စာသားထက် အတီးပိုင်းဦးစားပေးထားတဲ့ လင်းလက်မယ့်ည

Wednesday, August 27, 2014


 ~


 

ဘယ်သောင်၊ ဘယ်ကမ်း ဘယ်လမ်းဆိုက်ဆိုက် အားစိုက်၍လှော် အရောက်လှမ်းမည့် ဖွားဖက်တော် ဂစ်တာလေးရယ်၊ သနားပါတယ် ဆိုတဲ့ အဖွင့်စာသားလေးနဲ့ ဂီတာ ကိုထွန်းဦး စီစဉ်ဖန်တီးထားတဲ့ လင်းလက်မယ့်ည ကိုယ်ပိုင်သံစဉ် သီချင်းအယ်လ်ဘမ် ထွက်လာပါပြီ။

 


လင်းလက်မယ့်ည အယ်လ်ဘမ်မှာ ဂစ်တာကိုထွန်းဦးက တေးရေးဆရာဖြစ်ပြီး မြူးဇစ်ပိုင်းကိုလည်း သူကပဲ စိတ်တိုင်းကျ ဖန်တီးထားပါတယ်။
  ပုံပုံ၊ ဇိုင်းငယ်၊ ဆူးနစ်၊ မာန်ဟိန်းကျော်တို့ ပါဝင်သီဆိုထားကြပါတယ်။

လင်းလက်မယ့်ည အယ်လ်ဘမ်အတွက် တယော ဦးတင်ရီက “ဒီအခွေဟာ သူများနဲ့မတူ တမူထူးခြားတဲ့ တေးစီးရီးဖြစ်သလို သူများတီးတာနဲ့ မတူတဲ့၊ မည်သည့် တဦးတယောက်ရဲ့ တီးပုံတီးနည်းနဲ့မှ မတူတဲ့ ကိုထွန်းဦးရဲ့ ဂီတစွမ်းရည်၊ အနုပညာရသတွေကို ခံစားရမယ့် အခွေဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ဒီအခွေကို ဖန်တီးပုံဖော်သူဖြစ်တဲ့ ဂစ်တာ ကိုထွန်းဦးက “ဒီအခွေမှာ ကျနော်ရဲ့ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ အတော်နည်းပါးနေတဲ့ ကိစ္စတခုပါ။
အတီးပညာရှင်တွေ သီချင်းမရေးကြပါဘူး။ ရေးတာ အတော်နည်းပါတယ်။ ဒါကြောင့် အတီးပညာရှင်တွေ သီချင်းရေးစေချင်တယ်။
ရည်မှန်းချက်ကတော့ မြူးဇစ်ကို အတွင်းကျကျ တက်စေချင်တယ်။ လူငယ်တွေ တကယ်တတ်လို့ တကယ်လုပ်ရင် တကယ်ဖြစ်တယ်ဆိုတာ သိစေချင်လို့ ဒီအခွေကို လုပ်ခဲ့တာပါ” လို့ ဆိုပါတယ်။

လင်းလက်မယ့်ည အခွေက အဆိုပိုင်းထက် အတီးပိုင်းကို ဦးစားပေးထားတဲ့ အခွေတခွေလည်း ဖြစ်ပါတယ်။

ဒီအခွေရဲ့ ထူးခြားချက်ကိုတော့ တီးခတ်သူ တဦးဖြစ်တဲ့ ကိုဒူး (Art Music) က
“အခွေတွေ ထုတ်ကြတော့မယ်ဆိုရင် အဆိုတော်က သီချင်းတွေရှာဝယ်၊ စိတ်ကြိုက်ရမှ တီးဝိုင်းငှား အသံသွင်း၊ ကျန်တာတွေလုပ် ဒါကပုံမှန်ပေါ့။ ဒီမှာကတော့ ဒီလိုမဟုတ်ဘူး။
ကိုထွန်းဦးက သူရဲ့သီချင်းတွေကို အရင်တီးပြီးမှ ကီးတွေဘာတွေ အကုန်ထုတ်ပြီး လိုက်ဖက်မယ့် အဆိုရှင်တွေကို ရှာပြီးဆိုခိုင်းတာပါ။ နားထောင်ကြည့်ပါ။
ထွက်နေကျ၊ ကြားနေကျ အခွေတွေနဲ့မတူဘဲ ဂီတရသကို ခံစားရမယ့် အခွေပါ” လို့   ပြောပါတယ်။

 အယ်လ်ဘမ်မှာ   ပြန်တွေ့ချင်သည်၊ နည်းနည်းတော့လျှော့ဦး၊ လင်းလက်မယ့်ည၊ ကျန်းမာပါစေ ကမ္ဘာမြေ၊ တကယ်လို့များ မင်းနဲ့၊ ဒီလိုလူစား၊ တသက်စာ၊ မီးတိုင်လေး စတဲ့ ကိုထွန်းဦး ရေးစပ်ဖန်တီးထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၈ ပုဒ် ပါဝင်ကြောင်း သိရပါတယ်။

  • ဟိန်းဆက်သွင်

 အလင်းတန်းဂျာနယ် အမှတ် ၈၁၄
ကနေ ကူးယူ ဖော်ပြပါတယ်။
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved