ပြည်ပမှာ ကျောင်းတက်မယ့်သူတို့အတွက် ဦးသိန်းစိန်ရဲ့ပညာသင်ဆု

Wednesday, July 30, 2014

 ~




ပြည်ပတက္ကသိုလ်တွေသွားတက်မယ့်သူများကို ရည်ရွယ်ပြီး သမ္မတဦးသိန်းစိန်က ပညာသင်ဆု ကမ်းလှမ်းနေပါပြီ။

ထိုင်းနိုင်ငံမှ တက္ကသိုလ်တခု မြင်ကွင်း

ကြော်ငြာကို ဒီကနေ့ ဇူလိုင် ၂၉ ရက်နေ့ထုတ် အစိုးရအာဘော် ကြေးမုံသတင်းစာ စာမျက်နှာ ၂ဝ/၂၁ မှာ တခမ်းတနား တွေ့ရပါမယ်။

လျှောက်လွှာပိတ်ရက်က သြဂုတ် ၃၁ ဆိုတော့ လျှောက်ထားလိုသူတွေအတွက် အချိန် တလ ရသေးတယ်လို့ ဆိုနိုင်ပါတယ်။
လျှောက်လွှာထုတ်နိုင်တဲ့နေရာတွေတော့ တက္ကသိုလ်ကောလိပ်တွေက ကျောင်းသားရေးရာဌာနတွေပါပဲ။ လျှောက်လွှာထုတ်ခဲ့တဲ့နေရာတွေမှာပဲ လျှောက်လွှာတင်ရပါမယ် တဲ့။

ကန့်သတ်ချက်တွေထဲက တခုကတော့ လျှောက်မယ့်သူဟာ အိမ်ထောင်မရှိသူဖြစ်ရပါမယ် တဲ့။
ဒီရဲ့ ပညာရေးအကူအညီမှာ နှောင်ကြိုးတော့ ရှိနေပါတယ် - ကျောင်းပြီးရင် (ဌာနဆိုင်ရာမှာ) အလုပ်ဝင်ရမယ်၊ ပညာသင်ချိန်ထက် ၂ ဆ ကြာ လုပ်ငန်းခွင်ဝင်ရမယ် တဲ့။ ကျောင်း ၄ နှစ်တက်ခဲ့ရင် အစိုးရဌာနတခုခုမှာ ၈ နှစ် ထက် မနည်း ၀င်လုပ်ပေးရမယ်ဆိုတဲ့သဘောပါပဲ။ ဒီနှောင်ကြိုးက တချို့အတွက်တော့ ဂရုစိုက်စရာ အချက် ဟုတ်မယ် မထင်ပါဘူး။ တချို့ကတော့ ဒါကို စိတ်ပျက်နိုင်ပါတယ်။

အခုမှတက္ကသိုလ်ပညာသင်မယ့်သူများ (ဘွဲ့ကြို) နဲ့ ဘွဲ့လွန်အတွက် ကြော်ငြာပါ။

ဘွဲ့ကြိုအတွက် စည်းကမ်းချက်တွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

(က) မြန်မာနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသည့် မြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) ပညာသင်ဆု လျှောက်လွှာပိတ်ရက်တွင် အသက်(၁၆)နှစ်အောက် မငယ်ရ၊ (၂၀)နှစ်ထက် မကြီးရ။

(ဂ) တက္ကသိုလ်ဝင်စာမေးပွဲရမှတ်(၅၀၀)မှတ်နှင့် အထက်ရရှိသူဖြစ်ရမည်။ (သို့မဟုတ်)  GCE ''A'' Level အောင်မြင်ပြီးသူဖြစ်ရမည်။ (သို့မဟုတ်) နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ တစ်ခုခုအောင်မြင်ပြီးသူ ဖြစ်ရမည်။

မှတ်ချက်-အထက်ပါ စာမေးပွဲအောင်လက်မှတ်ရရှိခဲ့သော စာမေးပွဲရမှတ်များနှင့် သင်ယူခဲ့သော ဘာသာရပ်များကို ပူးတွဲတင်ပြရမည်။ အခြားသောစာမေးပွဲ (ဥပမာ-  TOEFL/IELTS/SAT  အစရှိသည်)တို့ကို ဖြေဆိုထားပါကလည်း ဖြည့်စွက်တင်ပြနိုင်သည်။

(ဃ) ကျန်းမာရေးပြည့်စုံကောင်းမွန်သူ ဖြစ်ရမည်။

(င) ပြစ်မှုကင်းရှင်းပြီး အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

(စ) အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။

(ဆ) နိုင်ငံခြားမှ ဘွဲ့ရရှိပြီး ပြန်လာသောအခါ နိုင်ငံတော်မှ ပေးအပ်သော အလုပ်တာဝန်ကို ပညာတော်သင်ကာလ၏ (၂)ဆတိုင်အောင် တာဝန်ထမ်းဆောင်မည်ဟု စာချုပ်ချုပ်ဆိုနိုင်သူဖြစ်ရမည်။ ထိုသို့ ထမ်းဆောင်ခြင်းမပြုနိုင်ပါက ပညာတော်သင်ကုန်ကျစရိတ်၏ (၃)ဆပြန်လည်ပေးလျော်ရမည်။


 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved