ထောင်ထဲကထွက်လာရင် ဘာလုပ်ကြသလဲ

Sunday, September 21, 2014


 ~



လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ပေးထရှိတဲ့ နိုင်ငံတော်သမ္မတကြီး အတွက် စိတ်ဝင်စားစရာ အချက်တခုအကြောင်း ပြောပြချင်ပါတယ်။  

အဲဒါကတော့ ထောင်ကလွှတ်ပေးလိုက်တဲ့သူ အများအပြားက သူတို့ရဲ့ မူလ တာဝန်များကို ဆက်လက် ထမ်းဆောင်ကြတယ် ဆိုတဲ့ အချက်ပါပဲ။

ဒီအကြောင်း  
စက်တင်ဘာ ၁၉ မော်ဒန် သတင်းဂျာနယ် သတင်းတပုဒ်မှာ တွေ့ရပါမယ်။

တရားခံပြေး တစ်သောင်းကျော်နဲ့ ဆိုးသွမ်းသူတွေကို ထိန်းဖို့ အင်အားမမျှဖြစ်နေ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ သတင်းပါ။

အမှုဖြစ်လို့ ရဲတွေက စစ်ဆေးလိုက်ရင် လူဟောင်းတွေပဲဖြစ်နေတာ တွေ့ရတတ်ပါတယ် တဲ့။

"လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာပြန်ပြီ၊  အိမ်တွေ ဖောက်ပြန်ပြီ၊  မိရင် စစ်လိုက်တော့ သူတို့ပဲ" ဆိုတဲ့ အရာရှိတယောက်ရဲ့ ပြောဆိုချက်ကိုလည်း တွေ့ရမှာပါ။

တရားခံပြေး ၁၂,ဝဝဝ ရှိတယ်။ ရန်ကုန်မှာ အများဆုံးပဲ လို့ ဆိုတယ်။ ရန်ကုန်ကလည်း လူဦးရေ သိပ်သည်းတယ် မဟုတ်လား။


နိုင်ငံရေးသမားတွေကို ထောင်ထဲ ထည့်ထားတဲ့ ဗိုလ်ချုပ်ကြီးတွေက ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော် ကာလမှာ လွတ်ငြိမ်းချမ်းသာခွင့် မကြာခဏ ကြေညာလေ့ ရှိပါတယ်။
နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ အော်ချက် ထုတ်ထားတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာ လုပ်တဲ့အခါ လူစုံတက်စုံ လွှတ်ပေးတတ်ပါတယ်။ ဒီမိုကရေစီအရေး ဆောင်ရွက်တဲ့ ရဟန်းသံဃာတွေ ကျောင်းသူကျောင်းသား နိုင်ငံရေးသမားတွေကို လွှတ်သလို မူးယစ်ဆေး ကုန်ကူးသူ၊ မုဒိမ်းသမား၊ လူလိမ်လူညာ၊ ခါးပိုက်နှိုက်၊ လူဆိုးလူမိုက်တို့ကိုလည်း အစုလိုက်အပြုံလိုက် လွှတ်ပါတယ်။

နိုင်ငံရေးသမား ပြန်လွတ်တဲ့အခါ နိုင်ငံတကာက ဗိုလ်ချုပ်ကြီးတို့ကို ချီးကျူးပါလိမ့်မယ်။

အထက်မှာ နိဒါန်းပျိုးခဲ့တဲ့ သတင်းဖတ်ပြီး စဉ်းစားမိတာ ၃ ခု ရှိပါတယ်။

၁။ နိုင်ငံရေးသမားတွေ ထောင်ထဲက ထွက်ရင် ယခင် နိုင်ငံရေးလှုပ်ရှားမှုထဲ ပြန်ရောက်တယ်။
 ၂။ ဟိုအမှုဒီအမှု ကျူးလွန်သူ အများအပြားကလည်း ယခင်အလုပ်တွေ ပြန်လုပ်တယ်။

၃။ ပြစ်မှုကျူးလွန်သူများ  မူလ အလုပ်တွေ ပြန်မလုပ်ကြစေဖို့ စီစဉ်ဆောင်ရွက်တာတွေ ရှိသင့်ပြီ။

နိုင်ငံရေးသမား နိုင်ငံရေးပြန်လုပ်တာကတော့ နိုင်ငံအတွက် အများပြည်သူအတွက် ပြဿနာ မရှိပါဘူး။
ဟိုအမှုဒီအမှု ကျူးလွန်သူများကတော့ အဲဒါရဲ့ ပြောင်းပြန် ဖြစ်ပါလိမ့်မယ်။

အခုအချိန်မှာ နိုင်ငံရေးအကျဉ်းသား လို့ အဖွဲ့အစည်းတချို့က သတ်မှတ်ထားသူတွေ ထောင်ထဲ အများကြီး ရှိနေပါတယ်။ သူတို့ လွတ်မြောက်ရေးအတွက် ဖိအား သိပ်များလာတာမျိုးလို အခြေအနေတွေကြောင့် အစိုးရက သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် လွတ်ငြိမ်းသက်သာခွင့်တွေ ကြေညာရင်
ဟိုအမှုဒီအမှု ကျူးလွန်သူများလည်း ထောင်အပြင်ဘက် ပြန်ရောက်လာနိုင်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ထဲ သူတို့ကို ထည့်သွင်းလေ့ရှိတာနဲ့ ပတ်သက်ပြီး အစိုးရကို ဝေဖန်ကန့်ကွက်မှု မရှိသလောက်ပါပဲ။ အခုတော့ ဌာနဆိုင်ရာဘက်ကတောင် အသံထွက်လာပါပြီ။

ထောင်ဆိုတာက အထွက်ရှိရင် အ၀င် ရှိပါတယ်။ ထိန်းသိမ်းထားသူကို တချိန်ချိန်တော့ လွှတ်ပေးရပါမယ်။
သူတို့ကို လွှတ်မပေးခင် အာဏာပိုင်တွေဘက်က ရေရှည်ကို မျှော်တွေးပြီး ဆောင်ရွက်စရာရှိတာများကို ဆောင်ရွက်ပြီးမှ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာမျိုးကို ပေးဖို့ အစီအစဉ်တွေ ရှိမယ်လို့ ယူဆရပါတယ်။

ဦးခင်ညွန့် မိုးကောင်းစဉ်ကာလမှာတော့ နိုင်ငံရေးသမား အများအပြားကို  အင်တာဗျူးပြီးမှ လွှတ်ပေးတာမျိုး ရှိခဲ့ဖူးပါတယ်။ လွှတ်ပေးလိုက်လို့ အပြင်ပြန်ထွက်ရင် နိုင်ငံရေး ဆက်လုပ်ဦးမလား ဆိုပြီး ဗျူးတာပါ။ ဆက်လုပ်မယ်လို့ ဖြေတဲ့သူက များသောအားဖြင့် ထောင်ထဲဆက်နေရပါတယ်။

ဗိုလ်ချုပ်ကြီးတွေက နိုင်ငံရေးသမားတွေကို
နိုင်ငံရေးပြန်လုပ်မှာကို မလိုလားတဲ့အတွက် အဲသလို ဂရုစိုက်ခဲ့ဖူးတယ်။ 

 အခုလည်း မူးယစ်ဆေးရောင်းသူ၊ ခိုးဆိုးလုယက်သူတွေ ထောင်အပြင်ဘက်ရောက်ရင် မူလအလုပ်တွေ ပြန်မလုပ်ကြစေဖို့ ဂရုတစိုက် အစီအစဉ်တွေ ချသင့်ပါပြီ။ 

.

1 comments :

  1. Anonymous said... :

    ရှူပ်​လွန်းလို့ ဘယ်​သူမှ မလွှတ်​နဲ့.. ကိုယ့်​တိုင်းပြည်​နဲ့ ကိုယ်​ ဘယ်​သူ့ ဂရုစိုက်​ရမှာလဲ... ​ထောင်​ထဲ​ရောက်​ကတည်းက သုံးမရလို့.. အသုံးမကျလို့ ​ရောက်​တာ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved