ပြည်မြို့ နဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့

Sunday, September 21, 2014

 ~




 


             စက်တင်ဘာ  ၂၁ မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့မှာ အထက်တန်းကျောင်းသားတွေနဲ့ လူငယ်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊  စာနယ်ဇင်းအသိုင်းအ၀ိုင်း၊ ကဗျာဆရာတွေ ဦးဆောင်ပြီး ၂ နေရာခွဲ ကျင်းပခဲ့ကြပါတယ်။

            ကျောင်းသားတွေ၊ လူငယ်တွေနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းကတော့  ဧရာဝတီမြစ်ကမ်းနဘေးက သဲသောင်ပြင်မှာ ငြိမ်းချမ်းရေးကဗျာနဲ့ စာတန်းတွေရွတ်ပြီး ကျင်းပခဲ့ကြသလို၊
သရေခေတ္တရာမြို့ဟောင်းအတွင်းမှာလည်း ကဗျာဆရာတွေက ငြိမ်းချမ်းရေးကဗျာတွေ ရွတ်ဖတ်ခဲ့ကြပါတယ်။

            အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့နဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း(၆၀) ကျော်ကြာမြင့်နေပြီးဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတဲ့
ဘာသာရေးပဋိပက္ခတွေ အမြန်ဆုံး ရပ်တန့်စေခြင်တဲ့အတွက် အခုလို ကျင်းပပြုလုပ်ရတာဖြစ်ကြောင်း ဧရာဝတီမြစ် သဲသောင်ပြင်မှာ ကျင်းပပြုလုပ်တဲ့ ပွဲစီစဉ်သူတဦးဖြစ်တဲ့ ကိုမျိုးသူထွဋ်က အခုလိုပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတပ်တွေ တိုက်နေတာတွေရှိတယ်၊ ဘာသာရေးပဋိပက္ခတွေ ရှိတယ်။
ဒီလိုပဲ ရန်တွေဖြစ်နေမယ် စစ်တွေ တိုက်နေမယ်ဆိုရင် နိုင်ငံကဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ပါဘူး။
ဖွံ့ဖြိုးတက်မှုဟာလည်း အရမ်းနောက်ကျသွားလိမ့်မယ်။
 ဒါကြောင့်စစ်ပွဲတွေရပ်အောင် ပဋိပက္ခတွေ မဖြစ်အောင် လို့တတ်နိုင်တဲ့နေရာကနေ၀င်ရောက်လုပ်ဆောင်တဲ့ အနေနဲ့ အခုလိုလှုပ်ရှားမှုတွေပြုလုပ်ရတာပါ”    
     

            ဧရာဝတီမြစ် သောင်ပြင်မှာတော့ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ ကဗျာရွတ်ဖတ်ခြင်းတွေ၊ စာတန်းဖတ်ခြင်းတွေအပြင် အထိမ်းမှတ်ဆိုင်းဘုတ်တွေစိုက်ထူခဲ့သလို့ ငြိမ်းချမ်းရေးမီးပုံးပျံတွေကိုလည်း  လွှတ်တင်ခဲ့ကြတာပါ။

ကမ်းနားလမ်းကနေ ပြည်မြို့လယ်က ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်အထိ ကျောင်းသားလူငယ်တွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းမှ လူအင်အား ၁၅၀ ခန့်က ချီတက်လမ်းလျှောက်ခဲ့ကြ များပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်။

အဲဒီလို လမ်းလျှောက်ချီတက်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို တစုံတရာ အကြောင်းကြားစရာ မလိုဘူးလို့သိရပါတယ်။

 မလိုရတဲ့အကြောင်းအရင်းကတော့ ငြိမ်းချမ်းရေးလှုပ်ငန်းတွေကို အကောင်ထည်ဖော်နေတဲ့ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက တိုင်းနှင့်ပြည်နယ်အသီးသီးကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့နဲ့ပတ်သက်တဲ့  လှုပ်ရှားမှုတွေ ပြုလုပ်ပါက ခွင့်ပြုပေးဖို့ အကြောင်းကြားစာတွေ ပေးပို့ထားတဲ့အတွက် တစ်စုံတစ်ရာ အကြောင်းကြားစရာမလိုတာဖြစ်တယ်လို့ Generataion Wave (ပြည်) မှ ကိုပြည့်လွင် ပြောပါတယ်။

လက်ရှိမြန်မာပြည်အတွင်းက ငြိမ်းချမ်းရေးလုပ်ငန်းတွေ အကြောင်းကိုလည်း သူက  ဆက်ပြောပါတယ်။

“လက်ရှိလုပ်နေတဲ့ အစိုးရရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ဈေးရောင်းဈေးဝယ် လုပ်နေတယ်လို့ မြင်တယ်။
တိုင်းရင်းသားပြည်သူလူထုတွေ လိုချင်တဲ့ စစ်မှန်တဲ့ဖက်ဒရယ်စနစ် မရမခြင်း မငြိမ်းချမ်းနိုင်ဘူးလို့ မြင်တယ်။
စစ်ပွဲတွေကိုပဲ မငြိမ်းချမ်းခြင်းလို့ မသတ်မှတ်ဘူး၊ ပဋိပက္ခတွေကိုလည်း မငြိမ်းချမ်းခြင်းလို့ သတ်မှတ်တယ်။
အဲဒီတော့ ငြိမ်းချမ်းရေး ဆိုတာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ လုပ်မှ ပြည့်ဝမယ်။
ကျွန်တော်တို့အနေနဲ့က ပြည် တခရိုင်လုံးအတွက် လုပ်တယ်”


စစ်ပွဲတွေနဲ့ အကြမ်းဖက်တဲ့လုပ်ရပ်တွေ ရပ်တန့်စေဖို့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ ၁၉၈၂ ခုနှစ် စက်တင်ဘာလ တတိယအပတ် အင်္ဂါနေ့မှာ  ပထမဆုံး စတင်ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
၁၉၈၂ ခုနှစ်ကစလို့ နှစ်စဉ် စက်တင်ဘာလ တတိယအပတ် အင်္ဂါနေ့တိုင်းမှာ ကျင်းပပြုလုပ်ခြင်းကို အစဉ်အလာကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့စတင်ပြီး နှစ်စဉ် စက်တင်ဘာလ ၂၁ ရက်နေ့တိုင်းမှာ ၏အပြည်အပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

 ကောင်းမြတ်မင်း

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved