လယ်ပြန်တောင်းတဲ့ ကန်ကြီးထောင့် လယ်သမားကို ခြေချုပ် ၁ နှစ်ချ

Saturday, August 2, 2014

 ~



 
အသိမ်းဆည်းခံလယ်မြေတွေ ပြန်ရရေးအတွက် ဦးဆောင်လှုပ်ရှားနေတဲ့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှ လယ်သမားဦးခင်မြင့်ကို   မြို့နယ်  တရားရုံးက ခြေချုပ်ပြစ်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပါတယ်။



ဘုရားချောင်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာက လယ်သမားဦးဆောင်သူ ဦးခင်မြင့်ဟာ နေထိုင်ရာဒေသအတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် စိုးရိမ်ရသောကြောင့် မလိုလားအပ်သောအခြေအနေများ မဖြစ်ပေါ်စေရန် ခြေချုပ်ပုဒ်မ ၅၁ (စ/ဆ) အရ ၁ နှစ်အတွင်း ကောင်းမွန်စွာနေထိုင်ရန်ဆိုပြီး မြို့နယ်တရားရုံးက တနင်္လာနေ့မှာ စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

“တရားရုံးက ကျနော့်ကိုမေးတယ်။
ခြေချုပ်ပုဒ်မအမှုအပေါ် ၀န်ခံမလား၊ ဒါမှမဟုတ် ၁ နှစ်အတွင်း ကောင်းမွန်စွာနေပါမယ်ဆိုပြီး လူတယောက်အာမခံပေးပြီး လက်မှတ်ထိုးမလားပေါ့နော်။
ကျနော်ကတော့ ရပ်ရွာထဲမှာ မူးယစ်ရမ်းကားတာလဲ မရှိဘူး။
 ဆူပူအောင် လှုံ့ဆော်တာလည်း မရှိလို့ နှစ်ခုစလုံး မလုပ်နိုင်ဘူး ဆိုပြီး မ၀န်ခံဘဲ ငြင်းခဲ့တယ်။
 ဒါပေမယ့် တရားရုံးက အပြစ်ရှိတယ်ဆိုပြီး ခြေချုပ်ပုဒ်မနဲ့ ၁ နှစ် ချလိုက်တယ်”လို့ ဦးခင်မြင့်က ဧရာဝတီကို ပြောပါတယ်။

ကန်ကြီးထောင့်မြို့နယ်ထဲက ဧရာရွှေဝါကုမ္ပဏီ သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေ ပြန်ရရေးအတွက် ဦးဆောင်လှုပ်ရှားနေသူ ဦးခင်မြင့်ဟာ လယ်သမားတွေကို ဆူပူအောင် သွေးထိုးလှုံ့ဆော်ပေးနေတယ် ဆိုပြီး
ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က တိုင်တန်းခဲ့ရာမှာ ကန်ကြီးထောင့်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က စစ်ဆေးပြီးတဲ့နောက် ခြေချုပ်ပုဒ်မနဲ့ တရားစွဲခဲ့တာဖြစ်တယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

ကန်ကြီးထောင့်မြို့နယ် လယ်/စီအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ရဲတပ်ဖွဲ့က ဦးခင်မြင့်ကို ဇူလိုင်လ ၉ ရက်နေ့မှာ ဖမ်းဆီးပြီး ကန်ကြီးထောင့်မြို့မစခန်းထဲမှာ ချုပ်နှောင်ထားခဲ့ပါတယ်။
အချုပ်ထဲမှာ ၁၉ ရက်ကြာ ချုပ်နှောင်ပြီးတဲ့နောက် တရားရုံးက ပြစ်ဒဏ်ချတဲ့ ၂၈ ရက်နေ့မှာ ဦးခင်မြင့်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က လယ်သမားကိုခြေချုပ်လုပ်တာနဲ့ပတ်သက်ပြီး   ဧရာဝတီသတင်းဌာနကို အခုလို ပြောပြပါတယ်။

“ကျေးရွာရဲ့တင်ပြတိုင်တန်းချက်အရခြေချုပ်လုပ်ထားတာပါ။
 ခြေချုပ်ဆိုတာက ကျနော့်သဘောနဲ့ လုပ်ချင်တိုင်းလုပ်လို့ မရပါဘူး။
 ကျေးရွာလယ်စီအဖွဲ့ရဲ့ တင်ပြလာတဲ့အချက်အလက်တွေကို သေချာစိစစ်ဖို့ အစည်းအဝေး ၂ ကြိမ် ထိုင်ခဲ့တယ်။
အဲဒါတွေ စိစစ်ပြီးအထောက်အထားတွေ ခိုင်လုံပြီဆိုတော့မှ အစည်းအဝေး ဆုံးဖြတ်ချက်အရလုပ်တာပါ”

ဦးခင်မြင့်ဟာ ကန်ကြီးထောင့်မြို့နယ်မှာဒုတိယမြောက် ခြေချုပ်နဲ့ အဖမ်းခံရတဲ့ လယ်သမား ဖြစ်ပါတယ်။
 ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းကလည်း ဦးညို ဆိုတဲ့လယ်သမားကိုကန်ကြီးထောင့်မြို့နယ် အာဏာပိုင်တွေက ခြေချုပ်ပုဒ်မနဲ့ အချုပ်ထဲထည့်ထားခဲ့ဖူးပါတယ်။

ခြေချုပ်ပုဒ်မ ၅၁ (စ၊ ဆ) ဆိုတာကတော့ ရပ်ရွာထဲမှာ ပြစ်မှုတစုံတရာကို အမြဲကျူးလွန်လေ့ရှိသူ၊ ရပ်ရွာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းကို အမြဲထိခိုက်ပျက်စီးစေသူ၊
ရပ်ထဲရွာထဲမှာ ဘယ်လိုမှ တားဆီးထိမ်းသိမ်းလို့မရတဲ့သူတွေကိုသာ အဲဒီပုဒ်မနဲ့ တရားစွဲဆိုရတာဖြစ်ကြောင်း ပုသိမ်မြို့က ရှေ့နေ ဦးဇော်ဝင်းအောင်က ရှင်းပြပါတယ်။

ကာယကံရှင်ဦးခင်မြင့်ကတော့   ကျေနပ်မှုမရှိတဲ့အတွက်   ခရိုင်တရားရုံးဆီ အယူခံတက်သွားမယ်လို့  ဆိုပါတယ်။

“ကျနော်က ရပ်ရွာမှာ ကျန်းမာရေးလုပ်သားတဦးလည်း ဖြစ်တယ်။ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူအဖွဲ့ ဥက္ကဋ္ဌလည်း တာဝန်ယူထားပါတယ်။
မူးယစ်သောက်စား ရမ်းကားတာလည်း မရှိတဲ့အကြောင်း ရွာကလူတွေ မေးကြည့်လို့ရပါတယ်။
ကျနော်လုပ်တာက လယ်သမားတွေ လယ်မြေဆုံးရှုံးတဲ့ကိစ္စ ပြန်ရရေးအတွက် သက်ဆိုင်ရာကို တင်ပြတဲ့စာတွေ ရေးပေးတယ်။ စာတင်ပေးတယ်။
အဲဒါကို တရားရုံးက ခြေချုပ် ၁ နှစ်ချတဲ့အပေါ်မှာ ကျေနပ်မှုမရှိပါဘူး။ ဒါကြောင့် ခရိုင်ကို အယူခံတက်ဖို့ပြင်ဆင်နေပါတယ်” 

လယ်သမားဦးခင်မြင့်တို့ နေထိုင်တဲ့ ဘုရားချောင်းကျေးရွာအုပ်စုအတွင်းမှာ ဧရာရွှေဝါကုမ္ပဏီက သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေ ၄၅၂ ဧကရှိပြီး မူလပိုင်ရှင်လယ်သမားအများစုဟာဒီကနေ့အထိ သူတို့ လယ်ယာမြေတွေ ပြန်မရသေးကြောင်း သိရပါတယ်။

ဆလိုင်းသန့်စင်

http://blog.irrawaddy.org/2014/02/blog-post_3000.html
http://blog.irrawaddy.org/2013/07/blog-post_3613.html
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved