မြန်မာပြည်သားတဦးသေဆုံးမှုကို ထိုင်းအလုပ်ရှင် သတင်းအမှောင်ချ

Friday, August 15, 2014

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဝပ်စွန်တောက် လို့ခေါ်တဲ့ ထိုင်းဘုန်းကြီးကျောင်း အနောက်ဘက် ဝန်းကျင်က 
ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ အလုပ်လုပ်နေတဲ့ အသက် ၅၂ နှစ်အရွယ် ဦးစိုင်းလှိုင်ပန်  သြဂုတ်လ ၁၀ ရက်နေ့က ငါးထပ်တိုက်ပေါ်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။ 


သေဆုံးသူ မြန်မာအလုပ်သမား ဦးစိုင်းလှိုင်ပန်

ထိုင်းအလုပ်ရှင်ဖြစ်သူက သေဆုံးသူအတွက် သင်္ဂြိုလ်စရိတ် ဘတ် တစ်သောင်းခွဲ (မြန်မာကျပ်ငွေအားဖြင့် ၅ သိန်းဝန်းကျင်သာ)  ပေးဆောင်ခဲ့ပြီး နစ်နာကြေးကို မပေးလိုတာကြောင့် သေဆုံးသူ၏ သားဖြစ်သူကို နူတ်ပိတ်ထားသလို  ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်။ 

“ အဖေဆုံးသွားတော့ ချင်းမိုင်မှာ ဦးလေးဘပဲ ရှိတော့တယ်။ အမေကလည်း မြန်မာပြည်မှာဘဲ။ သူဌေးက ကျတော့်နဲ့ ဦးလေးကို ထိုင်းမှာ ရေရှည်နေချင်ရင် အသံမထွက်နဲ့ လို့ ပြောတယ်။ အဲဒါကြောင့် ဘယ်လိုမှ မလုပ်ရဲဘူး၊ နစ်နာကြေးတော့ လိုချင်ပါတယ်” ဟု သေဆုံးသူ၏ သားဖြစ်သူ ဆိုင်ဟံသူက ဧရာဝတီကို ပြောပါတယ်။ 

ချင်းမိုင်မြို့မှာ ရှိတဲ့ စေတနာ နာရေးကူညီမှု အသင်းက သြဂုတ်လ ၁၄ ရက်နေ့က သင်္ဂြိုဟ်ပေးခဲ့ပြီး ဒီအမှုနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် ကာယကံရှင်တွေက  ပြဿနာ  တစုံတရာတက်လာမှာ စိုးရိမ်တာကြောင့် အမှုကို ဖုံးကွယ်ထားပါတယ်။ 

 “ကျနော်တို့က မြန်မာသံရုံးရယ် လူမှုအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး နစ်နာကြေးအတွက် လိုက်မယ်။ ခက်တာက ထိုင်းအလုပ်ရှင်က ခြိမ်းခြောက်ထားတော့ သေတဲ့သူတွေဘက်က ကြောက်နေကြတယ်။ ဘာတခုမှ မပြောဘူး။ မလိုက်ဘဲနေရင်လည်း ဘတ် တစ်သောင်းခွဲနဲ့ ဘဲ ပြီးသွားမယ် ” ဟု စေတနာ နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ က ပြောပါတယ်။ 

ဒီအမှုနဲ့ ပါတ်သက်ပြီး ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က 
 “ဖြစ်တဲ့ အခြေအနေ အထောက်အထားတွေကို ယူပြီးရင် ချင်းမိုင်မြို့မှာ ရှိတဲ့ အလုပ်သမား ကာကွယ်စောင့် ရှောက်ရေးရုံးမှာ အမှုဖွင့်လို့ ရပါတယ်။ အဲလို အမှုဖွင့်ထားတဲ့အကြောင်းကို ကျနော်တို့ကို မိတ္တူပို့ပေး လိုက်ရင် ကျနော်တို့ဘက်က ချင်းမိုင်ရုံးနဲ့ ဆက်လုပ်လို့ ရမှာပါ” လို့ ဆိုပါတယ်။ 

 သေဆုံးသူ ဦးစိုင်းလှိုင်ပန်ဟာ ရှမ်းပြည်နယ် တောင်ပိုင်း မိုးနဲမြို့ကပါ။

 သူကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သား ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။ 


 သေဆုံးသူ၏ နိုင်ငံကူး လက်မှတ်

 သေဆုံးသူ အလုပ်လုပ်ခဲ့ရာ အဆောက်အဦ၊ အဆိုပါအဆောက်အဦး လုပ်ငန်းခွင်မှ အလုပ်လုပ်နေစဉ် ပြုတ်ကျသေဆုံးသည်။

 ထိုင်း အလုပ်ရှင်၏ ဓာတ်ပုံ

 ငြိမ်းဇော် ~















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved