ထိုင်းနိုင်ငံကအငှားကိုယ်ဝန်ဆောင်မှုနဲ့ ဂျပန်တဦးရဲ့ DNA

Wednesday, August 20, 2014

ထိုင်းနိုင်ငံက အငှားကိုယ်ဝန်ဆောင်မှုအရှုပ်တော်ပုံက တစတစနဲ့ အစ ရှာရစ ပြုလာပြီလို့ ပြောရမှာပါ။ အခုနောက်ဆုံး သတင်းတခုမှာတော့ ထိုင်းအငှားကိုယ်ဝန်ဆောင်သူတွေကို အသုံးပြုပြီး အနည်းဆုံး ကလေး ၁၂ ဦးရဲ့ ဖခင်လို့ သံသယ ဖြစ်ခံရသူ ဂျပန်အမျိုးသားတဦးက သူ့ ရှေ့နေကတဆင့် ထိုင်း ရဲတပ်ဖွဲ့ကို သူ့ရဲ့ DNA နမူနာကို လွဲပြောင်းပေးလိုက်တယ် လို့ သိရပါတယ်။ 



 ဓာတ်ပုံ- ဘန်ကောက်ပို့စ် 

ဒါပေမယ့် သူ ဘယ်သူဆိုတာ အမည်နာမ ဖော်ပြမထားလို့ မရှင်းလင်းပါဘူး။ 

ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ်အတည်ပြုချက်အရ အသက် ၂၄ နှစ်အရွယ် ဂျပန်နိုင်ငံသားဟာ ထိုင်းနိုင်ငံကို မကြာခဏ ဝင်ထွက် လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ကို တရားမစွဲရသေးပါဘူး။ 

သူ့ရဲ့ ထိုင်းရှေ့နေ Kong Suriyamonthon က ပြောတာမှာတော့ ဂျပန်အမျိုးသားက သူ့ ပေါ် စွပ်စွဲချက်
တွေ ကို ရှင်းရှင်း လင်းလင်း ဖြစ်စေချင်တာလို့ ပြောပါတယ်။ 

“ဒါက DNA နမူနာတခုပါ။ ဟုတ်တယ်။ သူက အမှန်တရားပေါ်ပေါက်စေချင်တာပါ” ရှေ့နေ Kong က သတင်းထောက် တွေကို တနင်္လာနေ့က ပြောလိုက်တာပါ။ ဒါပေမယ့် သူ့အမှုသည်ဂျပန်လူငယ်ဟာ ထိုင်းနိုင်ငံကို ပြန်လာမယ်၊ မလာဘူး ဆိုတာတော့ သူမသိဘူးလို့ဆက်ပြောထားပါတယ်။ 

ဒါပေမယ့် သူ့အမှုသည် ဘယ်မှာ ရှိနေတယ်ဆိုတာကို အတည်ပြု ဖြေဆိုဖို့ ငြင်းဆိုခဲ့ပေမယ့် DNA နမူနာတွေကို ဂျပန် နိုင်ငံက ရောက်လာခဲ့တာလို့တော့ ပြောပါတယ်။ 

ရဲမှူးကြီး Naiyawat Padermchit က ပြောတာမှာတော့ ကလေး အနည်းဆုံး ၁၂ ယောက်ကို စမ်းသပ် စစ်ဆေးလိုက်တာမှာ တော့ သူတို့ရဲ့ ဖခင်ဟာ လူတဦးတည်းဖြစ်တယ်လို့ ဆိုပါတယ်။ 

အခုလို လူပြောသူပြောများတဲ့ ထိုင်းနိုင်ငံက အငှားကိုယ်ဝန်ဆောင်မှု ကိစ္စဟာ မကြာသေးခင် ရက်သတ္တပတ် တုန်းက သြစတြေးလျ နိုင်ငံက စုံတွဲ တတွဲဟာ ထိုင်းအမျိုးသမီးတဦးဆီ အမွှာ အဖြစ် အငှားကိုယ်ဝန်ဆောင်စေခဲ့ပြီး မိန်းကလေး တဦးတည်းကိုသာ သြစတြေးလျကို ခေါ်သွားပေ မယ့် 
ယောက်ျား လေးက မွေးရာပါ ဥာဏ်ရည်မမီ ဖြစ်နေလို့ စွန့်ပစ်ထား ရစ်ခဲ့တာက စခဲ့တာပါ။ 

အဲဒီ သတင်းဟိုလေး တကြော်ဖြစ်ပြီးနောက်ပိုင်း အခု လဆန်းပိုင်းက ထိုင်းရဲတွေက ဘန်ကောက်မြို့က တိုက်ခန်းတခုမှာ ကလေးထိန်း ၉ ဦး၊ ကလေး ၉ ဦးနဲ့ အငှား ကိုယ်ဝန်သည် တဦးကို ဖော်ထုတ်တွေ့ရှိခဲ့ ပါတယ်။ 

ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေမှု လုပ်တာမှာ ဂျပန် စီးပွားရေးလုပ်ငန်းရှင်အမျိုးသားရဲ့ သုပ်သွေးနဲ့ လုပ်ယူ ထားတယ်လို့ သံသယဖြစ်တဲ့ နောက်ထပ်ကလေးတွေကို ဖော်ထုတ်တွေ့ရှိပြန်ပါတယ်။ 

“ကျနော်တို့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေအရ သူက သူဌေးတဦးဖြစ်တယ်။ သူ့အဖေက သူ့ကို ငွေ အမြောက်အများပေးခဲ့တယ်။ ကလေးတွေကို သူက ထိုင်းကနေ ကမ္ဘောဒီးယားကို ခေါ်သွား တာလည်း ကျနော်တို့ သိရ တယ်” ထိုင်းနိုင်ငံရဲ့ အင်တာပိုလ် ရဲတပ်ဖွဲ့ ဒါရိုက်တာ Apichart Suriboonya က ရိုက်တာ သတင်းဌာနကို ပြောထားပါတယ်။ 

သူက ဆက်ပြောတာမှာတော့ လူမှောင်ခိုကူးမှုနဲ့ ဆက်နွယ်မှု မရှိတာကိုတော့ သူတို့ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့က စပြီး တာဝန်ယူလာတဲ့ ထိုင်းစစ်တပ်အစိုးရက ထိုင်းနိုင်ငံမှာ ငွေကြေး အရ အငှား ကိုယ် ဝန် ဆောင်ခြင်းဆိုင်ရာ ရာဇဝတ်မှု ဥပဒေတရပ် ပြဌာန်းရေ့း  ကနဦး မူကြမ်းတခု ကိုတော့ ထုတ်ပြန်ပေးပြီးဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~ 













0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved