ကိုယ်တော်မှိုင်းရဲ့ဇာတိမှာ ဘာတွေလုပ်ကြမလဲ

Saturday, October 18, 2014


.


 

  
            ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တဲ့ ရွှေတောင်မြို့နယ် ဝါးလည်ရွာမှာ ဆရာကြီးနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ဆိုရင် ဆိုင်းဘုတ်နဲ့  စာကြည့်တိုက်ကလွဲလို့ ဘာမှ မရှိပါဘူး။

            အဲဒိအတွက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမ္ဗာန်စောင့်ရှောက်ရေးအဖွဲ့နဲ့ ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့တွေက ဝါးလည်ရွာမှာ  ပြတိုက်တခု ဆောက်လုပ်ဖို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်။  ဆရာကြီး မကွယ်လွန်မှီ ဝယ်ထားတဲ့မြေပေါ်မှာ တည်ဆောက်ပါမယ်။

            ဆရာကြီးနဲ့ပတ်သတ်တဲ့ စာပေ၊ ယဉ်ကျေးမှုတွေကို ထည့်သွင်းဖေါ်ပြမယ့် ပြတိုက်ကို ငြိမ်းချမ်းရေးဗိမ္ဗာန်လို့ အမည်ပေးထားပြီး ဆောက်လုပ်ဖို့
အစီအစဉ်တွေရေးဆွဲနေပြီးဖြစ်ကြောင်း ဂူဗိမ္ဗာန်စောင့်ရှောက်ရေးနဲ့ ငြိမ်းချမ်းရေးကွန်ယက်က ပြန်ကြားရေးတာဝန်ခံ ကိုထွန်းဝင်းငြိမ်းက အခုလိုပြောပါတယ်။

            "အင်္ဂလန်မှာဆို ရှိတ်စပီးယားနေအိမ်ကို ပြတိုက်အဖြစ်ထားတယ်။
အိန္ဒိယမှာဆို ရာဘင်ရာနတ်တန်ခိုးရဲ့ ပြတိုက်ထားသလို၊ ဟိုချီမင်းဆိုရင်လည်း ဗီယက်နမ်မှာ  အထိမ်းအမှတ်ပြတိုက်တွေ ထားပါတယ်။
ဆရာကြီးရဲ့ စာပေယဉ်ကျေးမှု နိုင်ငံရေးအရပါ ဂုဏ်ကျေးဇူးတွေဟာ မြန်မာပြည်အတွက် အင်မတန်ကြီးမားပါတယ်။
သူနဲ့ပတ်သက်တဲ့ စာပေတွေ၊ ပန်းချီ၊ ပန်းပု သတင်းစာတွေမှအစ အသုံးအဆောင်ပစ္စည်းတွေကို စုစည်းပြီး အခုဆောက်မယ့် ဝါးလည်ရွာက ငြိမ်းချမ်းရေး ဗိမ္ဗာန်ကြီးမှာ ထည့်သွင်းသွားမှာပါ"

          ဒီရွာမှာ   ငြိမ်းချမ်းရေးဗိမ္ဗာန်ဆောက်လုပ်ဖို့ ရွေးချယ်ရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ??

            " မြန်မာပြည်ကြီးကို ပြောင်းလဲပစ်ခဲ့တဲ့လူတွေ၊ ခေါင်းဆောင်ဖြစ်ခဲ့တဲ့လူတွေဟာ ဒီလို ကျေးလက်ဒေသက ပြည်သူလူထုတွေပဲဖြစ်လာကြတာပါ။
ဒီလိုနေရာလေးမှာ ဂုဏ်ယူစရာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလိုလူမျိုး ပေါ်ထွက်ခဲ့တယ်ဆိုတာကို ဖြတ်သွားတဲ့လူတွေ သတိထားမိစေချင်တာပါ။
နိုင်ငံတကာမှာလည်း အထိမ်းအမှတ်ပြတိုက်တို့ ဗိမ္ဗာန်တို့ဆောက်လုပ်ကြတဲ့ ရည်ရွယ်ချက်ဟာလည်း အဓိက အဲဒါပါပဲ" လို့ ကိုထွန်းဝင်းငြိမ်းက  ပြောပါတယ်။

 


သခင်ကိုယ်တော်မှိုင်းက ဒို့ဗမာအစည်းအရုံးနာယကကြီး အဖြစ်လည်း တာဝန်ယူခဲ့ဖူးပါတယ်။

 ဒို့ဗမာအစည်းအရုံးမျိုးဆက်သစ်အဖွဲ့ဝင်တွေက  ဝါးလည်ရွာမှာရှိတဲ့  သခင်ကိုယ်တော်မှိုင်းစာကြည့်တိုက်ရှေ့မှာ ဆရာကြီးရဲ့ ခါးတပိုင်းကြေးသွန်းရုပ်ကို စိုက်ထူဖို့ စီစဉ်နေပါတယ်။

သခင်ဘမောင်ရဲ့သားဖြစ်သူ ဦးအုန်းကျော်က
"ကျနော်တို့ ဒို့ဗမာအစည်းအရုံးမျိုးဆက်သစ်တွေကလည်း ဆရာကြီးကို ဂုဏ်ပြုဖို့လုပ်နေတာပါ။
သခင်ဘစိန် မျိုးဆက်တွေပါသလို သခင်ရှုမောင်(ဗိုလ်ချုပ်နေဝင်း) မျိုးဆက်တွေလည်း ပါပါတယ်" လို့  ပြောပါတယ်။

အဲဒီအစီအစဉ်နဲ့ ပတ်သက်ပြီး  ပြည်ခရိုင် မှိုင်းကွန်ယက် ပြန်ကြားရေးတာဝန်ခံ ဦးချစ်ဆောင်ဦးမှာ ပြောစရာတွေ ရှိနေပါတယ်။

"မဆလ တခေတ်လုံး ဂူဗိဗ္မာန်စောင့်ရှောက်ဖို့တောင် ခွင့်မပြုတဲ့ စစ်အစိုးရကို ထောက်ခံသူ သခင်အုပ်စုတွေက ခေတ်ပြောင်းမှ နိုင်ငံရေးပေါ်လစ်တင်ချင်နေကြတာပါ။
သခင်ဘစိန်တို့ သခင်ရှုမောင်( ဗိုလ်နေဝင်း) ရဲ့ညီ သခင်လှထွန်းက ဆရာကြီးကို ဘယ်လိုလုပ်ခဲ့သလဲဆိုတာ သမိုင်းကို ပြန်ကြည့်လိုက်ပါ။
ဆရာကြီးနဲ့ပတ်သက်လို့ ဘာပဲလုပ်လုပ် ဆရာကြီးရဲ့ မိသားစုဝင်တွေနဲ့ ဖွှဲ့စည်းထားတဲ့ ဂူဗိဗ္မာန်စောင့်ရှောက်ရေးနဲ့ ငြိမ်းချမ်းရေး ကွန်ယက်ကိုတော့
အသိပေးအကြောင်းကြား သင့်တယ်။
စစ်အစိုးရခေတ်အဆက်ဆက် ဒီအဖွဲ့တွေကပဲ ဆရာကြီးကိစ္စတွေကို လုပ်လာခဲ့တာ။ "

ဆရာကြီးကွယ်လွန်ပြီးနောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် လူထုလှုပ်ရှားမှုကြီး ပေါ်ထွန်းခဲ့သလို စစ်အုပ်ချုပ်ရေးကာလ တလျှောက်
 ဆရာကြီးရဲ့ မွေးနေ့နဲ့ ဂူဗိဗ္မာန်စောင့်ရှောက်ရေးလုပ်ငန်းတွေလည်း လွတ်လပ်စွာ လှုပ်ရှားခွင့်မရသလို လှုပ်ရှားမှုတိုင်းကိုလည်း စောင့်ကြည့်ခံခဲ့ရတာပါ။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် (၄) ရက်နေ့၊ ခရစ်သက္ကရာဇ် ၁၈၇၅ ခုနှစ် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်
ဝါးလည်ကျေးရွာမှာ  မွေးဖွားခဲ့တာဖြစ်ပြီး၊ ငယ်မည်မှာ မောင်လွန်းမောင်ဖြစ်ပါတယ်။ မိဘတွေကတော့ အဖ ဦးစံဒွန်း၊ အမိဒေါ်အုန်းတို့ဖြစ်ပါတယ်။

ငယ်စဉ်က ကျီးသဲလေးထပ်ဆရာတော်ထံမှာ ပညာဆည်းပူးခဲ့ပြီး၊ ဆရာကြီး ၁၀ နှစ်သားအရွယ် မန္တလေး နေပြည်တော် မြတောင်ကျောင်းတိုက်မှာ ပညာသင်ကြားနေစဉ်
သီပေါမင်းပါတော်မူပုံကို မျက်မြင်ကိုယ်တွေ တွေ့မြင်ခဲ့ပြီး မျိုးချစ်စိတ်ဓါတ်ပြင်းထန်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

၁၉ နှစ်သားအရွယ်မှစတင်ပြီး ရွှေတောင်မောင်လွန်း အမည်နဲ့ ဇာတ်စာအုပ်တွေကိုရေးသားထုတ်ဝေခဲ့၊ သတင်းစာလောကသို့ မော်လမြိုင်မြို့ရှိ မြန်မာတိုင်းသတင်းစာ
 အယ်ဒီတာအဖြစ် ဆရာလွန်းအမည်နဲ့ဝင်ရောက်ပါတယ်။

၁၉၃၄ ခုနှစ်မှာ သခင်လူငယ်တို့၏ ဒို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီး သခင်ကိုယ်တော်မှိုင်း အမည်ကိုခံယူခဲ့တာပါ။
ဆရာကြီးက နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေးတိုက်ပွဲများကို  အစဉ်တစိုက် ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။

၁၉၅၂ ခုနှစ်မှစတင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်( မြန်မာနိုင်ငံ)ရဲ့ ဥက္ကဌဖြစ်လာပြီး တရုတ်ပြည် ပီကင်းမြို့တော်၊ ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့တော်နှင့် သီဟိုနိုင်ငံ
ကိုလံဘိုမြို့တော်များသို့ သွားရောက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။
 ၁၉၅၅ ခုနှစ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုကို ချီးမြှင့်ခြင်းခဲ့ရပါတယ်။

အသက် ၈၉ နှစ်အရွယ် ၁၉၆၄   ဇူလိုင်လ ၂၃ ရက်နေ့ ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။

ကောင်းမြတ်မင်း

မဟာမှိုင်းအလွန် နှစ် ၅ဝ ပြည့်ပြပွဲနဲ့ ပြည်ခရိုင်
http://blog.irrawaddy.org/2014/07/blog-post_4745.html





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved