တနင်္ဂနွေနေ့ ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ ကန်ကြမယ့် ငြိမ်းချမ်းရေးဆုဖလား ဘောလုံးပွဲက အင်မတန်ကို ထူးခြားမှုတွေနဲ့ ပြည့်နှက်နေပါလိမ့်မယ်။
- (၂ဝ၁၄ ငြိမ်းချမ်းရေးပွဲတော်အကြောင်း ရှင်းလင်းပွဲကို ရန်ကုန်မှာ ဒီကနေ့ ပြုလုပ်ပါတယ်။ ပုံမှာ တွေ့ရတာကတော့ အခမ်းအနားမှူး၊ ဦးနေဘုန်းလတ်၊ ဦးဇာဂနာ၊ ဦးဇော်သက်ထွေး၊ ဦးဘိုကြည်၊ ဂီတသမားစောဖိုးခွားတို့ ဖြစ်ပါတယ်)
ဒီပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ၂ သင်းစလုံး နိုင်နိုင်၊ ရှုံးရှုံး၊ သရေကျကျ ဆုဖလား တခုစီ ရကြမယ်လို့ သိရပါတယ်။
ကစားသမားတွေက နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ အနုပညာရှင်များ ဖြစ်ပါတယ်။ အနုပညာရှင်တွေဘက်မှာ ရုပ်ရှင် ဂီတသမားတွေ ပါပါမယ်။
ပြိုင်မယ့် အသင်းတွေကတော့
ချစ်ကြပါ
-
အမုန်းများရပ်
ဆိုတဲ့ အသင်းတွေပါ။
ဘယ်အသင်းမှာ ဘယ်သူတွေ ဆိုတာကတော့ ဘောလုံးကန်ခါနီး သိရမှာပါ။ ကန်ခါနီး မဲဖောက်ပါမယ် တဲ့။
ဝင်ကန်ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်နေကြတဲ့ လက်နက်ကိုင်အဖွဲ့များကို ဖိတ်ထားတယ်၊ ကန်တတ်တဲ့သူတွေ လာကန်ကြပါပေါ့လေ။
မည်သူမဆို အခမဲ့ သွားကြည့်နိုင်မယ်
စက်တင်ဘာ ၂၁ တနင်္ဂနွေ
နေ့ခင်း ၃း၀၀
အောင်ဆန်းကွင်း
ငြိမ်းချမ်းရေး အမှတ်တရပွဲအတွက် ပေးအပ်မယ့် ဆုတံဆိပ်က ဖလား မဟုတ်ဘဲ ဘောလုံးပုံစံ ဖြစ်နေတာကြောင့် ဆုဖလား မဟုတ်ဘဲ ဆုဖလုံးလို့လည်း ခေါ်ဆိုနိုင်ပါမယ်။
ကန်နေတုန်း အငြင်းပွား အချင်းများမှုဖြစ်ရင်လည်း ငြိမ်းချမ်းစွာဖြေရှင်းကြမယ်၊ ဘောလုံးကန်တယ်ဆိုတာ ပုတဲ့သူရော ရှည်တဲ့သူပါ ဝင်ကန်နိုင်တာကြောင့် တခြားသော အားကစားနည်းများနဲ့ယှဉ်ရင် ကန့်သတ်ချက်နည်းပါးတယ်၊ ဒါကြောင့် ဘောလုံးကို ရွေးခဲ့တာလို့ ဆိုပါတယ်။
ဘောလုံးကွင်းထဲရောက်ရင် အားလုံးက တန်းတူဖြစ်သွားမယ် - ယူနီဖောင်းတို့ ဘာတို့ချွတ်ပြီး အသင်းဝတ်စုံပဲ ၀တ်ရမယ် ဆိုတာကြောင့် အလွှာပေါင်းစုံ စိတ်တူကိုယ်တူ ပါဝင်တဲ့ လှုပ်ရှားမှု ဆိုတဲ့ သင်္ကေတကို ရနိုင်ပါမယ်။
အဲဒီနေ့ အောင်ဆန်းကွင်းမှာ ဘောလုံးပွဲတခုတည်း မဟုတ်ဘူး၊ ကဗျာရွတ်တာမျိုးလို အနုပညာတင်ဆက်မှုတွေ ရှိမယ်၊ လူရွှင်တော် ၃ ဖွဲ့လောက် အချိန်ပိုင်းတင်ဆက်မယ်၊ ပရိသတ်က နှစ်သက်ရာကို ကွင်းထဲ လိုက်ခံစားနိုင်မယ် လို့ သိရပါတယ်။
အောင်ဆန်းကွင်းမှာ ဒီလို အစီအစဉ်မျိုး ပြုလုပ်ခွင့်ရတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အဲဒီနေ့ ကွင်းထဲကို ချီတက် ၀င်ရောက်လာမယ့် အရပ်ဘက်အဖွဲ့အစည်း အရေအတွက်ကလည်း ခုချိန်ထိတော့ ၆၁ ဖွဲ့ ရှိနေပါပြီ။
အဲဒီနေ့မှာ သူတို့က ငြိမ်းချမ်းရေးဆိုင်ရာ တောင်းဆိုချက်တခုကို ထုတ်ပြန်ဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။
.
0 comments :
Post a Comment