ဦးသိန်းစိန်နဲ့ ဒုတိယအကြိမ်သမ္မတ သက်တမ်းကိစ္စ မန္တလေးမှာ ဆန္ဒပြ

Friday, September 12, 2014

သမ္မတ ဦးသိန်းစိန် အနေနဲ့ တိုင်းပြည်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အရင် ဖြေရှင်းပြီးမှသာ ဒုတိယ အကြိမ် သက်တမ်း ၀င်ရောက် အရွေးခံဖို့ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ် 
ဖော်ဆောင်ရေးအဖွဲ့ (MDCF) အလုပ်သမားလယ်သမားအရေးများဆောင်ရွက်သူများ FNIအဖွဲ့တို့အပါ အဝင် ၂၀ ဦးခန့် က ယနေ့နံနက် ၉ နာရီမှာ မန္တလေးမြို့ ၈၄ လမ်း ပေါ်တွင် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။ 

ဓာတ်ပုံ- မင်းထက်ငြိမ်းချမ်း

သမ္မတဦးသိန်းစိန် ပြီးခဲ့တဲ့ ရက်ပိုင်းက သွားရောက်တဲ့ ဥရောပ ခရီးစဉ်မှာ ပြည်သူတွေက လိုလားရင် ဒုတိယအကြိမ်သက်တမ်းထပ်မံအရွေးခံမယ်ဆိုတဲ့ စကားကို အခြေခံပြီး MDCF အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုသိန်းအောင်မြင့်၊ ကိုစောလှအောင်၊ ကိုမျိုးဝင်းတို့က ဦးဆောင်ကာ အလုပ်သမား အရေးလှုပ်ရှားသူများနဲ့ ပူးပေါင်းပြီး၊ ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်ပြီး ဆန္ဒပြခဲ့တာပါ။ 

သူတို့ တောင်းဆိုခဲ့တာတွေကတော့ သမ္မတဦးသိန်းစိန် အနေနဲ့ လက်ရှိ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ မြေ သိမ်း ယာ သိမ်းကိစ္စများ၊ လယ်သမားများ ဖမ်းဆီး ထောင်ချ ခံနေရမှုများ၊ သတင်းမီဒီယာ သမားတွေကို ဖမ်းဆီးနေမှုများ အပြင် ဘာသာရေးအဓိကရုဏ်းတွေနဲ့ ပတ် သက်ပြီး နောက်ကွယ်က ကြိုးကိုင်သူတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့၊ ဆင်းရဲ နွမ်းပါးမှု ပိုမိုများပြား လာပြီး စားဝတ်နေရေး ဒုက္ခပိုမို ကျပ်တည်းလာ တာကို ဖြေရှင်းပေးဖို့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ပျက်ယွင်းနေတာကို တည့်မတ်ဖို့ စတဲ့ 
ပြဿနာ တွေကို ဖြေရှင်းပေးပြီးပြီးမှာသာ ရွေးကောက်ပွဲဝင်ဖို့ ပြောဆိုပါတယ်။ 

မိုးရွာနေတဲ့ကြားက ဆန္ဒပြခဲ့တာဖြစ်ပြီး လမ်း၃၀နှင့်၈၄လမ်းထောင့်မှနံနက်၉နာရီတွင်ဟောပြောမူနှင့် စတင် ကာ ၈၄လမ်း အတိုင်း ၃၁လမ်းထိပိုစတာဗီနိုင်းများကိုင်ဆောင်ပြီးးလမ်းလျောက်စီတန်း လှည့်လည် ကာ ၃၁လမ်းထောင့် ဓမ္မသာလာခန်းမနှင့်မျက်စောင်းထိုးနေရာတွင်ဟောပြောကာအဆုံး သတ်ခဲ့ပါတယ်။ တနာရီခွဲခန့် အချိန်ကြာမြင့်တဲ့ ယင်းဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ဝင်များက အဆက်မပြတ် လိုက် ပါ စောင့်ကြည့်ခဲ့ ပါတယ်။



မင်းထက်ငြိမ်းချမ်း ~ 


 








3 comments :

  1. Anonymous said... :

    ဆန္ဒပြနေစရာမလိုပါဘူး....ဥရောပ ခရီးစဉ်မှာ "ပြည်သူတွေက လိုလားရင် ဒုတိယအကြိမ်သက်တမ်းထပ်မံအရွေးခံမယ်"ဆိုတာကရှက်ရမ်းရမ်းပြီးပြောတဲ့စကားပါ....သူဘယ်လိုသမ္မတဖြစ်လာတယ်ဆိုတာကမ္ဘာကသိပြီးပါပြီ။

  1. Anonymous said... :

    စိတ်​ပျက်​စရာဘဲ သူ့ဟာ သူ ဆယ်​ခါဘဲ အ​ရွေးခံခံ တစ်​ရက်​ ၃နှပ်​မှန်​မှန်​ဝင်​​အောင်​​တော့ ​ရှာစားရမှာဘဲ ဆန္ဒပြ ​နေလဲထမင်းမဝပါဘူးကွာ အခန့်မသင့်​ ရင်​ ​မ​ပြော​ကောင်းမဆို​ကောင်း ​ထောင်​နန်းစံ​နေရဦးမယ်​:-) :-)

  1. တခုသောမနက်ခင်းမှာ ကျနော်ဟာ ရေဒီယိုနားထောင်နေရင်း voaကလွှင့်တဲ့သတင်းတစ်ပုဒ်
    ကြောင့်ထခုန်မိမတတ်လန့်သွားပါတယ် ၊ အဲဒီသတင်းဟာ အယ်ကိုင်ဒါခေါင်းဆောင်ကြီး အယ်လ်ဇ၀ါဟီရီရဲ့မြန်မာပြည်ကိုဂျီဟတ်စစ်ပွဲဆင်နွှဲမယ်ဆိုတဲ့သတင်းမဟုတ်ပါ အနောက်အာဖရိကမှာဖြစ်ပွားနေတဲ့ကြောက်မက်ဖွယ်ရာအီဘိုလာရောဂါအကြောင်းသတင်းလည်း
    မဟုတ်ပါ အဲဒါတွေထက်အဆပေါင်းမြောက်များစွာကျနော့ကိုတုန်လှုပ်ချောက်ခြားစေတဲ့သတင်း
    ကတော့ "အကယ်၍ ပြည်သူတွေကအလိုရှိရင် ပြည်သူတွေကတောင်းဆိုရင်နောက်သက်တမ်း
    အတွက်သမ္မတဦးသိန်းစိန်ကစဉ်းစားမယ်" ဆိုတဲ့သတင်းပါပဲ ။ ကျနော်အမှတ်မမှားဘူးဆိုရင်
    ဦးသိန်းစိန်ကဒီသက်တမ်းပြီးရင်နဂါးမောက်သီးပဲအေးအေးဆေးဆေးစိုက်စားတော့မယ်ဆိုပြီး
    ပြောခဲ့ဖူးသလားလို့ ခုမှဘယ်လိုဖြစ်ရပြန်တာတုန်း ပြည်သူတွေကအလိုရှိရင်ဆိုတာကရော ဘယ်ပြည်သူတွေကိုပြောတာလဲ လက်တစ်ဆုပ်စာခရိုနီတွေလား သန်းခြောက်ဆယ်သော ပြည်သူ
    တွေလား ၂၀၁၁ကနေစပြီးgood government,clean governmentဆိုတဲ့ကြွေးကြော်သံနဲ့ဦးသိန်းစိန်အစိုးရတက်လာခဲ့ပါတယ် အဲဒီအချိန်ကစပြီးရွာက
    ကျနော့သူငယ်ချင်းတွေပျောက်ချင်းမလှ ပျောက်ကုန်ပါတယ် တချို့ကမလေးရှားမှာ တချို့ကစင်္ကာပူမှာ အများစုကထိုင်းမှာ ရွေ့ပြောင်းအလုပ်သမားတွေအဖြစ်ရောက်သွားကြတယ်
    ဥပဒေနဲ့ကျောင်းပြီးခဲ့တဲ့ကျနော့သူငယ်ချင်းတစ်ယောက်ကဆိုမလေးရှားကစားသောက်ဆိုင်
    တစ်ခုမှာပန်းကန်ဆေးနေလေရဲ့ ၊ GTCကျောင်းထွက်သူငယ်ချင်းတစ်ယောက်ကလည်း ဗလကောင်းလို့ဆိုပြီးစင်္ကာပူကပန်းရံအလုပ်တစ်ခုမှာအုတ်သယ်နေတယ် ကျနော်ကတော့ ဟောဒီ
    လုံးဝအသုံးမကျတဲ့ရွာငယ်လေးမှာ လယ်လုပ်လည်းအကျိုးမရှိ ရော်ဘာစိုက်လည်းရော်ဘာဈေးက
    မကောင်းဆိုတော့ မြင်းဆေးပဲရောင်းစားရင်ကောင်းမလားလို့စဉ်းစားမိတယ် ။
    ဦးသိန်းစိန်ကိုကျနော်တို့မမုန်းပါ သို့သော် ချစ်လို့လည်းမရပါ နောက်တစ်ကြိမ်
    ဦးသိန်းစိန်သာသမ္မတဖြစ်လာဦးမယ်ဆိုရင်တော့ ကျနော့အနေနဲ့ပွဲစားလို့ခေါ်တဲ့ လူကုန်ကူးသမား
    တွေနဲ့ဆက်သွယ်ပြီးထိုင်းနိုင်ငံကိုအလုပ်လုပ်ဖို့ထွက်ခွါရတော့မှာဖြစ်ကြောင်းပါခင်ဗျာ.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved