ဆင်ကတ်တွေ ဈေးကျပြီးရင်းကျပါတော့မယ်

Sunday, August 3, 2014

 ~



 အော်ရီဒူးကို ဈေးကွက်ထဲ ပို့လိုက်ပြီဆိုသော်လည်း  သြဂုတ် ၁၅ မှာမှ   ဒေသ အများအပြားမှာ  စတင် အသုံးပြုခေါ်ဆို ပြောဆိုနိုင်ပါမယ်။

 


ကြာသပတေးနေ့က ရန်ကုန်က အရောင်းဆိုင်တခုမှာ Ooredoo ဆင်ကတ်  ၀ယ်ယူရန် စောင့်ဆိုင်းနေကြသူများ  (ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)


အဲဒီအချိန်ဆိုရင် ၆၈ မြို့နယ်မှာ အသုံးပြုနိုင်မှာပါလို့ စနေနေ့မှာ အော်ရီဒူးမြန်မာက ကြေညာပါတယ်။

ရန်ကုန်၊ မန္တလေး၊  နေပြည်တော်၊  မကွေး၊   စစ်ကိုင်း၊  ဧရာဝတီ၊  ပဲခူး စတဲ့ ဝန်းကျင်နဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ထဲက ဒေသတချို့ပါပဲ။

၆၈ မြို့နယ်ထဲမှာ ရန်ကုန်နဲ့ မန္တလေးထဲက မြို့အများအပြား ပါဝင်နေတာကြောင့် တခြားနယ်မြို့တွေမှာ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့သဘောပါ။

စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့တွင်းမှာလည်း ကွန်ရက်ပိုကောင်းအောင် လုပ်နေပါတယ် တဲ့။ ရန်ကုန်ရဲ့ နေရာအများစုမှာ အိမ်ထဲကနေ ဆက်လို့ရမယ်၊
တချို့နေရာတွေမှာ အဆောက်အအုံအပြင်ဘက်ထွက်ပြောမှ ဆယ်သွယ်လို့ရ အလုပ်ဖြစ်မယ့်သဘော ပြောသွားပါတယ်။ နောင်ဆိုရင်တော့ ရန်ကုန်ရဲ့ နေရာတိုင်း အဆင်ပြေအောင် လုပ်သွားမယ်လို့ ဆိုတယ်။

ရန်ကုန်ဝန်းကျင်မှာ ကွန်ရက်ပိုကောင်းအောင် လုပ်နေဆဲဖြစ်တဲ့အတွက် လာမယ့် ၁၅ ရက်နေ့ အသုံးပြုလို့ရမယ့်နေရာ ဆိုပြီး ရေးထားတဲ့ စာရင်းထဲမှာ ရန်ကုန်တိုင်းဒေသကြီးတခုလုံး မပါဝင်သေးပါ။
ရန်ကုန်တဘက်ကမ်း ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း စတဲ့ မြို့တွေ မပါပါ။
 
 ဆင်ကတ်ကို မြို့ကြီး ၃ မြို့မှာ ထုတ်ရောင်းလိုက်ပြီး  သြဂုတ် ၁၅ မတိုင်ခင် အခမဲ့ ခေါ်ဆိုနိုင်မယ်၊ အင်တာနက် သုံးနိုင်မယ်လို့လည်း ပြောပါတယ်။

စနေနေ့ရှင်းလင်းပွဲမှာ အော်ရီဒူးက ..
ဆင်ကတ်က ဈေးနှုန်းချိုသာတယ်
မြန်ဆန်တဲ့အင်တာနက်
အသံကြည်မယ် ဆိုပြီး အကြိမ်ကြိမ် ပြောသွားပါတယ်။

စမ်းသပ်ကာလမှာ စနေနေ့ညက ရန်ကုန်မှာ စမ်းကြည့်တော့ အသံကြည်၊ အင်တာနက်မြန်ပါတယ်။
သို့သော်လည်း ခေါ်တိုင်းတော့ ဖုန်းမ၀င်သေးပါဘူး။

အဆင်သင့်သိပ်မဖြစ်သေးပေမယ့် အော်ရီဒူးက ၁၅ ရက်နေ့ဆို ၆၈ မြို့နယ်မှာ အလုပ်ဖြစ်နိုင်ဖို့ စီစဉ်နေပါပြီ။

အနယ်နယ်မှာ တာဝါတိုင်တွေထောင်၊ ဆင်ကတ်တွေ အလုံအလောက်ထုတ်ပြီးမှ ဈေးကွက်ဖွင့်မယ်လို့ အများအပြားက ယူဆထားကြမှာပါ။

ခုတော့ အော်ရီဒူးက အဆင်သင့်သိပ်မဖြစ်သေးပေမယ့် ရနိုင်သမျှနဲ့ ဈေးကွက်ဖွင့်ပါပြီ။

စဉ်းစားမိတာ တခုက .... သူ့ပြိုင်ဘက် တယ်လီနောမှာရော ဒီလို အနေအထားမျိုး ရှိနိုင်သလား၊
  ဒီထက်မက လုပ်နိုင်မှ - မြို့ပေါင်း ၂ဝဝ ကျော် မဟုတ်ရင်တောင် မြို့ပေါင်း ၁ဝဝ ကျော်မှာ အသုံးပြုနိုင်မှ ဈေးကွက်ထဲ ချပြဖို့ စီစဉ်ထားသလား ဆိုတဲ့ မေးခွန်းပါပဲ။

ဒီမေးခွန်းရဲ့အဖြေက မကြာခင် ပေါ်လာကောင်း ပေါ်လာပါလိမ့်မယ်။

လောလောဆယ်တော့ ဈေးကွက်ဦးချင်တဲ့ အော်ရီဒူးက အဆက်မပြတ် လှုပ်ရှားနေပါပြီ။

ဟုတ်ဟုတ် မဟုတ်ဟုတ် လုပ်ချလိုက်တဲ့အတွက် ဈေးကွက်မှာ တယ်လီဖုန်ဆင်ကတ်ဈေးနှုန်း ပြောင်းလဲသွားပါပြီ။ သိန်းဂဏန်းရှိတဲ့
MPT ရဲ့ ဆင်ကတ်ဈေးနှုန်းလည်း ဆက်တိုက် ပြုတ်ကျပြီးရင်း ပြုတ်ကျနေတာကြောင့်  တယ်လီဖုန်းသုံးလိုသူတွေ ငွေကြေးအကုန်အကျ သက်သာမှာတော့ အသေအချာပါပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved