"ကျနော်တို့ မအဖို့တော့ လိုပြီ"

Thursday, August 28, 2014


 ~




မန္တလေးမြို့ ဈေးချိုဟိုတယ် မင်္ဂလာခန်းမမှာ ဇူလိုင် ၂၆ ရက် မနက်က ဧရာဝတီအန္တရာယ်ကို ပညာရှင်များ ရှု့ထောင့်မှ သုံးသပ်ချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲတခု ကျင်းပခဲ့ရာမှာ နောက်ဆုံးပိတ် အလှည့်ကျ အစီအစဉ်အဖြစ် မြန်မာ့စာပေဆုများရှင် စာရေးဆရာ နေ၀င်းမြင့် တက်ရောက်ဟောပြောခဲ့ပါတယ်။

  • ဧရာဝတီကို ပိတ်ဆို့မယ့် ဆည်တည်ဆောက်ရေး လုပ်ငန်းခွင် (photo: The Irrawaddy)


ပျက်စီးယိုယွင်းမှုတွေကြောင့် ဆုံးရှုံးပျောက်ကွယ်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဧရာဝတီရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆုံးရှုံးပျောက်ကွယ်သွားမှာကို စိုးရိမ်လျက်ရှိကြတဲ့ မြန်မာနိုင်ငံ ဘူမိသိပ္ပံ ပညာရှင်တွေရယ်၊ ထိန်းသိမ်းစောင့်ရှောက်လိုသူတွေရယ် စုပေါင်းပြုလုပ်ကြတဲ့ ဒီဟောပြောပွဲမှာ မြန်မာ့ စာပေ ပညာရှင် စာရေးဆရာ နေ၀င်းမြင့်က ဧရာဝတီရဲ့ ဖြစ်တည်ပုံ၊ သမိုင်းစဉ်လာတွေ၊ ပျက်စီးယိုယွင်းလာမှုတွေနဲ့ ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သင့်ပုံတွေကို စာပေဂီတနဲ့ အနုပညာရှု့ထောင့်ကနေ အထူးတလည် ဟောပြောပို့ချပေးခဲ့ပါတယ်။ ဒီဟောပြောပွဲ အစီအစဉ်က မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း (မန္တလေး) ရဲ့ ဦးဆောင် မှုနဲ့ ဘူမိသိပ္ပံပညာရပ်ရှင်တွေက သက်ဆိုင်ရာ ပညာရပ်အလိုက် ဟောပြောကြတဲ့ အစီအစဉ်ဖြစ်ပြီး ဒီလိုသိပ္ပံပညာရှင်တွေရဲ့ ကြားထဲမှာမှ ဆရာ နေ၀င်းမြင့်က စာပေပညာရှင်တဦးအဖြစ်နဲ့ တက်ရောက်ဟောပြော သွားတာလို့ သိရပါတယ်။

“ဆွေးနွေးသွားကြတဲ့ ပညာရှင်ကြီးများရဲ့ အသက်ဂုဏ် ပညာဂုဏ်ကို ဦးခိုက်ပါတယ်။
ဟောပြောသွားတဲ့ ဟောပြောချက်တွေကိုလည်းပဲ အင်မတန် စိတ်ဝင်စားပါတယ်။
ဧရာဝတီနဲ့ ပတ်သက်ပြီး ရသအမြင်နဲ့ ကြည့်တဲ့ အခါမှာ မြတ်နိုးမှု၊ သဒ္ဓါမှု ယဉ်ကျေးမှု၊ ရသကြောင်းက ချစ်ခဲ့ကြတာကို တင်ပြချင်တာပါ။
ဧရာဝတီအကြောင်း ပြောပါဆိုရင် ပညာရပ်ပိုင်းက ချဉ်းကပ်ပြီး မပြောနိုင်ပါဘူး။ သို့သော် ဧရာဝတီကို ကျနော်တို့ နှမြောပါတယ်။ ပုပ္ပါးတောင်ကြီးကို နှမြောပါတယ်။
အဲဒီလို ချစ်တဲ့စိတ်တွေနဲ့ပဲ ပညာရှင်တွေကြား၊ ပညာရှင်တွေရဲ့ ခြေကြိုးခြေကြားထဲ လာရောက်ဟောပြောရတာပါ”လို့ ဆရာနေ၀င်းမြင့်က ဆိုပါတယ်။

စာပေပညာရှင် စာပေဂီတအနုပညာသမားတယောက်ပီပီ ဧရာဝတီနဲ့ ပတ်သက်သမျှတွေကို စာပေဂီတ အနုပညာတွေနဲ့ ပေါင်းစပ်ပြီး တနာရီကျော်ကြာအောင် ဟောပြောသွားတဲ့ ဆရာနေ၀င်းမြင့်က အခုလို ဧရာဝတီ ထိန်းသိမ်းမှုဆိုင်ရာ ပညာပေးဟောပြောမှုအစီအစဉ်နဲ့ ပတ်သက်ပြီးတော့လည်း အသိပညာပေးနောက်ကျတဲ့ ပြည်တွင်းလက်ရှိအခြေအနေတွေအရ ဟောပြောပွဲတွေ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးသင့်တယ်လို့ တိုက်တွန်း ထောက်ခံပြောဆိုသွားပါတယ်။ ဟောပြောပွဲမှာ ဆရာနေ၀င်းမြင့်က ဧရာဝတီကို သာမကဘဲ၊ မြန်မာ့ တောတောင်ရေမြေသဘာဝတွေကို နိုင်ငံသားတိုင်းက ချစ်မြတ်နိုးတဲ့စိတ် ရှိရမယ့် အကြောင်းတွေနဲ့ ပတ်သက် ပြီးတော့လည်း အခုလို ထည့်သွင်းဟောပြောသွားပါသေးတယ်။

“ကျနော်တို့မှာ တောင်တန်းကြီးတွေရှိတယ်၊ မြေပြန့်တွေရှိတယ်၊ မြစ်ချောင်းအင်းအိုင်တွေရှိတယ်၊ လယ်ကွင်းယာကွင်းတွေရှိတယ်၊ ကျောင်းကန်ဘုရားပုထိုးရှိတယ်၊ ကျေးငှက်သာရကာ ဇီဝမျိုးစုံမျိုးကွဲရှိတယ်၊
သစ်တောကြီးတွေရှိတယ်၊ ကျောက်မျက်ရတနာတွေရှိတယ်၊ ဓာတ်သတ္တုနဲ့ တွင်းထွက် ရတနာတွေရှိတယ်၊ အင်မတန် စိမ်းလန်းလှတဲ့ ရေမြေတောတောင် သဘာဝတွေရှိတယ်။
ကျနော်တို့မှာ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင် အက္ခရာ၊ ကိုယ်ပိုင်ဂီတ၊ ကဗျာစာပေတွေရှိတယ်။ ကျနော်တို့မှာ သမိုင်းရှိတယ်၊ ကျနော်တို့မှာ အတိတ်ရှိတယ်။
ဒါတွေကို ချစ်ရမယ်၊ ထိန်းသိမ်းစောင့်ရှောက်ရမယ်။
အထူးပြောချင်တာကတော့ ကျနော်တို့ မအဖို့တော့ လိုပြီ။ ဘယ်သူ့ လူလည်ကျမှုကိုမှ မခံရဖို့ လိုပြီ၊ ကျနော်တို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ကျနော်တို့ ကိုယ်တိုင်က မျက်ခြည်မပြတ်ကြဘဲ တောတောင်ရေမြေကို ချစ်တဲ့စိတ်နဲ့ ရှေ့ခရီးကို ဆက်ရမယ့် အချိန်ကာလ ရောက်ပါပြီ”လို့ ဆိုပါတယ်။

မနက် ၁၀ နာရီမှ ညနေ ၅ နာရီကျော်တဲ့အထိ ကျင်းပတဲ့ ဟောပြောပွဲမှာ စာရေးဆရာ နေ၀င်းမြင့်နဲ့ အတူ ဒေါက်တာ မျိုးသန့် (မြန်မာနိုင်ငံ မြေငလျင်အသင်း)၊
ဒေါက်တာ ဇော်မြင့်နီ (မုံရွာတက္ကသိုလ် ဘူမိဗေဒဌာန ပါမောက္ခဌာနမှူး)၊ ဒေါက်တာ ၀င်းမောင် (မြန်မာနိုင်ငံ ပထ၀ီဝင်အသင်း အတွင်းရေးမှူး)၊
ဦးမြသန်းထွန်း (ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး) အစရှိတဲ့ ဘူမိသိပ္ပံ ကျွမ်းကျင်ပညာရှင် တွေကလည်း မြန်မာ့ရေမြေတောတောင်သဘာဝတွေ၊ မြစ်ချောင်းအင်းအိုင် ရာသီဥတုအခြေအနေတွေနဲ့
ပတ်သက်ပြီး သက်ဆိုင်ရာ ပညာရပ်အလိုက် ဟောပြောခဲ့ကြရာမှာ အထူးသဖြင့် ဧရာဝတီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ဧရာဝတီအပေါ် သက်ရောက်မှုရှိနေတဲ့ အဘက်ဘက်က အန္တရာယ်တွေကို
အဓိကထား ဟောပြောခဲ့ကြပါတယ်။
နန္ဒ

အလင်းတန်းဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်။
 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved