ထောင်ဖောက်ပြေးမှု မှတ်တမ်း လွတ်မြောက်သူ ၂ ဦးက အွန်လိုင်းပေါ်တင်

Tuesday, August 19, 2014

ဘရာဇီးနိုင်ငံက အကျဉ်းထောင်တခုမှာ  ထောင်ဖောက်ထွက်ပြေးခဲ့ပုံကို အကျဉ်းသား ၂ ဦးက တယ်လီဖုန်းနဲ့ မှတ်တမ်း တင်ထားတဲ့သတင်းက အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။ 


ဘရာဇီးနိုင်ငံ Goias ပြည်နယ် Rio Verde အကျဉ်းထောင်ကနေ ဥမင်လှိုင်ခေါင်းဖောက်ပြီး အကျဉ်းသား ၁၃ ဦးက ထွက် ပြေးဖို့ ကြိုးစားခဲ့ကြတာဖြစ်ပြီး လွတ်မြောက်သူ ၂ ဦးက သူတို့ အကျဉ်းထောင်က ထွက်ပြေးပုံ ကို တယ်လီဖုန်းနဲ့ မှတ်တမ်း တင်ခဲ့ပြီး အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။ 

ကျန်တဲ့သူတွေကိုတော့ ရဲက ဖမ်းဆီးရမိထားပြီးဖြစ်တယ်လို့ သြဂုတ်လ ၁၆ ရက်နေ့က ဘရာဇီး တီဗီ သတင်းတွေ က ဆိုပါတယ်။ 

အကျဉ်းထောင် လုံခြုံရေးတာဝန်ရှိသူတွေကိုတော့ ရာထူးက ချထားပြီး ဒီထွက်ပြေးမှု မဖြစ်ခင် ၂ လ ကာလအတွင်း တာဝန်ကျ ဝန်ထမ်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။ 

ရဲ တပ်ဖွဲ့ ဒုတိယအကြီးအကဲ Jaqueline Camargo Machado က ပြောတာမှာတော့ အကျဉ်းသားတွေရဲ့ တိုက်ခန်းတွေ ဟာ ခဏလေးတောင် လုံခြုံရေး တာဝန်ကျသူတွေက စစ်ဆေးခဲ့ပုံ မရဘူးလို့ ဆိုတယ်။ 

လုံခြုံရေးတာဝန်ကျ ဝန်ထမ်းတွေ က အခန်းတွေကို ရှာဖွေရေး လုပ်နေရမှာဖြစ်ပြီး ဒါကို ပျက်ကွက်ခဲ့ တာသေချာတယ်လို့ သူက ဆက်ပြောတယ်။ 

“ ကျမတို့ သိလိုက်ရတာကတော့ ဒီ တိုက်ခန်းတွေကို အနည်းဆုံး ရက်ပေါင်း ၆ဝ လောက် ဘာမှ စစ်ဆေး ထားတာ မရှိဘူးဆိုတာပါဘဲ။ ဒီတော့ သူတို့ ဥမင်လှိုင်ခေါင်းတူးတယ်။ သူတို့ ထွက်ပြေးဖို့ လွယ်ကူ သွားခဲ့ တာပေါ့” လို့ Jaqueline က ဆိုပါတယ်။ 

ဒါကြောင့် တာဝန်ကျ ဝန်ထမ်းတွေလည်း အလိုတူ အလိုပါ ကြံရာပါလို့တောင်သံသယဖြစ်စရာပါ။ 

လွတ်မြောက်သွားတဲ့ အကျဉ်းသား ၂ ဦးကိုတော့ ရဲက ဖမ်းဆီးရမိဖို့ အပူတပြင်း ကြိုးစားနေတယ်လို့ ဘရာဇီးရုပ်သံ သတင်းတွေက ဆိုပါတယ်။

  

အိမ့်သံစဉ် ~ 















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved