ထိုင်း ဘတ် ၁ သန်းကျော်ပါအိတ်ကို ပိုင်ရှင်ပြန်အပ်တဲ့ မြန်မာလူငယ် စားပွဲထိုး

Thursday, September 25, 2014

ထိုင်းနိုင်ငံ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားလူငယ်လေး တဦးဟာ သူ့ဆိုင်မှာ လာစားတဲ့ ဧည့်သည်ကျန်ခဲ့တဲ့ ထိုင်း ဘတ်ငွေ ၁ သန်းကျော် ( မြန်မာငွေ ကျပ် သိန်း ၃၀၀ 
ကျော်) ပါ တဲ့ အိတ်ကိုတွေ့ခဲ့ ပြီး မူလ ပိုင်ရှင်ဆီ ပြန်ပေးလိုက်တဲ့ သတင်းက ထိုင်းနိုင်ငံတ၀န်း လူပြော များနေပါတယ်။ 

 စိုင်းရင် ( အနီရောင် ဝတ်ထားသူ)၊ ဆိုင်ရှင်ထိုင်းအမျိုးသမီးနဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက်များ၊ ဓာတ်ပုံ- Chaipin Khattiya/ ချင်းမိုင်စီးတီးနယူးစ်

အသက် ၁၉ နှစ်အရွယ် စိုင်းရင် ခေါ် လာနမ်မူး ဆိုတဲ့ မြန်မာနိုင်ငံက လူငယ်တဦးဟာ ထိုင်းနိုင်ငံ ချင်းမိုင်နယ်၊ Padad ခရိုင်ခွဲက Phet Doi Ngam Sawatdee Jao လို့ အမည်ရတဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်နေသူပါ။ 

တနေ့ကတော့ သူအလုပ်လုပ်နေစဉ် စက်တင်ဘာလ ၂၃ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဆိုင်ကို ညစာလာစားပြီး ပြန်ထွက်သွားတဲ့ စုံတွဲ တတွဲရဲ့ အိတ်တလုံးဟာ ကျန်ရစ်ခဲ့တာတွေ့လိုက်ရတယ်။ ဒါနဲ့ သူက အိတ်ကျန်ခဲ့တာကို လှမ်း သတိပေးခဲ့ပေမယ့် စုံတွဲက ထွက်သွားတော့ မမှီလိုက်တော့ဘူး။ 

ဒါကြောင့် အဲဒီ စုံတွဲ ကျန်ခဲ့တဲ့ အိတ်ကို သူ့ဆိုင်ရှင် Getsarapan Petsri ဆီကို အပ်လိုက်တယ်လို့ ချင်းမိုင် စီးတီး နယူးစ် သတင်းမှာ ရေးပြထားပါတယ်။ 

ဆိုင်ရှင်အမျိုးသမီးကလည်း စိုင်းရင် လာအပ်တဲ့ အိတ်ကို ကြည့်လိုက်တဲ့အခါ ဘဏ်ထုတ် ထိုင်းဘတ်ငွေ
တွေ ကို တွေ့ခဲ့တယ်တဲ့။ ဆိုင်ရှင် အမျိုးသမီးကြီး ပြောတာက အနည်းဆုံး ဘတ် ၁ သန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ 

ဘတ် ၁ သန်းဆိုတာ မြန်မာကျပ်ငွေနဲ့ဆို သိန်း ၃၀၀ ကျော်လောက် ကာလ ပေါက်ဈေး ရှိတာပါ။ 

ဘန်ကောက်မြို့က စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ စုံတွဲလည်း ပိုက်ဆံအိတ်ပျောက်လို့ သောကပွေရင်း စားသောက် ဆိုင်ကို ပြန်ရောက်လာခဲ့တယ်တဲ့။ ပြီးတော့ သူတို့ရဲ့ အိတ်ကို ဆိုင်ရှင်ကတဆင့် ပြန်ပေး လိုက်ပါတယ်။ 

ဒါနဲ့ အဲဒီ စုံတွဲက သူတို့အိတ်ထဲက ပိုက်ဆံတွေ ရေတွက်ကြည့်ပြီး တပြားမှ မပျောက်ဆုံးတာလည်း သိပြီး
နောက်မှာ တော့ မြန်မာရွှေ့ပြောင်းအလုပ်သမား စားပွဲထိုးလေးကို ဆုငွေအဖြစ် ဘတ် ၁ ထောင် ( ကျပ်ငွေ ၃ သောင်းကျော်) ပေးခဲ့တယ်လို့ သတင်းမှာ ဆိုပါတယ်။ 

ဆိုင်ရှင်အမျိုးသမီး မစ္စ Getsarapan က အခြားသော သူ့ဝန်ထမ်းတွေအတွက်လည်း အခု မြန်မာရွှေ့ပြောင်း အလုပ် သမား ကလေးကို စံပြနမူနာ ထားပြောကြားက ရိုးသားမှုကို ဂုဏ်ပြုခဲ့ပါတယ်။ 

အဲဒီစားသောက်ဆိုင်မှာ ၃ နှစ်လောက် ကြာ အလုပ်လုပ်နေခဲ့တဲ့ စိုင်းရင်ကတော့ သတင်းထောက်တွေ ကို ပြောတာမှာ သူ မပိုင်တဲ့ ပစ္စည်းကို သူမလိုချင်ပါဘူးတဲ့။ ပြီးတော့ သူက ဆက်ပြောတာက အခုလို ပိုင်ရှင်ဆီကို ပြန်ပေးလိုက်ရတာ ကိုပဲ သူက ဂုဏ်ယူနေတာပါလို့ ပြောပါတယ်။ 

အခုလို တိုင်းတပါး အိမ်နီးချင်းနိုင်ငံမှာ မြန်မာ နိုင်ငံသား တဦးရဲ့ ရိုးသားမှု ဂုဏ်သတင်းအပေါ် 
မြန်မာနိုင်ငံသား တိုင်း ဂုဏ်ယူလေးစားသင့်ပါတယ်။ 


အိမ့်သံစဉ် ~


 









 

1 comments :

  1. Anonymous said... :

    မောင်စိုင်းရင် ခေါ် လာနမ်မူး ကိုဂုဏ်ယူလေးစားပါတယ်.....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved