ပုသိမ်မှာတွေ့ရတဲ့ အမုန်းများရပ် လှုပ်ရှားမှု

Sunday, September 21, 2014

 ~



 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က မြို့တော်ခန်းမရှေ့မှာ မြန်မာပြည် ငြိမ်းချမ်းရေးလိုလားသူတွေက အမုန်းများရပ် ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို စုပေါင်းကျင်းပခဲ့ကြ ပါတယ်။

ဒီကနေ့မနက် ၁၀ နာရီက စတင်ကျင်းပခဲ့တဲ့ ပုသိမ်မြို့က  ငြိမ်းချမ်းရေးနေ့အခမ်းအနားကို ဧရာဝတီလူငယ် ကွန်ရက်၊ ပုသိမ်ပညာရေးလူငယ်များ၊
ဒေသခံ ကဗျာဆရာများနဲ့ ငြိမ်းချမ်းရေးလိုလားသူများ အပါအ၀င် စုစုပေါင်း လူ ၁၅၀ ကျော်ဟာ မြန်မာပြည် ငြိမ်းချမ်းရေး အတွက် ကဗျာများရွတ်ဆိုခြင်း၊ ငြိမ်းချမ်းရေးသီချင်းများ ၀ိုင်းဖွဲ့သီဆိုခြင်းနဲ့ ငြိမ်းချမ်းရေးအတွက် ဗီနိုင်း ပိုစတာများကိုင်ဆောင်ပြီး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

“မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အဓိကလုပ်ဆောင်ခဲ့ကြပြီး ကွယ်လွန်တဲ့အချိန်အထိ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရကို မြင်ခွင့်ရမသွားတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဆရာကြီးဒဂုန်တာရာတို့ကို အမှတ်ရ  အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့လည်း ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” လို့ ဧရာဝတီလူငယ်ကွန်ရက်အဖွဲ့ဝင် ကိုမင်းမင်းက ပြောပါတယ်။

ဒီလှုပ်ရှားမှုဟာ ပုသိမ်မြို့မှာတော့ ငြိမ်းချမ်းရေးနဲ့ပတ်သတ်လို့ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ လှုပ်ရှားမှု ဖြစ်ကြောင်း သိရပါတယ်။

ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးနေတဲ့ကြားကပဲ တိုက်ပွဲတွေဖြစ်လို့ နေရပ်ဒေသကို စွန့်ခွာထွက်ပြေးနေရတဲ့သူတွေကိုယ်စား ဧရာဝတီလူငယ်ကွန်ရက်အဖွဲ့က “မြန်မာပြည်ငြိမ်းချမ်းရေး ဘယ်တော့လဲ”၊
 “မြန်မာ့ငြိမ်းချမ်းရေးနေ့ ဘယ်တော့လဲ”ဆိုတဲ့  ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်နေသူတွေကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးမရှိလို့ စစ်ကြောင့်ဒုက္ခရောက်နေရတဲ့ ပြည်သူတွေရဲ့ ဗီနိုင်းဓာတ်ပုံတွေကိုလည်း ငြိမ်းချမ်းရေးနေ့ပွဲမှာ ကိုင်ဆောင်ပြသခဲ့ကြပြီး “ကမ္ဘာမြေငြိမ်းချမ်းပါစေ”၊ “မြန်မာပြည် ငြိမ်းချမ်းပါစေ”၊ “လွတ်လပ် ငြိမ်းချမ်း”ဆိုတဲ့ ဗီနိုင်းပိုစတာတွေကိုလည်း ကိုင်ဆောင်ပြီး ငြိမ်းချမ်းရေးနဲ့ပတ်သတ်တဲ့ သဘောထားတွေ ထုတ်ဖော်ခဲ့ကြပါတယ်။

စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့ဦးဆောင်မှု ၁၉၈၂ ခုနှစ်က စတင်ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး ယခုဆိုရင် ၃၂ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနေ့သာ ၃၂ နှစ်ပြည့်မြောက်ခဲ့ပေမယ့် ကမ္ဘာမှာရော မြန်မာပြည်မှာပါ ငြိမ်းချမ်းရေး မရရှိသေးဘဲ စစ်ပွဲတွေဖြစ်ပွားလျှက်ရှိပြီး စစ်ဘေးစစ်ဒဏ်ကြောင့် လူပေါင်းများစွာ ဒုက္ခပင်လယ်ဝေနေဆဲဖြစ်ပါတယ်။

ဆလိုင်းသန့်စင်

 




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved