ကိုရီးယားကားကြည့်ပြီး မိန်းကလေးတွေပျက်စီးတယ်ဆိုတာ မဟုတ်ပါဘူး

Monday, August 11, 2014

 ~




သဲမာသင်း (ခ) သဲသဲ၊
၂၄ နှစ်၊
B.Sc (I.C) (Bachelor of Science in Industrial Chemistry)၊
ဒဂုံတက္ကသိုလ်၊ ရန်ကုန်မြို့။
  .


  
(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

ညီမ ရည်မှန်းချက်စိတ်ကူးက ညီမက အေးဆေးနေချင်တဲ့သူမို့ထင်တယ် ...  Coffee Shop လေးဖွင့်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ပြီး အေးအေးဆေးဆေးလေး နေချင်တယ်။

လက်ရှိက INGO (International Non-Government Organization) တခုမှာ Finance Assistant ဝင်လုပ်နေတယ်။ ညီမက LCCI Level 3 ပြီးထားတယ်။ အခုလက်ရှိက လုပ်ငန်းအတွေ့အကြုံယူတဲ့အနေနဲ့ အလုပ်ဝင်လုပ်နေတာ၊ နောက်ထပ် ၂ နှစ်လောက်ဆိုရင်တော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခု စလုပ်နိုင်မယ်လို့တော့ ရည်မှန်းထားတယ်။ လောလောဆယ်မှာတော့ အိမ်ကလည်း ပေးမလုပ်သေးတာပါတယ်။

 ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်။ ပြီးတော့ ရေကူးရတာ ကြိုက်တယ်။ ဓာတ်ပုံရိုက်ရင် ပို့စ်တွေဘာတွေတော့ သိပ်မလုပ်တတ်ဘူး။ များသောအားဖြင့်တော့ Cuttie ပို့စ်လေးတွေ လုပ်ဖြစ်တယ်။ ရေကူးတာကို အခုနောက်ပိုင်း သိပ်မကူးဖြစ်ဘူး။ အရင်တုန်းကတော့ မြရိပ်ညိုမှာ ညီမရဲ့ အစ်မတွေနဲ့ အတူ ပုံမှန်သွားကူးတယ်။

အားကစားမှာတော့ ညီမက Table Tennis ရိုက်တယ်။ ငယ်ငယ်တုန်းက လက်ရွေးစင်တွေဘာတွေ ရခဲ့ဖူးတယ်။ မှတ်မှတ်ရရ ပြောရရင်တော့ အဖေက ဝန်ထမ်းဆိုတော့ တာဝန်ကျတဲ့နယ်တွေ ပြောင်းပြီး အလုပ်လုပ်ရတာလေ။ အဲဒီတုန်းက ပင်လယ်ဘူးဆိုတဲ့ မြို့လေးကို ပါသွားတာ။ အဲဒီတုန်းက ညီမက ခြောက်တန်းမှာ၊ Table Tennis အားကစားကို မုံရွာခရိုင်မှာသွားပြိုင်ရတယ်။ နောက် မန္တလေးတိုင်း အဆင့်ထိ လက်ရွေးစင်အနေနဲ့ ပါခဲ့တယ်။

 


Language အနေနဲ့က လက်ရှိမှာ အင်္ဂလိပ်စာ Self-Study လုပ်ပြီး လေ့လာနေတယ်။ တခြား Language ဆိုရင်တော့ အရင်က အိမ်မှာ ဂျပန်စာကို ဆရာခေါ်သင်ဖူးတယ်။ အခုတော့ ဂျပန်စာကို နားထားတယ်။ ဆက်မလုပ်ဖြစ်သေးဘူး။ အင်္ဂလိပ်စာကို American Center မှာရှိတဲ့ Library မှာ သွားပြီး လေ့လာနေပါတယ်။

Language က လူငယ်တွေကြားမှာ ဒီခေတ်မှာ ဘယ်လောက်ထိအရေးပါတယ်လို့ မြင်မိလဲဆိုတော့ တော်တော်ကြီးကို အရေးပါပါတယ်။ ညီမဆိုရင် INGO မှာ အလုပ်လုပ်နေတဲ့အတွက် နေ့စဉ်လုပ်ငန်းခွင်ထဲမှာ ကြုံတွေ့နေရတာ ဆိုတော့ နေ့တိုင်း နိုင်ငံခြားသားတွေနဲ့ ပြောဆိုနေရတယ်။ မေးလ်တွေပို့ရတယ်။ နေ့စဉ် ကြုံတွေ့ အလုပ်လုပ်နေရတော့ English Language က အရမ်းကို အရေးကြီးပါတယ်။ လူငယ်တိုင်း တတ်ထားသင့်ပါတယ်။ ဒီ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ရေးဖတ်ပြော နားထောင်နားလည်နိုင်မှ ဝင်ငွေကောင်းတဲ့ အလုပ်တွေ အများကြီးရွေးချယ်လုပ်ကိုင်နိုင်မယ်လို့ မြင်မိတယ်။

 

အားတဲ့အချိန်မှာ ဖတ်ဖြစ်တဲ့ စာအုပ်တွေကတော့ တရားစာအုပ်တွေ၊ ပြီးတော့ အသိဥာဏ်တိုးစေတဲ့ စာအုပ်တွေ၊ ဆုံးမထားတဲ့ အဆုံးအမစာအုပ်လေးတွေ ဖတ်ဖြစ်တယ်။ အချစ်ဝတ္ထုတွေဘာတွေ ဖတ်ရတာတော့ မကြိုက်ဘူး။

ဂီတကတော့ အမျိုးအစားအကုန် နားထောင်တယ်။ ရော့ခ်လည်း ကြိုက်တယ်။ ဟစ်ဟော့ပ်လည်း ကြိုက်တယ်။ လက်ရှိအကြိုက်ဆုံး အဆိုတော်ဆိုရင်တော့ လွှမ်းပိုင်ကိုကြိုက်တယ်။ လတ်တလော သူရဲ့“ဂီတစာဆို လွှမ်းပိုင်” အခွေကို နားထောင်နေမိတယ်။ အဲဒီ အခွေထဲက “ကျိန်စာ” ဆိုတဲ့ သီချင်းကို အကြိုက်ဆုံးပါ။

Music မှာ K-Pop သီချင်းတွေလည်း ကြိုက်ပါတယ်။ အရမ်းတော့ နားမထောင်ဖြစ်ဘူး။ အခုလာတဲ့ 2NE1 Girl Band ကိုလည်း ကြိုက်တယ်။ ဒါပေမယ့် ဒီရှိုးကို အိမ်က ခွင့်မပြုလို့ မကြည့်ဖြစ်ဘူး။ ညီမက ရှိုးပွဲဆိုရင် ညဘက်ရှိုးတွေ မကြည့်ဖြစ်ပါဘူး။ နေ့ခင်းဘက်လုပ်တဲ့ ဟစ်ဟော့ပ်ရှိုးတွေဆိုရင် ကြည့်ဖြစ်တယ်။

ဘဝမှာ အလေးစားဆုံးပုဂ္ဂိုလ်ကိုပြောပါဆိုရင်တော့ ညီမရဲ့ အဖေပါ။ ဘာကြောင့်လဲဆိုတော့ အဖေက ရာထူးကြီးထဲက အစိုးရဝန်ထမ်း လုပ်ခဲ့တယ်။ ဒါပေမယ့် သူက တခြားဝန်ထမ်းတွေလို လာဘ်ပေးလာဘ်ယူ လာဘ်စားတာမျိုးတွေ မရှိဘူး။ သူ့လစာလေးနဲ့သူ ဖြောင့်ဖြောင့်မှန်မှန်နေခဲ့တယ်။ သူ့အလုပ်ကိုလည်း တန်ဖိုးထားတယ်၊ လေးစားတယ်၊ အဖေက ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန်ပဲ အလုပ်လုပ်တယ်။ အဲဒါကြောင့် ညီမက အဖေ့စိတ်ဓာတ်ကို လေးစားတာပါ။

ညီမ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်တော့မရှိဘူး။ ညီမက အေးအေးဆေးဆေးသမား ဆိုတော့ အားလုံးကို ကိုယ်ချင်းစာစိတ်နဲ့နေရင် အရာရာအေးချမ်းပြီး အရာရာ အဆင်ပြေမယ်လို့ ထင်ပါတယ်။

လူငယ်တွေကြားမှာ အခုကြုံတွေ့နေရတဲ့ ကိုးရီးယားခေတ်ရေစီးနဲ့ ပတ်သက်ပြီး ပြောရရင် တော်တော်များများ အထင်လွဲနေကြတာ တွေ့ရတယ်။ အခုနောက်ပိုင်း ကိုးရီးယားဇာတ်လမ်းတွဲတွေ ခေတ်စားလာတော့ ညီမတို့ ဒီခေတ် မိန်းကလေးတွေကို ကိုးရီးယားကားတွေ ကြည့်ပြီး ပျက်စီးနေကြတယ်ဆိုပြီး ပြောကြတယ်ပေါ့။ အိမ်ထောင်ရှိရက်နဲ့ ဖောက်ပြန်တာတို့ ရည်းစားရှိရက်နဲ့ ဖောက်ပြန်တာ၊ သစ္စာဖောက်ခံရတာတွေ ရှိတယ်။ ဒါကို Facebook ပေါ်မှာလည်း တွေ့နေရတယ်။

အဲဒါကို မိန်းကလေးတွေက ကိုးရီးယားကား ကြည့်လို့ အတုယူပြီး ပျက်စီးနေကြတယ်လို့ ပြောကြတာဟာ အမှန်တော့ အဲဒါကြောင့် မဟုတ်ပါဘူး။ ကိုးရီးယားကား ကြည့်ကြတာတော့ အားလုံးကြည့်ကြတာပဲ။ ကောင်းတာလေးတွေပဲ ကြည့်၊ ကောင်းတာတွေပဲ ခံယူပြီး အတုယူတတ်မယ်ဆိုလည်း ယူလို့ရပါတယ်။ မကောင်းတာကို ခံယူတယ်ဆိုရင် ခံယူတဲ့သူ အပေါ်ပဲ မူတည်တယ်လို့ ထင်ပါတယ်။
 

 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved