံပျော်မှာ အာဇာနည်နေ့ဥသြမဆွဲလို့ ဝန်ကြီးချုပ်ကို တိုင်မယ်

Monday, July 21, 2014

 ~

 
ဧရာဝတီတိုင်းဒေသကြီးရဲ့ မြို့နယ်အသီးသီးရဲ့ အာဇာနည်နေ့အခမ်းအနားတွေမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုဦးညွတ်ဂုဏ်ပြုရာမှာ သြဆွဲခဲ့ကြပေမယ့် ကျုံပျော်မြို့က အာဇာနည်နေ့ကတော့   တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြီးဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။


 


 ဧရာဝတီတိုင်းဒေသကြီးမြို့တော်ပုသိမ်မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ အလေးပြုတဲ့ အစီအစဉ်ကို တိုင်းအစိုးရအဖွဲ့က ဒီလို ပါဝင်ခဲ့တာ တွေ့ရပါတယ် (ဓာတ်ပုံ - ဆလိုင်းသန့်စင် / ဧရာဝတီ) 

     
ကျုံပျော်မြို့က ဒေသခံပြည်သူတွေ၊  နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ၊  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေနဲ့ လူပေါင်း ၃၀၀ ကျော်ဟာ ကျုံပျော်မြို့ အာဇာနည်ကျောက်တိုင်ကွင်းမှာ အသင့်နေရာ ယူပြီး မီးသတ်ကားတွေ၊  သင်္ဘောတွေ ဥသြဆွဲတာနဲ့ ဦးညွတ်အလေးပြုဖို့ စောင့်ဆိုင်းနေခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကျဆုံးတဲ့

နံနက် ၁၀ နာရီ ၃၇ မိနစ်သာ ကျော်သွားတယ် ဥသြဆွဲသံထွက်ပေါ်မလာခဲ့လို့ အာဇာနည်နေ့မှာ လာရောက်ဂါရ၀ပြုသူတွေ အခက်ကြုံခဲ့ရကြောင်း ကျုံပျော်မြို့ ၈၈ ပွင့်လင်းအဖွဲ့ဝင် ဦးသိန်းမြင့်ဆောင်းက ဧရာဝတီကို ပြောပါတယ်။

“ကျုံပျော်မှာ မနက် ၁၀ နာရီ ၁၅ လောက်မှာ NLD ပါတီဝင်တွေနဲ့ မြို့ခံပြည်သူလူထုတွေက အာဇာနည် ၉ ဦးဓာတ်ပုံတွေ၊  လွမ်းသူပန်းခွေတွေ၊  အလံတွေနဲ့ အာဇာနည်ကျောက်တိုင်ကွင်းကို ရောက်လာပြီး အလေးပြုဖို့စောင့်နေချိန်မှာ ထောက်လှမ်းရေး ၂ ယောက်က ဒီမနက် ဥသြမဆွဲဖို့ ထွေ/အုပ်က ပြောထားတာ အစ်ကိုတို့ မသိဘူးလားဆိုပြီး လာပြောတယ်။ အဲဒီမှာ အချိန်က ၁၀ မိနစ် လောက်ပဲ လိုတော့တာဆိုတော့ NLD ကလည်း ဥသြဆွဲသံကို အသံချဲ့စက်နဲ့ဖွင့်ဖို့တွေက ဘယ်လိုမှ မစီစဉ်နိုင်တော့ဘူး။ အဲဒါနဲ့ အလေးပြုဆိုပြီး ကျနော်အပါအ၀င် လူ ၃၀၀ လောက်က ဒီအတိုင်းပဲ အလေးပြုပြီး ပြန်လာခဲ့ရတယ်”လို့ သူက ပြောပါတယ်။

အာဇာနည်နေ့အခမ်းအနားပြီးချိန်မှာ ကျုံပျော်မြို့ခံတွေက ဘာလို့မီးသတ်ကားတွေ ဥသြဆွဲမပေး တာလဲ ဆိုပြီး ကျုံပျော်မီးသတ်ဌာနကို သွားရောက်မေးမြန်းခဲ့ကြပါတယ်။

“အာဇာနည်နေ့အခမ်းအနားကျင်းပရေး ကော်မတီဝင် မီးသတ်ဌာနကို ကျနော်တို့သွားမေးတော့ ကျုံပျော်မီးသတ်ဦးစီးမှူးပြောတာက အစည်းအဝေးတွေမှာ ဥသြဆွဲပေးဖို့ ပြောထားတာတော့ မရှိဘူး။
အာဇာနည်နေ့ မနက်မှာ မီးသတ်က ဥသြဆွဲပေးရမလားဆိုပြီး ထွေအုပ်ရုံးကိုသွားမေးတော့ ထွေအုပ်က ဒုဦးစီးမှူးတယောက်က ဆွဲပေးဖို့မလိုဘူးလို့ ပြောလိုက်လို့ ဆွဲမပေးတာပါ။
သူတို့ကတော့ ဆွဲပေးချင်တဲ့ဆန္ဒရှိပါတယ်လို့ ပြောပြတယ်” လို့ မီးသတ်ဌာနကို သွားရောက်မေးမြန်းခဲ့တဲ့ ကျုံပျော်မြို့ခံ ဦးသိန်းမြင့်ဆောင်းက ပြောပါတယ်။

အာဇာနည်နေ့ ဥသြမဆွဲတဲ့ကိစ္စနဲ့ပတ်သတ်လို့ ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းစိန်ကို ဆက်သွယ် မေးမြန်းရာမှာ ဥသြမဆွဲဖို့ သူညွှန်ကြားထားတာ မရှိဘူးလို့ ပြောပါတယ်။

“ဥသြမဆွဲဖို့ ကျနော်တို့ညွှန်ကြားထားတာ အမိန့်ထုတ်ထားတာ မရှိပါဘူး။
မီးသတ်ဌာနက ဘာကြောင့် ဥသြမဆွဲလဲဆိုတာတော့ သူဌာနနဲ့သူဆိုတော့ ကျနော်လည်း မသိဘူး” လို့ ဦးသန်းစိန်က ဖြေကြားပါတယ်။

ဧရာဝတီတိုင်းတခုလုံးမှာ ဥသြသံရှည်တွေဆွဲပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို အသီးသီးဂုဏ်ပြု ဦးညွတ်ခဲ့ပေမယ့် ကျုံပျော်မှာ ဒီအခွင့်အရေး မရခဲ့ကြတဲ့အတွက် မြို့ခံတွေက ဒီကိစ္စကို မကျေမနပ် ဖြစ်နေပြီး အာဇာနည်နေ့မှာ တရားဝင်ဥသြဆွဲဖို့ ခွင့်ပြုထားခဲ့တဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်အထိ တိုင်ကြားဖို့စီစဉ်နေကြောင်း သိရပါတယ်။

မနှစ်က အာဇာနည်နေ့မှာ ကျုံပျော်မြို့က NLD ပါတီဝင်တွေက ဥသြဆွဲသံကို ဆောင်းဘောက်နဲ့ ဖွင့်ဖို့ စီစဉ်ခဲ့တာကိုတောင် ကျုံပျော်မြို့က အာဇာနည်နေ့အခမ်းအနားကျင်းပရေးကော်မတီက လက်မခံဘဲ သူတို့အစီအစဉ်နဲ့ ဥသြသံရှည်ဆွဲပြီး ဂုဏ်ပြုခဲ့ကြကြောင်း သိရပါတယ်။

ကျုံပျော်မြို့ရဲ့ ၆၇ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကတော့ ဥသြဆွဲသံမပါဘဲ တိတ်ဆိတ်စွာ ပြီးဆုံးခဲ့ပါပြီ။

ကျုံပျော်မြို့ခံတွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို သတိရဂုဏ်ပြုတဲ့ ဥသြဆွဲသံကို ကြားနိုင်ဖို့အခွင့်အရေးကတော့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်ကျမှပဲ ရနိုင်တော့မှာ ဖြစ်ပါတယ်။

ဆလိုင်းသန့်စင်
 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved