သဲကုန်းမှာ ထွန်တုံးတိုက်ပွဲစပြီ

Thursday, July 3, 2014

 ~




   .
        မြန်မာပြည်မှာ တောင်းဆိုပွဲ၊ ဆန္ဒပြပွဲ၊ ထွန်တုံးတိုက်ပွဲတွေကို နေရာဒေသ အများအပြားမှာ ဖြစ်ပေါ်နေပါတယ်။

        အခုလို မိုးဥကျ တောင်သူလယ်သမားတွေ ထွန်ယက်စိုက်ပျိုးချိန် ဆိုရင်ဖြင့်  ထွန်တုံးတိုက်ပွဲဆိုတဲ့ သတင်းတွေ အများဆုံးမြင့်တွေ့ရလေ့ရှိပါတယ်။  ယခင်စစ်အစိုးရလက်ထက်က မတရား သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေ ပြဿနာတွေရဲ့ အကျိုးသက်ရောက်မှုတွေကြောင့်ပါ။

ဒီကနေ့မှာလည်း  ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာဒေသခံတွေဟာ ထွန်တုံးတိုက်ပွဲ ဆင်နွဲကြခဲ့ကြပါတယ်။

 တောင်သူတွေ စိုက်ပျိုးဖို့မြေမရှိလောက်အောင် ဖြစ်နေရခြင်းကတော့  သူတို့လယ်ယာမြေတွေကို စစ်တပ်နဲ့ အမှတ်(၃) သမ၀ါယမအသင်းတို့က သိမ်းထားလို့ပါပဲ။

လယ်ယာမြေ ပြန်လည်ပေးရရှိရေးအတွက် သူတို့တွေ နည်းလမ်းပေါင်းစုံအသုံးပြုခဲ့လို့ ထောင်ကျသူလည်းကျ ဝရမ်းပြေးဘဝနဲ့ ထွက်ပြေးသူလည်းထွက်ပြေး ဖြစ်နေပေမဲ့ သူတို့  ဆက်လက်တိုက်ပွဲဝင်နေအုံးမှာပဲလို့ လယ်သမားခေါင်းဆောင် ဦးဖြူလေးက ပြောပါတယ်။

“၂၉ ရက်နေ့က ဦးထိုင်ထိုင်က( အမှတ်(၃) သမအသင်းပိုင်ရှင်) ထွန်တုံးတိုက်ပွဲမလုပ်နဲ့၊ လုပ်ရင် တရားစွဲမှာလို့ တောင်သူတွေခေါ်ပြောတယ်။
မရမခြင်း နည်းလမ်းပေါင်းစုံသုံးပြီးလုပ်မှာပဲ။
ဦးထိုင်ထိုင် သိမ်းတာရော စစ်တပ်သိမ်းတာရော စုစုပေါင်း ဧက ၂၇၀၄ ဧကရှိတယ်။ စိုက်စရာမရှိလို့ ကိုယ့်လယ်ပေါ်ကိုယ်စိုက်တာ ဖမ်းလည်းဖမ်းပေါ့။ ထောင်မကျလည်း ဘဝကပျက်ပြီးသားပဲ”

 


ဒီကနေ့မနက်ပိုင်းထွန်တုံးတိုက်ပွဲလုပ်ဖို့ ရွာကအထွက်မှာတော့ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲမှူးတို့ကတော့ ထွန်တုံးမတိုက်ဖို့ လမ်းမှာ လာရောက်ပြီး ညှိုနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ တောင်သူတွေက တော့ လယ်ယာမြေပြန်ရဖို့ကလွဲပြီး ဘယ်လို ညှိုနှိုင်းမှုမျိုးမှ လက်မခံနိုင်ကြောင်း ပြောဆိုပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။

အောင်ကုန်းရွာကတောင်သူ (၆၀) ကျော်နဲ့အတူ  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က ကျောင်းသူ၊ ကျောင်းသား (၁၅) ယောက်အပြင် လူ့ဘောင်သစ်ပါတီ လူငယ်တွေလည်း ထွန်တုံးတိုက်ပွဲမှာ သွားရောက်ကူညီပေးခဲ့ပါတယ်။

တောင်ငူဗကသက ကျောင်းသားတဦးဖြစ်တဲ့ ကိုဗစ်တာက “ ရဲဝန်ထမ်း (၅၀)လောက်နဲ့ သူတို့လာကြတယ်။ အရပ်ဝတ်နဲ့ ရဲတွေလည်း ဗွီဒီယိုဝင်ရိုက်တယ်၊
ဓါတ်ပုံဝင်ရိုက်တယ်။ ကျနော်တို့ ကျောင်းသားတွေကတော့ သက်ဆိုင်ရာအာဏာပိုင်တွေက အကြမ်းဖက်တာမျိုးတွေမပြုလုပ်အောင် ဘေးကနေလိုက်ပြီးဝန်ရန်ပေးတာပါ။ အဓိကကတော့ တောင်သူတွေဘက်မှာ ဘယ်သူမှမရှိလို့ပါ။”

လောလောဆယ် ထွန်ယက်စိုက်ပျိုးဖို့ လယ်မြေဧက (၂၀၀)ကျော်ခန့် ရှိနေတဲ့အတွက် အဲဒိလယ်မြေတွေကို အနည်းဆုံး (၇) ရက်ခန့် ထွန်ယက်ရဖြစ်လို့ ထွန်တုံးတိုက်ပွဲကို ရက်ဆက် ပြုလုပ်သွားမှာဖြစ်ကြောင်း တောင်သူတွေကပြောပါတယ်။

 

ကောင်းမြတ်မင်း

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved