ကြီးကြီး သေးသေး တယောက် ၁ဝဝိ/-

Monday, September 1, 2014

.


အခက်အခဲတွေထဲမှာ အနေခက်ပြီး သွားလေရာ၊ ရောက်လေရာမှာ အရေးတကြီး ဖြေရှင်းရတဲ့ သဘာဝကိစ္စတခု ရှိပါတယ်။ အဲဒီ အခက်အခဲကို ရှင်းရတဲ့နေရာကတော့  အိမ်သာပါပဲ။





 ဓာတ်ပုံ- ဇေကြီး

ခရီးသွားလာရာမှာတော့  အများသုံးအိမ်သာတွေကိုပဲ အားကိုးကြရတာပါ။
ခရီးရောက်မဆိုက် အိမ်သာ ဆိုတဲ့ ဆိုင်းဘုတ်ကို ပထမဆုံး ရှာတတ်သူ စူးစမ်းတတ်သူ အများအပြား ရှိပါလိမ့်မယ်။

အိမ်သာဆိုင်းဘုတ်တွေမှာ ကျားနဲ့ မ ဆိုတာတွေ ခွဲခြားရေးထားပြတတ်သလို အိမ်သာ အသုံးပြုခ အခကြေးငွေ တွေလည်း ရေးထားတတ်ကြပါတယ်။ အထူးသဖြင့် လူတယောက် ဘယ်လောက်နှုန်း ဆိုတာမျိုး ရေးလေ့ရှိပါတယ်။ 

လူကြီးဆို ဘယ်လောက်၊ ကလေးဆို ဘယ်လောက်ဆိုတာမျိုးရေးထားတဲ့ အိမ်သာဆိုင်းဘုတ်မျိုးလည်း 
မြန်မာ နိုင်ငံမှာ ရှိနိုင်မလား။ 

အပေါ်ပုံကတော့ မွန်ပြည်နယ် ကျိက္ခမီရေလယ်ဘုရားမှာတွေ့ရတဲ့ အိမ်သာဆိုင်းဘုတ်တခုပါ။  

လူကြီး = ၁ဝဝ ကျပ်၊ 
ကလေး = ၁ဝဝ ကျပ်၊ 
ကြီးကြီး သေးသေး 
တယောက် ( ၁ဝဝိ) တဲ့။ 

ကလေးအတွက် ဈေးတဝက်လျှော့ပေးဖို့ တောင်းဆိုမှုတွေနဲ့ ကြုံရလို့ အဲဒီလို ပြဋ္ဌာန်းထားတာလည်း ဖြစ်နိုင်ပါတယ်။ လူကြီးသွားရင် ကလေးကို အခမဲ့ ပေးမသွားဘူးလားလို့ စောဒကတက်သူတို့နဲ့ ကြုံရတာ သိပ်များလာရင်တော့ သန့်စင်ခန်းလုပ်ငန်း လုပ်ကိုင်သူက စီးပွားရှာရာ ကိုယ်ချင်းစာပါ ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့ အလုပ်မဖြစ်တော့ဘူးလို့ ယူဆမိမှာပါပဲ။

ဈေးမဆစ်ဘူး၊ အဆစ်မတောင်းဘူး ဆိုရင်တော့ ဒီဆိုင်းဘုတ် ပေါ်လာစရာ အကြောင်း မရှိပါဘူး။

ကျပ် ၁ဝဝ ပေးရတဲ့ အိမ်သာရဲ့ သန့်ရှင်းမှုကို ခန့်မှန်းနိုင်မယ့် စာကိုလည်း ဆိုင်းဘုတ်မှာ တပါတည်း သတိပေး ရေးထားပါတယ်။ အိမ်သာသွားတဲ့အခါ ဖိနပ်မစီးရပါဘူး တဲ့။

အိမ်သာသွားရာလမ်းကလည်း သန့်သန့်ရှင်းရှင်းပါ။ 


အိမ်သာ သန့်ရှင်းမှု ဆိုတာကလည်း အများပြည်သူ ကျန်းမာရေး ကိစ္စအတွက်အတော်ပဲ အရေးကြီးပါတယ်။ 

 နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ မြန်မာနိုင်ငံမှာ အရေးတကြီး အပြောင်းအလဲ လုပ်သင့်တာတွေထဲက တခခုကတော့ အိမ်သာ ကိစ္စပါပဲ။ လူအများသုံး သန့်စင်ခန်းတွေ ကျောင်း၊ ဆေးရုံ၊ ဈေး၊ ကုန်တိုက် စတဲ့ နေရာတွေမှာ ရှိကြပေမယ့်  သန့်ရှင်းမှု ကိစ္စက အတော်ပဲ ပြုပြင်ပြောင်းလဲယူဖို့ လိုပါသေးတယ်။ 

ကျပ်တရာ ဆိုတာ ဒေသတွင်း ပေါက်ဈေးလို့ ဆိုရပါမယ်။
ထိုင်းနိုင်ငံမှာလည်း ဒီနှုန်းလောက်ပါပဲ။ ၃ ဘတ် ပေးရပါတယ်။

သန့်ရှင်းရေးစရိတ် ပိုသုံးနိုင်တဲ့ထိုင်းနိုင်ငံမှာတော့ အများသုံးအိမ်သာတွေက ဂုဏ်ထူးမှတ် မရရင်တောင် အောင်မှတ်ပေးနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။

ကုန်တိုက်တွေ၊ ဓာတ်ဆီဆိုင်တွေမှာ စီစဉ်ပေးထားတဲ့ အများသုံးသန့်စင်ခန်း အရေအတွက်လည်း အတော်လေး များတယ်လို့ ဆိုရမယ်။

ကိုယ့်အခက်အခဲ ဖြေရှင်းရေးအတွက် ၃ ဘတ် ပေးနိုင်တဲ့ ပေးချင်တဲ့သူအရေအတွက်လည်း တော်တော်လေး များပါတယ်။

အိမ်သာတွေ သန့်ရှင်းရေးအတွက် မဆိုစလောက်သော ဝန်ဆောင်မှုကို ပေးနိုင်တဲ့ ပေးချင်တဲ့သူ များများ ရှိဖို့လည်း လိုအပ်တယ်လို ဆိုချင်ပါတယ်။


အိမ့်သံစဉ် ~ 












0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved