ခေါင်းဖြတ်ခံရတဲ့မြွေကိုက်လို့ စားဖိုမှူး သေဆုံးခြင်းနဲ့ နောက်ဆက်တွဲအသံများ

Saturday, August 23, 2014


 ~



မြွေသားဟင်းချက်နေတဲ့စားဖိုမှူး အဲဒီမြွေကိုက်ခံရလို့ သေဆုံးသွားပါတယ် တဲ့။

မြွေကို ခေါင်းဖြတ်ပြီး မိနစ် ၂ဝ အကြာ အဲဒီမြွေခေါင်းကို အမှိုက်ပုံးထဲထည့်ဖို့ ကိုင်လိုက်ချိန်မှာ အကိုက်ခံရတာလို့ ဆိုပါတယ်။


  • (ဂူဂဲမှာ မြွေသားဟင်းဆိုပြီး ရှာလိုက်ရင် ချက်နည်းမျိုးစုံနဲ့ ချက်ထားတဲ့ ဒီလိုဟင်းလျာပုံတွေ အများအပြား တွေ့ရပါမယ်)

ဆေးရုံမှာမြွေဆိပ်ဖြေဆေး သွားမထိုးရသေးခင်မှာပဲ  စားဖိုမှူး ကွယ်လွန်သွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲအရာရှိတယောက်ကတော့ ... ဒါဟာ တကယ့်ကိုဖြစ်တောင့်ဖြစ်ခဲကိစ္စပါ၊ မတော်တဆဖြစ်မှုလို့ပဲ ထင်ပါတယ် တဲ့။

မြွေကို ဟင်းရည်ချက်ဖို့ အတုံးလေးတွေဖြစ်အောင် ခုတ်ထစ်ပြင်ဆင်ထားတယ်လို့ ဆိုတယ်။ (အဲဒီဟင်း ချက်ဖြစ်လား မဖြစ်လား ဆိုတာတော့ သတင်းထဲ ရေးမထားပါ)
 မြွေသားဟင်းဟာ တရုတ်ပြည်မှာ ဈေးကြီး၊ လူကြိုက်များပါတယ်
တဲ့

မြွေဟောက်တွေကို နှစ်ပေါင်း ၄ဝ ကျော် လေ့လာနေတဲ့ မြွေရေးရာကျွမ်းကျင်သူတယောက်ရဲ့ အပြောအရ ဆိုရင် ...  
တွားသွားသတ္တဝါတွေရဲ့ ကိုယ်အစိတ်အပိုင်းတွေဟာ ဖြတ်တောက်ခံရပြီး တနာရီလောက်အထိ လှုပ်ရှားနိုင်ချေရှိပါသတဲ့။
စားဖိုမှူးလက်ကို အဲဒီမြွေခေါင်း ကိုက်လိုက်တယ် ဆိုတာ သိပ်ဖြစ်နိုင်ပါတယ်လို့ သူက ဆိုပါတယ်။

မြွေခေါင်းက အဆိပ်ထုတ်တာ၊ ကိုက်တာ စသဖြင့်   အလုပ် လုပ်နိုင်စွမ်း ရှိပါသေးတယ် တဲ့။

မြွေဟောက်တွေကို မြန်မာနဲ့ အရှေ့တောင်အာရှနိုင်ငံတချို့မှာ တွေ့နိုင်တယ်၊ နေ့ဘက်ဆို သူတို့ ထွက်ပြေးကေင်း ပြေးမယ်၊
ညဘက် ဆိုရင်တော့ သူတို့ ပိုပြီး ရန်လိုမယ်၊ ပါးပျဉ်းထောင်မယ်၊ အဆိပ်တွေ ပန်းထုတ်မယ်။ မြွေဟောက်ရဲ့အဆိပ်ကြောင့် အာရုံကြောဆိုင်ရာထိခိုက်ပြီး သေနိုင်တယ်၊ အဆိပ်က မျက်လုံးထဲဝင်ရင် အဲဒီမျက်လုံး ကန်းသွားမယ်လို့ ဆိုတယ်။

မြွေသားဟင်းကို တရုတ်ပြည်မှာ ဆေးဖြစ်ဝါးဖြစ် စားနေတာ ကြာပါပြီ။ မြွေက အဆိပ်ပြင်းလေ ဆေးဖက်ပိုဝင်လေလို့ ဆိုတယ်။

ဒါကတော့ The Mirror အွန်လိုင်း စာမျက်နှာမှာ သောကြာနေ့ရက်စွဲနဲ့တွေ့ရတဲ့သတင်းကို ကောက်နုတ်လိုက်တာပါ။ ဒီကိစ္စဖြစ်တာ ကွမ်တုန်ပြည်နယ်လို့ ဆိုတယ်။
တရုတ်ပြည်ကို နယ်စပ်ဖြတ်ပြီး မြွေမှောင်ခိုချနေတာ ကြာပါပြီ။ မှောင်ခိုချတာ ဖမ်းမိတဲ့တဲ့သတင်း တခါတရံ ကြားရမှာပါ။ ဒီဘလော့မှာတော့ 
မြွေကောင်ရေ ငါးထောင်နီးပါး တရုတ်မြန်မာနယ်စပ်မှာ ဖမ်းမိတဲ့သတင်းတပုဒ် တင်ခဲ့ဖူးပါတယ်။ မနှစ်ကပါ။ လင့်က  http://blog.irrawaddy.org/2013/02/blog-post_572.html မှာပါ။

ကွမ်တုန်ပြည်နယ်စားဖိုမှူးသတင်းမှာပါတဲ့မြွေက မြန်မာပြည်ကမြွေလည်း ဖြစ်နိုင်ပါတယ်။
ကွမ်တုန်ရဲ့အိမ်နီးချင်း ဗီယက်နမ်က မြွေလည်း ဖြစ်နိုင်ပါတယ်။
ပြည်တွင်းဖြစ်မြွေလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

The Mirror အွန်လိုင်းစာမျက်နှာမှာတော့ သူ့ပရိသတ်က မှတ်ချက်အမျိုးမျိုး ပေးနေကြပါတယ်။
တချို့က မြွေဘက်ကနေ လိုက်ပြီး မှတ်ချက်ပြုပါတယ်။
မြွေကို အဲဒီလိုလုပ်တယ်ဆိုရင် ဓားထက်သည်ဖြစ်စေ မထက်သည်ဖြစ်စေ နာမှာပဲ။
ကျန်းမာရေးအတွက် ကိုယ့်ဗိုက်ထဲမရောက်ခင် သူတို့ကို နာအောင် လုပ်တယ်ဆိုတာ အဓိပ္ပာယ်ရှိပါ့မလား။
 မြွေက မနာတတ် မကျင်တတ်ဘူးလို့ ထင်နေကြသလား။
ကိုယ့်ကျန်းမာရေးအတွက်ပဲကိုယ်သိပြီး ကိုယ့်မြေကမ္ဘာပေါ်က သတ္တဝါတွေရပ်တည်ရေးအတွက် မသိတော့ဘူးလား။
ကိုယ်ခံတွင်းလိုက်ဖို့အတွက်ပဲ သူတို့က တန်ဖိုးရှိတာလား။
တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ် လို့ အမျိုးသမီးတယောက်က မှတ်ချက်ပြုပါတယ်။

"မြွေက သနားစရာကောင်းလိုက်တာ၊ အသက်ရှူဖို့အတွက် မနည်း ရုန်းကန်ခဲ့ရမှာပဲ။ စားဖိုမှူးကတော့ ခံရတာတောင် နည်းသေးတယ်" လို့ တယောက်က မှတ်ချက်ရေးပါတယ်။

နောက်အမျိုးသမီးတယောက်ကတော့ သူတို့နဲ့ အမြင်မတူပါ။ သူက သက်သတ်လွတ်စားနေတာ အနှစ် ၂ဝ ကျော်ပါပြီ တဲ့။
"စားဖိုမှူးက သူ့အလုပ်သူလုပ်တာကိုပဲ  သေတာတောင်နည်းသေးတယ်လို့ သွားပြောနေကြသေးတယ်။
လူစိတ်ရှိမရှိ ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ကြည့်စမ်းပါ" လို့ တုန့်ပြန်ပါတယ်။

မြွေတကောင်အတွက်နဲ့တော့ မသေသင့်ပါဘူးလို့ ဆိုသူလည်း ရှိပါတယ်။
နှစ်ဘက်စလုံးအတွက် ဝမ်းနည်းတယ်လို့ ကြားနေတဲ့ မှတ်ချက်လည်း တွေ့ပါတယ်။ စာဖတ်သူတွေရဲ့ မှတ်ချက်တွေက မရိုင်းဘူးဆိုရင် ဖတ်ရတာ စိတ်ဝင်စားစရာပါ။

မြွေကို ဘာကြောင့် စားရမှာလဲ လို့ မှတ်ချက်ပေးသူလည်း ရှိပါတယ်။
ဒီတော့ ...နောက်တယောက်ကလည်း ဝက်တွေ နွားတွေကိုလည်း ဘာကြောင့် စားရမှာလဲလို့ သူ့ကို ပြန်ပြီး အငေါ်တူးပါတယ်။

မြွေကို ဘာကြောင့် စားရမှာလဲ ဆိုတဲ့ အသံက အနောက်တိုင်းနိုင်ငံတွေမှာ ထွက်နေကျအသံတွေပါ။ မြွေသား စားခြင်းဟာ သူတို့ဓလေ့မဟုတ်ပါ။
သူတို့ဓလေ့မဟုတ်တော့ အများအပြားက လက်မခံနိုင်တာဖြစ်ပါလိမ့်မယ်လို့လည်း မြွေသားစားသူတို့ဘက်က ချေပနိုင်ချေရှိပါတယ်။

မြန်မာပြည်မှာတော့ မြွေသားစားသူ အများအပြား ရှိပါတယ်။ ဒီအကြောင်းကို ဒီဘလော့ http://blog.irrawaddy.org မှာ ဖော်ပြဖို့ ရှိပါတယ်။

မှတ်ချက်တွေအကြောင်း ပြန်ဆက်ရရင် ... ဒီသတင်းထဲကမြွေဟာ တရားမျှတမှုကို ဖန်တီးသွားနိုင်တယ်၊ စားဖိုမှူးက ကံ ကံ၏အကျိုးကို ခံစားသွားရတာပဲ လို့ ရေးသူတွေ အများအပြားပါပဲ။

မြွေသားစားတာဟာ အာရှဘက်က ဓလေ့ပါလို့ မှတ်ချက်ပေးသူအနောက်တိုင်းသားလည်း တယောက် ရှိပါတယ်။

ဗီယက်နမ်အမည်နဲ့ စာဖတ်သူတယောက်ကတော့ ငါတို့ဆီမှာ ဆိုရိုးစကားတခုရှိတယ်၊ မြွေကိုရိုက်မယ်ဆိုရင် ခေါင်းကွဲအောင် အရင်ရိုက် လို့ ရေးပါတယ်။

မြန်မာပြည်မှာတော့ မြွေသားရောင်းတဲ့ဆိုင် လက်ချိုးရေတွက်လို့ရမယ် ထင်ပါတယ်။ ဆိုင်တွေမှာ ချက်ရောင်းလေ့မရှိပါ။
 စားလေ့တော့ ရှိပါတယ်။ 
စားတယ်၊  ကြိုက်တယ် ဆိုတဲ့သူ အများအပြား ရှိသလို၊ မစားဘူး လုံးဝ မစားဘူး ဆိုတဲ့သူလည်း အများအပြား ရှိနေပါတယ်။
စားတဲ့သူမှာလည်း သူ့အကြောင်းပြချက်နဲ့သူ၊ မစားဘူးဆိုတဲ့သူမှာလည်း အကြောင်းပြချက်များ ရှိပါလိမ့်မယ်။

 ဒါကတော့ မြွေသားဟင်းချက်နေတဲ့စားဖိုမှူး မြွေကိုက်ခံရခြင်းနဲ့ ဝေဖန်ချက်အမျိုးမျိုးအကြောင်းပါ။

  အရက်ပုလင်းထဲ လနဲ့ချီ အစိမ်ခံထားရတဲ့မြွေ လူကို ကိုက်တဲ့အကြောင်းလည်း ဒီဘလော့မှာ ရေးဖူးပါတယ်။
 
အရက်စိမ်မြွေ အသက်ပြန်ရှင်လာရခြင်း အကြောင်းရင်းကို  
http://blog.irrawaddy.org/2013/10/blog-post_4409.html မှာ ဖတ်နိုင်ပါတယ်။

 ဆက်စပ်

  • Tonnes of Snakes Seized in China near Burmese Border
http://www.irrawaddy.org/china/tonnes-of-snakes-seized-in-china-near-burmese-border.html

  • မြွေလမ္ပာယ်  
http://blog.irrawaddy.org/2012/06/blog-post_2678.html
  • Burma Home to 26 New Species Discoveries in 2012-13
http://www.irrawaddy.org/burma/burma-home-26-new-species-discoveries-2012-13.html
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved