One More အဖွဲ့ သိန်းလေးထောင် လှူဒါန်းနိုင်ခဲ့ပြီ

Wednesday, July 2, 2014

 ~



One More အဖွဲ့ တည်ထောင်ပြီး လူ ၁ ဦး၊ ၁ လ၊ ၁,ဝဝဝ နှုန်း စုဆောင်း လှူဒါန်းနေတာ ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ။
 

One More  ရဲ့တပ်မှူးတဦးဖြစ်တဲ့ ကိုမောင်မောင်စိုး

သုံးနှစ်ပြည့်တော့မယ့်အချိန်မှာ သိန်း ၄,ဝဝဝ လှူဒါန်းနိုင်ခဲ့ပြီလို့ သိရပါတယ်။

ကမ္ဘာကျော် သရုပ်ဆောင် ဂျက်လီရဲ့ One Foundation က ၁ ဦး၊ ၁ ယွမ် ထည့်ဝင် လှူဒါန်းတဲ့ အစီအစဉ်ကိုကြည့်ပြီး One More အဖွဲ့ တည်ထောင်ခဲ့တာပါ။

လူ ၁ ဦး၊ ၁ လ၊ ၁,ဝဝဝ နှုန်း ထည့်ဝင်တယ် ဆိုတာက သိပ်များတဲ့ ငွေပမာဏ မဟုတ်ပါဘူး။ သို့သော်လည်း လူများစွာ ထည့်ဝင်လာကြတာ သုံးနှစ်ပြည့်ချိန်မှာ သိန်း ၄,ဝဝဝ လှူဒါန်းနိုင်ခဲ့ပါပြီ။

ဒီလို စီစဉ်လှုပ်ရှားမှုဟာ ရှိပြီးသားအင်အားစုတွေကို အားထပ်ဖြည့်တဲ့သဘောပါပဲ လို့ One More အဖွဲ့က ရှင်းပြပါတယ်။

အလှူငွေတွေက အမှန်တကယ်လိုအပ်နေတဲ့နေရာတွေကို ရောက်သွားတာ တွေ့ရပါလိမ့်မယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လှူဒါန်းတာများပါတယ်။

သူတို့အဖွဲ့ သိပ်မကြာသေးခင်က လှူခဲ့တဲ့နေရာတွေကတော့ … ကျိုက်ထို၊ စဥ့်ကိုင်၊ ပြည်၊ ဒိုက်ဦး၊ လယ်ဝေး၊ ဖူးခက်၊ ကြံခင်း အစရှိတဲ့ ဒေသတွေက ပညာရေးဆိုင်ရာလုပ်ငန်းတွေမှာပါ။

မေလကုန်ခါနီး အကောင်အထည်ဖော်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျောက်တောင်ရွာ မှာ စက်ရေတွင်း၊ ရေကန် ဖြစ်မြောက်ရေး ကလည်း One More ရဲ့ အစီအစဉ်ပါပဲ။ ကျောက်တောင်ရွာ ဆိုတဲ့အတိုင်း ရေက ဘယ်လို ရှားပါးမလဲ ဆိုတာ နည်းနည်း စဉ်းစားကြည့်ပါဦး။ ဒီနေရာဟာ ဂဝံကျောက်ထွက်တဲ့ရွာပါ။ ရေကတော့ သိပ်မထွက်ဘူးလို့ ဆိုရမယ်။

ခက်ခက်ခဲခဲ စက်ရေတွင်းတူးတိုင်းလည်း ရေချိုထွက်တာ မဟုတ်ပါ။ ထွက်လာတဲ့ရေက အ

သုံးတည့်ဖို့လည်း လိုပါသေးတယ်။

အခုတော့ One More အဖွဲ့ရဲ့ ကူညီမှုနဲ့ ရွာမှာ သောက်သုံးရေ အဆင်ပြေပါပြီ။

One More အဖွဲ့ရဲ့ကူညီမှု ဆိုတာကလည်း အနယ်နယ်အရပ်ရပ်က စေတနာရှင်တို့ရဲ့ကူညီမှုပဲမဟုတ်လား။

ဟိုတုန်းကဆိုရင် အနီးဆုံးစမ်းချောင်းလေးတခုက ရေ ၁ ပုံး ရဖို့ အတွက် ၁ မိုင်ခရီးနှင်ရတယ်လို့ ဒေသခံတွေက ဆိုတယ်။

ကဲ… အခက်အခဲ ဘယ်လိုရှိမလဲ ဆိုတာ တွေးကြည့်ပါတော့။ သောက်သုံးရေ ရဖို့ အဲသလောက် သွားရပါမယ်။

ဆိုးတာက ရေခပ်လာတဲ့ အပြန်ခရီးက ကုန်းတက်ခရီးဖြစ်နေခြင်းပါ။

စက်ဘီးရှိရင် သုံးပုံးလောက် ချိတ်ပြီး သယ်နိုင်တယ်။ အပြန်မှာ စက်ဘီးကို တွန်းတက်ရမယ်။

ရေကို သွားမသယ်နိုင်ဘူး ဆိုရင်တော့ ၁ ပုံး - ကျပ် ၁ဝဝ ပေးဝယ်ရပါမယ်။

ကျပ် ၁ဝဝ ဆိုတာ ဘာမှ မဟုတ်ဘူး ထင်ရပေမယ့် ဒေသခံအများအပြားအတွက်တော့ ဒါက ဝန်ထုပ်ဝန်ပိုးပါ။ ရေကလည်း ၁ ရက်၊ ၁ ပုံးမက ကုန်မယ်၊ နေ့တိုင်း သုံးရမယ် မဟုတ်လား။

အခုတော့ ရေအတွက် ငွေကုန်စရာအကြောင်း မရှိတော့ဘူး။ ပြီးတော့ ဝေးဝေးလံလံ သွားစရာ မလိုတော့ပါဘူး။

အသက် ၈၅ နှစ်အရွယ် ဒေါ်ပုလေးကတော့ သူ့အိမ်နား ရေတွင်းတူးထားလို့ ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။
ရေတွင်းဖြစ်မြောက်ရေး ပါဝင်ကြသူများ အားလုံး၊ အလှူရှင်များအားလုံးကို ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ် ပြောပြပါတယ်။

ရေတွင်းအလှူအတွက် ရေစက်ချအခမ်းအနားကို အဲဒီရွာမှာ အကျယ်မချဲ့ဘဲ မကြာသေးခင်က ပြုလုပ်ပါတယ်။
အခမ်းအနားမှာ ရေတွင်းဖြစ်မြောက်လာပုံ နဲ့ One More အဖွဲ့အကြောင်းတို့ကိုလည်း ရှင်းပြပါတယ်။
အခမ်းအနားလုပ်နေတုန်း မင်္ဂလာရှိတဲ့သတင်းတပုဒ် ဝင်လာပါတယ်။ အဲဒါကတော့ နိုင်ငံတကာရောက် မြန်မာများက ပေးအပ်တဲ့ ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုတဆုကို One More အဖွဲ့ ရရှိသွားတယ် ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။

စက်ရေတွင်း၊ ရေကန်တို့ကြောင့် ယခင်ကထက် ပိုမို အဆင်ပြေသွားတဲ့ ကျောက်တောင်ရွာမှာ ရိုက်ကူးထားတဲ့ ပုံတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ရေတွင်းအလှူ ရေစက်ချပွဲအစီအစဉ် မတိုင်ခင် One More အကြောင်း ရှင်းပြနေတဲ့ ပြည်သွေးနိုင်။
ခေတ်ရနံ့ မဂ္ဂဇင်း အယ်ဒီတာ ပြည်သွေးနိုင်က One More အဖွဲ့ကို ဦးဆောင်သူတဦးဖြစ်ပါတယ်။


http://blog.irrawaddy.org/2012/10/one-more.html
http://blog.irrawaddy.org/2013/05/one-more.html
 


စက်ရေတွင်းကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ ဒေသခံ ဒေါ်ပုလေး
ဟိုတုန်းကတော့ ရေရဖို့အတွက်  စက်ဘီးမှာ ရေပုံး နှစ်ပုံးသုံးပုံး ချိတ်တင်ပြီး  ရွာအထိ တွန်းခဲ့ရတာပါ။
အခုတော့  အနယ်နယ်အရပ်ရပ်ကူညီမှု၊ One More ရဲ့ စီစဉ်မှုတို့ကြောင့် ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါပြီ။

ဒေသခံများ၊ စက်ရေတွင်း နဲ့ ရေကန် ဖြစ်မြောက်ရေး ဆောင်ရွက်သူများ



ဒေသခံ ကလေးငယ်များနဲ့  ကဗျာဆရာ နီလင်းသန်း။
ဆရာနီလင်းသန်းက One More အဖွဲ့နဲ့ ဆက်စပ် လုပ်အားပေးနေတာ ကြာပါပြီ။

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved