မုဒိမ်းမှုကျူးလွန်သူကိုသေဒဏ်ပေးဖို့ Facebook မှာ ထိုင်းတို့ တောင်းဆို

Wednesday, July 9, 2014

 ~

 

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အသက် ၁၃ နှစ်အရွယ် မိန်းကလေး မတရားကျင့်သတ်ဖြတ်ခံရမှုအတွက် ပြစ်မှုကျူးလွန်သူကို သေဒဏ်ပေးသင့်ကြောင်း တောင်းဆိုမှု အများအပြား သူတို့ဆီမှာ ပေါ်ပေါက်နေပါတယ်။


မိန်းကလေးကို ဘယ်လို ပြုမူခဲ့တယ်ဆိုတဲ့အကြောင်း ရဲတပ်ဖွဲ့ကို သရုပ်ဖော်ရှင်းပြနေတဲ့ Wanchai Saengkhao (ဓာတ်ပုံများ - Bangkok Post)

တောင်းဆိုကြ လှုံ့ဆော်ကြသူများထဲမှာ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊ အင်တာနက် လူမှုကွန်ရက်သုံးသူတွေ ပါတယ်၊
ဒီလို တောင်းဆိုကြပေမယ့် သေဒဏ်ပေးတယ်ဆိုတာ ပြဿနာရဲ့ ဖြေရှင်းချက် မဟုတ်ဘူးလို့ ဆိုသူများလည်း ရှိကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်းမှာ ဒီကနေ့ ရေးပါတယ်။

Friends of Women Foundation ဆိုတဲ့ အဖွဲ့အစည်းက Patcharee Junhirun ဆိုသူကတော့ အမှု အတော်များများမှာ.... မတရားပြုကျင့်တယ်လို့ စွပ်စွဲခံရသူများဟာ အာမခံရသွားကြတယ်၊ သို့တည်းမဟုတ် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုလို့ သက်သက်ညာညာ စီရင်ချက် ချတယ်လို့ မှတ်ချက်ပြုပါတယ်။
အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံရတဲ့ မုဒိမ်းသမားအရေအတွက်ဟာ နည်းနည်းလေးပဲရှိတယ်လို့ သူက ပြောပါတယ်။

မုဒိမ်းကျင့်သူတွေအတွက် ပြစ်ဒဏ်ကို တိုးသင့်ပြီ၊  စိတ်ရောဂါကုဆရာဝန်၊ ရဲ၊ တရားသူကြီးတို့ရဲ့ ဆွေးနွေးချက်တွေပေါ် မူတည်ပြီး မုဒိမ်းကျင့်သူတို့ကို သေဒဏ် ပေးသင့်ပြီလို့ သူက ဆိုပါတယ်။

ဥဒေါင်းဌာနီခရိုင် အုပ်ချုပ်ရေးမှူး Seni Chittakasem ကလည်း သူ့ဖေ့စ်ဘုတ်မှာ ဒီအကြောင်း ထောက်ခံ ရေးထားပါတယ်။

ဘန်ကောက်ပို့စ်သတင်းစာ ပင်တိုင်ဆောင်းပါးရှင်လည်းဖြစ်၊ မိခင်တဦးလည်းဖြစ်တဲ့ Sanitsuda Ekachai ကတော့ ဒီအချက်ကို သဘောမတူပါ။

သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို သေဒဏ်ပေးပစ်ခြင်းသာ တခုတည်းသော ပြစ်ဒဏ် ဆိုပြီး ဒေါသတကြီးတောင်းဆိုကြရုံနဲ့ ကျမတို့ရဲ့ လူ့အဖွဲ့အစည်း လုံခြုံစိတ်ချသွားမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပြုပါတယ်။

ဒီလို တောင်းဆိုနေကြခြင်းဟာ ... ပြစ်ဒဏ်ပေးတာသိပ်ပြင်းထန်မနေတာကြောင့် ဒီလိုအမှုကြီးမျိုးပေါ်ပေါက်လာခြင်းဖြစ်တယ် ဆိုပြီး ယူဆနေတာကြောင့် ဖြစ်မယ်။ ဒါဟာ အခုမှ ဖြစ်တာ မဟုတ်ဘူး။
တုန်လှုပ်စရာ မုဒိမ်းမှု၊ လူသတ်မှုတွေ ဖြစ်လာတိုင်း ဒီလိုတောင်းဆိုတာနဲ့ ကြုံနေရတယ်လို့ သူက သုံးသပ်ပါတယ်။

မုဒိမ်းသမားကို ထောင်ဒဏ်တိုးချဖို့ ဥပဒေမှာ ပြဋ္ဌာန်းပြီးသားဖြစ်တယ်။
လင်မယားကြားမှာဖြစ်တဲ့ မုဒိမ်းမှု၊ အမျိုးသားကိုဖြစ်စေ အမျိုးသမီးကိုဖြစ်စေ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဒါတွေအတွက်လည်း အကျုံးဝင်ပါတယ် တဲ့။

ဒါကတော့ ဘန်ကောက်ပို့စ် အွန်လိုင်း  http://www.bangkokpost.com/learning/learning-from-news/419453/body-of-missing-girl-found မှာ ရေးထားတဲ့ထဲက ကောက်နုတ်ပြီး ဆီလျော်အောင် ဘာသာပြန်ဖော်ပြခြင်းပါ။

အဲဒါက LEARNING  ဆိုတဲ့ ကဏ္ဍမှာ ပါပါတယ်။
 အင်္ဂလိပ်စာလေ့လာလိုသူများအတွက် စာမျက်နှာပါ။ နားလည်ရခက်ခဲတဲ့စကားလုံးတွေကို ထင်ရှားအောင် လုပ်ထားပြီး အဲဒီစာလုံးတွေရဲ့ ဖွင့်ဆိုချက်များကို သတင်းအဆုံး ဆောင်းပါးအဆုံးမှာ တွေ့ရပါမယ်။
 အင်္ဂလိပ်စာလေ့လာမှု အရှိန်ရနေသူများအတွက် သင့်တော်ပါလိမ့်မယ်။


လတ်တလော သူတို့ဆီမှာ လူပြောများနေတဲ့ သက်ငယ်မုဒိမ်းမှုနဲ့လူသတ် အလောင်းဖျောက်မှုအကြောင်း ဆက်ရရင် ...
အသတ်ခံရသူဟာ တယောက်တည်း ခရီးသွားခဲ့တာမဟုတ်ဘူးလို့ နေးရှင်းသတင်းစာ အွန်လိုင်းသတင်းတပုဒ် http://www.nationmultimedia.com/national/SRT-employee-says-he-was-drunk-when-he-inflicted-c-30238073.html မှာ ဒီနေ့ တွေ့ရပါတယ်။
သူ့နဲ့ ညီအစ်မတော်သူ ၂ ဦး၊ သူ့အစ်မဖြစ်သူရဲ့ရည်းစားတို့နဲ့အတူ ခရီးသွားတယ်၊ အခင်းဖြစ်ချိန် သူတို့ အိပ်ပျော်နေတဲ့သဘော ရေးပါတယ်။

ဒီနောက်ပိုင်း ရှာဖွေရေးလုပ်ပုံ၊ ရုပ်အလောင်းတွေ့ပုံတို့ကိုတော့ ဒီဘလော့ http://blog.irrawaddy.org မှာ မနေ့က ဖော်ပြပြီးပါပြီ။

ဒီမိန်းကလေးရဲ့ အစ်မဖြစ်သူကတော့ သူ့ညီမကို အကာအကွယ်မပေးခဲ့နိုင်တဲ့အတွက် သူ့ကိုယ်သူ အပြစ်တင်မိကြောင်း ဖေ့စ်ဘုတ်မှာရေးထားတယ်လို့ ဆိုတယ်။

မတရားကျင့်သူလို့ သံသယဖြစ်နေကြတဲ့ ရထားဝန်ထမ်းကို မနေ့က ရဲစခန်းသတင်းစာရှင်းလင်းပွဲမှာ အများမြင်အောင် ထုတ်ပြပါတယ်။
ဒီမိန်းကလေးရဲ့မိသားစုဆွေမျိုးတွေက တိုက်ခိုက်ထိုးနှက်ဖို့ ကြိုးပမ်းကြပါတယ်။ ဒါနဲ့ပဲ ရှင်းလင်းပွဲကို တခြားနေရာ ပြောင်းလုပ်ကြပါတယ်။

ပြစ်မှုကျူးလွန်သူဟာ တယောက်တည်းဟုတ်မဟုတ်ဆိုတာကို ရဲတွေက စုံစမ်းနေပါတယ်။
စုံစမ်းမှုကို ၇ ရက်အတွင်း အပြီးသတ် လုပ်ဆောင်ဖို့ ဒုရဲချုပ်က ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

နေးရှင်းသတင်း နောက်တပုဒ်မှာလည်း ဒီအမှုကျူးလွန်သူကို သေဒဏ်ပေးကွပ်မျက်ဖို့ Facebook မှာ တောင်းဆိုရေးသားနေကြကြောင်း ရေးထားပါတယ်။

လွန်ခဲ့တဲ့မိနစ်ပိုင်းအတွင်း တက်လာတဲ့ ဘန်ကောက်ပို့စ်သတင်းဖြည့်စွက်ချက်မှာတော့ သံသယဖြစ်ခံရသူဟာ အရင်ကလည်း မုဒိမ်းမှုကျူးလွန်တယ်လို့ ဝန်ခံထွက်ဆိုခဲ့ပါတယ် တဲ့။

သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ၂ ဦးကို မတရားကျင့်ခဲ့တယ်၊ သူတို့က ရဲကို မတိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် တတိယအကြိမ် ကျူးလွန်ဖို့ တွန်းအားဖြစ်ခဲ့ပါတယ် လို့ ရဲတပ်ဖွဲ့ကို ကိုးကား ရေးပါတယ်။

ဆက်စပ်

http://blog.irrawaddy.org/2014/07/blog-post_5202.html


http://burma.irrawaddy.org/%E1%81%80_rape/2013/09/09/47687.html

http://burma.irrawaddy.org/%E1%81%80_abuse/2013/09/28/48743.html
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved