၉ နှစ်အရွယ် ကလေးမ အူဇီနဲ့ပစ်လို့ နည်းပြဆရာသေဆုံး

Thursday, August 28, 2014


 ~



အမေရိကန်နိုင်ငံ Las Vegas မြို့ သေနတ်ပစ် လေ့ကျင့်ကွင်းတခုမှာ  အသက် ၉ နှစ်အရွယ် ကလေးမတယောက်က နည်းပြဆရာကို အူဇီ စက်သေနတ်နဲ့ မတော်တဆ ပစ်ခတ်မိသွားပါတယ်။
တနင်္လာနေ့ကပါ။

 

ဘယ်လိုပစ်ခတ်ရတယ်ဆိုတာ ရှင်းပြနေတဲ့ ဘေးက နည်းပြဆရာကို ဆေးရုံပို့လိုက်ရပြီး အဲဒီနေ့က ဆေးရုံမှာပဲ အဲဒီဆရာ ကွယ်လွန်ပါတယ်။

အပျော်ခရီးမှာ မိဘတွေက တယ်လီဖုန်းနဲ့ အမှတ်တရ ဗီဒီယိုရိုက်ကူးရာမှာ အဲဒီမတော်တဆဖြစ်စဉ်ကိုလည်း ရိုက်ကူးမိခဲ့ပါတယ်။
ရုပ်သံမှာ တွေ့ရတာကတော့ ဒီကောင်မလေးက စက်သေနတ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ခြင်း မရှိပါဘူး တဲ့။

(အပေါ်က ပုံကိုတော့ အဲဒီ ရုပ်သံမှတ်တမ်းထဲကနေ ယူထားခြင်း ဖြစ်ပါတယ်။) 
ဒီရုပ်သံဖိုင်ကို ဒေသခံ အုပ်ချုပ်ရေးအာဏာပိုင်ဆီ ပို့ပါတယ်၊ အာဏာပိုင်အဖွဲ့က အဲဒီရုပ်သံကို အများသိအောင် ထုတ်ပြန်တဲ့အတွက် ဒီမတော်တဆမှုက ကမ္ဘာကျော်သွားရပါပြီ။

မိသားစု အပျော်ခရီးမှာ ဒီကလေးလက်ထဲ  စစ်ပွဲတွေမှာသာသုံးတဲ့လက်နက် ဘာကြောင့် ရောက်သွားသလဲ ဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာမှာ လက်နက်မျိုးစုံ စမ်းသပ် ပစ်နိုင်တဲ့ သေနတ်ပစ် လေ့ကျင့်ကွင်းတခုမှာ မောင်းပြန်သေနတ်၊ စက်သေနတ်၊ လောင်ချာ စသဖြင့် ကိုယ်စိတ်ကူးဖူးတဲ့သေနတ်ကို ပစ်ခတ်လို့ရပါတယ်။

ဝန်ဆောင်ခအနေနဲ့ တယောက်ကို အနည်းဆုံး ဒေါ်လာ ၂ဝဝ ပေးရပါမယ်။ ရေကာတာရှုခင်းကြည့်မယ်၊ ပစ်ကွင်းမှာ ပစ်မယ် ခတ်မယ်၊ နေ့လယ်စာ ဟမ်ဘာဂါ စားမယ် စသဖြင့် ဝန်ဆောင်မှုတွေ ပါပါတယ်။
အနီးအနား ရဟတ်ယာဉ်နဲ့ ရှုခင်းကြည့်တဲ့ ဝန်ဆောင်မှုမျိုးလည်း ရှိပါတယ်။

မောင်းပြန်သေနတ်တွေကို ကစားစရာလို သတ်မှတ်ထားသလား။ ခုတော့ ဘာမှမဟုတ်ဘဲ လူတယောက် သေရပြီ။
ဒီကလေးလည်း တသက်လုံး စိတ်ဒဏ်ရာ ရသွားတော့မယ် လို့ ဆိုသူက ဆိုပါတယ်။

သေနတ်ကို လိုင်စင်နဲ့ ကိုင်ဆောင်သူတချို့ကလည်း ကလေးတွေကို သေနတ်ပစ်ပုံပစ်နည်း သင်ပေးတာဟာ တရားဝင်တယ်၊ အဲဒီမြို့ နေရာအတော်များများမှာတော့ လုပ်နေကျပဲလို့ ဆိုကြပါတယ်။

အဲဒီ အပျော်ခရီးအကျိုးဆောင်လုပ်ငန်းရှင်ကတော့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြန်စဉ်းစားစရာ ဖြစ်လာပြီလို့ ဆိုတယ်။
ဒီလုပ်ငန်းက သက်တမ်း ၁၄ နှစ် ကြာခဲ့ပြီ၊ ဒီလို မတော်တဆမှုမျိုး မဖြစ်ဖူးဘူး တဲ့။ 

ဒီရဲ့ အရီဇိုးနားပြည်နယ်မှာ သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အသက် ကန့်သတ်ထားခြင်း မရှိဘူးလို့ ဆိုတယ်။
ဗဟိုအစိုးရဥပဒေမှာတော့ သေနတ်ပိုင်ဆိုင်ဖို့ဆိုရင် အသက် ၁၈ နှစ် ပြည့်ပြီး ဖြစ်ရပါမယ်။

တချို့သော သေနတ်ပစ်ကွင်းတွေမှာတော့ ကလေးတွေကို အကြီးစားလက်နက် ပစ်ခတ်ခွင့် တားမြစ်ထားတယ်လို့ ဆိုတယ်။
အူဇီ စက်သေနတ်က အကြီးစားလက်နက်လား ဆိုတဲ့ မေးခွန်းက ဖြေရခက်ပါလိမ့်မယ်။
ကိုင်ရတာ ပေါ့ပါးတယ်၊ ပစ်အားပြင်းမယ်၊ ပြီးတော့ ပစ်တဲ့အခါ နောက်ပြန်ကန်မှု ပြင်းထန်လို လူကြီးတယောက်အတွက်တောင် ကိုင်တွယ်ရ ခက်မယ် ဆိုပြီး လက်နက်ကျွမ်းကျင်သူတို့က ဆိုတယ်။

အူဇီကို အစ္စရေးစစ်တပ်က ၁၉၅၀ ဝန်းကျင် နှစ်တွေတုန်းက တီထွင်ခဲ့ခြင်းပါ။
ရိုးရှင်းတဲ့ဒီဇိုင်း၊ ရိုးရှင်းတဲ့အလုပ်လုပ်ပုံတို့ကြောင့် ထင်ရှားတဲ့သေနတ်ဖြစ်လာပြီး နာမည်ကြီးရုပ်ရှင်တွေ ဂိမ်းတွေမှာပါ ထည့်ရိုက် ထည့်သုံးလာပါတယ်။

တချို့သော ပစ်ကွင်း လုပ်ငန်းရှင်တွေကတော့ ဒီလောက်ငယ်တဲ့ကလေးကို ဒီလိုသေနတ်မျိုး ပေးပြီး ပစ်ခိုင်းတာမျိုး ခွင့်ပြုစရာအကြောင်း လုံးဝမရှိဘူးလို့ ဆိုကြပါတယ်။

၂၀၀၈ ခုနှစ်ကလည်း မန်ဆာချူးဆက်ပြည်နယ်မှာ အူဇီ သေနတ်ကြောင့် သေဆုံးမှု ဖြစ်ခဲ့ပါတယ်။
သေဆုံးသူကတော့ ပစ်ကွင်းမှာ သေနတ်စမ်းပစ်တဲ့ အသက် ၈ နှစ်အရွယ် ကောင်လေးပါပဲ။

လက်နက်ငယ်တွေကို မိဘအုပ်ထိန်းသူရဲ့မျက်စိရှေ့မှာ၊ ပစ်ကွင်းတာဝန်ကျဝန်ထမ်းရဲ့အနားမှာ ဆိုရင် အဲဒီကလေး ပစ်ခွင့် ရှိကြောင့် အဲဒီပြည်နယ်ဥပဒေမှာ ပြဋ္ဌာန်းပါတယ်။
သို့သော်လည်း အူဇီလိုမျိုး သေနတ်က အဲဒီ လက်နက်ငယ် ဆိုတာထဲ မပါပါ။

၈ နှစ်ကလေးကို သူ့ဖခင်ကိုယ်တိုင်က အူဇီ စမ်းပစ်ဖို့ ရွေးပေးခဲ့တယ်လို့ ဆိုတယ်။ ကောင်လေး သူ့ကိုယ်သူပစ်မိပြီး ကွယ်လွန်ပါတယ်။
နောက်တနှစ်မှာ လက်နက်နဲ့ပတ်သက်ပြီး အဲဒီ ပြည်နယ်ဥပဒေကို တင်းကျပ်ပါတယ်။

ဒါကတော့ နယူးယောက်တိုင်းမ်သတင်းစာပါ သတင်းဆောင်းပါးတပုဒ်ကို ကောက်နုတ် ဘာသာပြန်လိုက်တာပါ။
အပြည့်အစုံကို http://www.nytimes.com/2014/08/28/us/arizona-firing-range-instructor-killed-by-girl-9-in-accident.html?ref=us မှာ ဖတ်နိုင်ပါတယ်။

ဒီနှစ်ထဲ လက်နက် မတော်တဆမှုနဲ့ သေဆုံးရတဲ့ ကလေး အရေအတွက်က အနည်းဆုံး ၄၅ ယောက် ရှိတယ်လို့ အဲဒီမှာ ဆက်ရေးပါတယ်။
အိမ်မှာ ကျည်ဖြည့်ပြီးသားသေနတ်ကို တွေ့ရှိ ကိုင်တွယ်ရာကနေ ဒီအမှုတွေ ဖြစ်ခဲ့ခြင်းပါ။

အမေရိကန်မှာ လိုင်စင်နဲ့ သေနတ်ကိုင်ခွင့်ပြုရာကနေ အိမ်မှာ လူကြီးတွေ ကိုယ့်ကိုယ့်ကိုယ် ကာကွယ်ဖို့ သိမ်းဆည်းထားတဲ့ သေနတ်ကို ကလေးတွေ တွေ့ပြီး လက်ဆော့ရာကနေ  ဒီနှစ်ထဲ ၄၅ ဦး သေဆုံးရခြင်း ဖြစ်ပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved