ဒေါ်ရွှေဇီးကွက်ကို ကားတင်ပြေးခဲ့ကြောင်း ဦးကျော်သူ ဖြောင့်ချက်ပေး

Sunday, August 31, 2014

  ပြောစမှတ်စကားတခု ရှိပါတယ်။ အမှုဆိုတာ ဆွေးမသွားဘူး တဲ့။   အခုလဲ နှစ်ပေါင်း ၃၃ နှစ်ကြာတဲ့ အခါ အမှုတခုက မဆွေးဘဲ အမှန်တရားပေါ်ပေါက်လာခဲ့ပါပြီ။

တကယ်တော့ ဒါက အမှု ဆိုတာထက် လူသားတဦးရဲ့ အမှန်ကို ဝန်ခံ ဖြောင့်ချက်ပေးတယ်ဆိုရင် မမှားတန်ပါဘူး။




 ဓာတ်ပုံ- ဦးကျော်သူရဲ့ ဖေ့စ်ဘုတ် 

ဒါကတော့ အခု မြန်မာနိုင်ငံမှာ ပရဟိတ လုပ်ငန်းတွေနဲ့ နာမည်ကြီးနေတဲ့ နာရေး ကူညီမှု အသင်း (ရန်ကုန်) က သရုပ်ဆောင် ဦးကျော်သူဟာ လွန်ခဲ့တဲ့ ၃၃ နှစ်က မရွှေဇီးကွက် ( မမြင့်မြင့်ခင်ဖေ) ကို အလိုမတူဘဲ ကားတင်ပြေးခဲ့တဲ့ အကြောင်းသူ့ရဲ့ ဖေ့စ်ဘုတ်မှာ ဝန်ခံ ပြောကြားထားခြင်းပါပဲ။

"(၃၃)နှစ်ကြာမှ ပေါ်ပေါက်လာသည့်အမှုတွဲ" 

လွန်ခဲ့သော(၃၃)နှစ် သြဂုတ်လ(၃၁) ရက်နေ့ ၊နံနက်(၁၀း၃၀) အချိန်တွင် အီကိုကျောင်းဆောင်
ဘေးပေါက်၊ အင်းယားလမ်း ကန်ဘောင်အကြော်ဆိုင်ဝင်ပေါက် အနီးရှိ သရက်ပင်ကြီးအောက်တွင် ကျွန်ုပ်ကျော်သူသည် သူမအား ကျွန်ုပ်၏ ဘော်ဘော်များနှင့်လက်မှဆွဲ၊ ခြေထောက်အားမပြီး အလိုမတူဘဲ နှင့် "ကား" တင်ပြေးမိပါကြောင်း ရဲရဲကြီး ၀န်ခံလိုက်ရပါပေသည်။ 

ထိုသူမသည်ကား..... 
ယခု ပရဟိတ သူရဲကောင်းမယ်ဖြစ်လာသည့်" ရွှေဇီးကွက် "ပင်ဖြစ်ပေတော့လေသတည်း။ 

ကား တင်ပြေးတယ်ဆိုတဲ့ စကားကလည်း တချိန်က အလွန်ခေတ်စားခဲ့တာပါ။
ယောက်ျားလေးတယောက်က ကိုယ်ချစ် တဲ့ ချစ်သူကို အရမ်းချစ်လွန်းတာရယ်၊ ချစ်သူက ပြန်ပြီး ကိုယ့်အချစ်ကို လက်မခံတာ၊ လက်ခံသော်လည်း လက်ထပ်ဖို့ ငြင်းဆန်နေတာမျိုးတွေကြောင့် ကားပေါ်တင် ခိုးပြေးတတ်ကြတာပါ။ 


နောက်တော့ လက်ထပ်ပေါင်းသင်းလိုက်ကြလေ့ ရှိပါတယ်။
အချစ်ရဲ့ သတ္တိလို့ ခေါ်ရမှာပါ။ 


အလိုမတူဘဲ ကားနဲ့ တင်ခိုးပြေးတယ်ဆိုတာ အခန့်မသင့်ရင် ဦးကျော်သူ ထောင်နန်းစံရဖို့ အခြေအနေ ရှိပါတယ်။
ဦးကျော်သူ ကံကောင်းသွားခဲ့ တယ် လို့ ပြောရမယ် ထင်ပါတယ်။ 

ထောင်မကျ၊ အိမ်ထောင်ပဲ ကျပြီး သားသမီးမြေးတွေ ပွားစီးနေပါပြီ။

အခုတော့ နှစ်ဦးသား နာရေးကူညီမှုအသင်းကြီးရဲ့ ဦးဆောင်ဦးရွက်ပြုသူတွေ ဖြစ်နေကြပါပြီ။

အိမ့်သံစဉ် ~ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved