ရှော့ပင်းမောထဲက အဆင့်မြင့် ဝက်သားတုတ်ထိုး

Monday, August 11, 2014



 ~





ဝက်သားတုတ်ထိုးဆိုတာ မြန်မာ့ရိုးရာ အစားအစာတခု မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာတွေနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးအသားကျနေတဲ့ အစားအသောက်တမျိုးဆိုတာတော့ သေချာပါတယ်။

 


  • (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)


အစားအသောက်နဲ့ ပတ်သက်ရင် အင်မတန်အသန့်ကြိုက်ပြီး ဇီဇာကြောင်တတ်သူတွေ၊ လမ်းဘေးစာ ရှောင်သူတွေတောင် ဝက်သားတုတ်ထိုးနဲ့ ပတ်သတ်လာရင် သိပ်ပြီး စိတ်မခိုင်တတ်ကြဘူး မဟုတ်လား။

လမ်းဘေးမှာရောင်းတဲ့ အငွေ့တထောင်းထောင်း ဝက်သားတုတ်ထိုးဗန်းကြီးရှေ့မှာ ထိုင်ပြီး ကိုယ်နှစ်သက်ရာရာကို လက်ညှိုးထိုးလို့ လှီးခိုင်းပြီး တုတ်ထိုးတံလေးတွေကို အချဉ်ရည်ခွက်ထဲနှစ်လို့စားရင်း ဟင်းရည်ပူပူလေးသောက်လိုက်၊ ကြက်သွန်ဖြူ ငရုတ်သီးလေးကိုက်လိုက်နဲ့ ချွေးလေးစို့ရတဲ့အရသာကို မြို့ပြနေလူတန်းစားအားလုံးလိုလို (အထူးသဖြင့် လူငယ်ဘဝမှာ) ကြုံတွေ့ဖူးကြမှာ မလွဲပါဘူး။

နိုင်ငံရပ်ခြားရောက်ပြီး အမိမြေနဲ့ နှစ်ကာလအတိုင်းအတာတခုအထိ ဝေးကွာနေကြတဲ့ မြန်မာတွေ မြန်မာပြည်ပြန်ရောက် တာနဲ့ “စားလိုက်မယ်ဟဲ့” ဆိုပြီး စိတ်ကူးယဉ်ထားတတ်ကြတဲ့အထဲမှာလည်း ဝက်သားတုတ်ထိုးက မြန်မာရဲ့ typical အစားအစာ ဖြစ်တဲ့ မုန့်ဟင်းခါးနဲ့ အပြိုင်ပဲဖြစ်ပါလိမ့်မယ်။

အခုတော့ အဲဒီလို လမ်းဘေးမှာ အထမ်းနဲ့ရောင်းတဲ့ ဝက်သားတုတ်ထိုးဟာ အဲကွန်းတပ်ထားတဲ့ အဆင့်မြင့် ရှော့ပင်းမောထဲ ရောက်လို့လာပါပြီး။ ဆိုင်နာမည်ကို Pork n’ Stick လို့ ပေးထားပါတယ်။ မြန်မာလို ဝက်သားတုတ်ထိုး ပဲပေါ့။ မြေနီကုန်း စီးတီးမတ်မှာ ၂၀၁၃၊ အောက်တိုဘာလက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ရွှေဂုံတိုင်  Ocean က ဆိုင်ကိုတော့ ဒီနှစ် ဇွန်လက ဖွင့်ခဲ့တာပါတဲ့။

 


ဆိုင်ရှင်ဖြစ်သူ ကိုရဲနန္ဒကတော့ သူကိုယ်တိုင်လည်း ဝက်သားတုတ်ထိုးကြိုက်သူဖြစ်ပြီး လမ်းဘေးမှာ လူတွေ ကားတွေဖြတ်သွားတဲ့ကြားမှာ၊ သန့်ရှင်းမှုကို စိတ်မချရတဲ့ အနေအထားမှာ မစားလိုသူလည်း ဖြစ်တဲ့အတွက် ဒီဆိုင်ကို ဖွင့်ဖြစ်တာပါလို့ ဆိုပါတယ်။ ဒီဆိုင်မှာတော့ ကားလမ်းမဘေး မဟုတ်သလို ဝန်ထမ်းတွေရဲ့ သန့်ရှင်းရေးကို သတိပြုပြီး အစားအသောက်ကိုင်တွယ်ရမှာလည်း လက်အိတ်နဲ့ကိုင်တွယ်စေပြီး အဲဒီလက်အိတ်ကိုလည်း တခါသုံးပြီးတာနဲ့ စွန့်ပစ်စေတယ်လို့ဆိုပါတယ်။

လမ်းဘေးက ဝက်သားတုတ်ထိုးကို ဘားဆိုင်မှာထိုင်စားရသလို ထိုင်ခုံမြင့်မြင့်တွေနဲ့ထိုင်ပြီး စားရပေမယ့် လမ်းဘေးမှာစားရတဲ့ ခံစားချက်မျိုးလည်း မပျောက်စေရအောင် စီမံထားတာတွေ့ရပါတယ်။ အဲဒါကတော့ စားသုံးသူရဲ့ရှေ့တည့်တည့်မှာ စတီးနဲ့ပြုလုပ်ထားတဲ့ စွတ်ပြုတ်ရည်ကန်ကလေးတွေရှိပြီး စားတော့မယ်ဆိုမှ ဟင်းရည်ကို ဂက်စ်မီးနဲ့ ပူနွေးအောင် ပြုလုပ်ပေးတာမို့ အဲဒီ စွပ်ပြုတ်ရည်ထဲကို လမ်းဘေးဆိုင်မှာလိုပဲ ကိုယ်စားမယ့် တုတ်ထိုးတံကလေးတွေကို နှစ်ပြီး ပူပူနွေးနွေး စားနိုင်တာပါ။

ဆိုင်မှာ ဝက်သားတုတ်ထိုးအပြင် ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ထမင်းဆီဆမ်း၊ ကော်ရည်ခေါက်ဆွဲ၊ ဖက်ထုပ်ကြော်၊ ဝက်သားကော်ပြန့်၊ ဝက်ခေါင်းသုပ်၊ ငပိထမင်းကြော်၊ ဆီချက်၊ ကန်စွန်းရွက်သုပ် စတဲ့ အဆာပြေစာတွေလည်း ရနိုင်ပါတယ်။ ဒါ့အပြင် ရာသီပေါ် သီးနှံဖျော်ရည်တွေလည်း ရရှိနိုင်ပြီး ပိတ်ရက်မရှိ ဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။

 


သန့်ရှင်းမှုနဲ့ နေရာအနေအထားအရ လမ်းဘေးဝက်သားတုတ်ထိုးရဲ့ ဈေးနှုန်းထက် အနည်းငယ်ကြီးမြင့်နေတဲ့အပေါ် ဆိုင်ရှင် ကိုရဲနန္ဒက တရုတ်တန်းက ဝက်သားတုတ်ထိုးဈေးနှုန်းနဲ့တော့ မကွာပါဘူးလို့ ဆိုပါတယ်။ ဒီဆိုင်မှာတော့ ဝက်သားတုတ်ထိုးထဲမှာ လူကြိုက်များတဲ့ လျှာ၊ အူပိတ်၊ အချင်းတိုင်တွေအပါအဝင် ကြိုက်ရာစား တချောင်းကို ၂၀၀ ကျပ် သတ်မှတ်ထားပါတယ်။ လမ်းဘေးဆိုင်တချို့ထက် လှီးထားတဲ့ အရွယ်အစား နည်းနည်းသေးငယ်တာတွေ့ရပြီး ဒါကို သန့်ရှင်းမှုနဲ့ လဲလှယ်ရတယ်လို့ သဘောထားနိုင်ရင်တော့ ကျေနပ်စရာပါ။ အချဉ်ကိုလည်း ရိုးရိုးတုတ်ထိုးအချဉ်ရည်ရယ်၊ ငရုတ်ဆီမပါ မန်ကျည်းရည်နဲ့ ဖျော်ထားတဲ့ အချဉ်ရည်ရယ်၊ ငရုတ်ဆီအချဉ်ရယ် ၃မျိုးခွဲထားပေးတာမို့ အချဉ်ရည်နဲ့ပတ်သတ်ပြီး ဇီဇာကြောင်တတ်သူတွေအတွက်လည်း အဆင်ပြေမှာပါ။

ဒါ့ကြောင့် ဝက်သားတုတ်ထိုးလည်းကြိုက်ပြီး လမ်းဘေးမှာလည်း ရာဇဣနြေ္ဒပျက်အောင် ထိုင်မစားချင်ဘဲ ဘားထိုင်ခုံတွေမှာထိုင်လို့ အဆင့်မြင့်မြင့်စားချင်တယ်ဆိုရင်တော့ Pork n’ Stick ဆီကို သွားလို့ တခေါက်လောက် မြည်းစမ်းကြည့်သင့်ပါတယ်။

 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved