ကိုရီးယားအလုပ်ရှင်ထွက်ပြေးတဲ့စက်ရုံမှာ အလုပ်သမားတွေ လစာရကြပြီ

Saturday, October 18, 2014





ရန်ကုန်မြို့ပြင်ရှိ ကိုရီးယားအလုပ်ရှင်ထွက်ပြေးသောစက်ရုံမှ  ပစ္စည်းများကို လေလံတင် ရောင်းချပြီး  ထိုစက်ရုံတွင် လုပ်ကိုင်ခဲ့သူများအတွက်   လစာနှင့် နစ်နာကြေးများ ကို ယနေ့ ပေးအပ်လိုက်သဖြင့် အလုပ်သမားများ ကျေနပ်သွားကြသည်။

 


  • (ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)


လှိုင်သာယာ စက်မှုဇုန်ရှိ ပိတ်သိမ်းလိုက်ပြီ ဖြစ်သော   Master sports စက်ရုံမှ ပစ္စည်းများကို   လေလံတင်ခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့တွင်   ရောင်းချရာမှ  ကျပ်သိန်း ၂,၈၈ဝ ရရှိကြောင်း၊
 လေလံဝယ်ယူသူက  တပတ်အတွင်း ငွေသွင်းချေပြီးမှသာ အလုပ်သမားများကို ခုံသမာဓိ ချမှတ်သည့် စည်းကမ်းအတိုင်း ပေးဆောင်သွားခြင်းဖြစ်ကြောင်း
လေလံတင်ကော်မတီ အဖွဲ့ဝင် ဒေါ်မိုးဝေ က ဧရာဝတီသို့ပြောသည်။

“ခုံသမာဓိဆုံးဖြတ်တဲ့အတိုင်း အလုပ်သမားတွေကို ပေးလိုက်တာပဲ။
စုစုပေါင်း ကျပ်သိန်း ၂,၁ဝဝ ပါ။
ပိုတဲ့ငွေတွေကို အခန်းစရိတ်တွေ၊ လေလံတင်ရောင်းဖို့
 ကြေညာစရိတ်တွေ ချေလိုက်သလို ကျန်တဲ့ ငွေကိုတော့ ဘဏ်မှာ အပ်ထား ပါတယ်။
အလုပ်သမားတွေအနေနဲ့လည်း ကျေနပ်ပါတယ်”

 ထိုစက်ရုံမှ အလုပ်သမား ၆၅ဝ ကျော်သည် ဇူလိုင်လ လစာနှင့် နစ်နာကြေးများ  ရရှိပြီး လက်တလော စားဝတ်နေရေး ခက်ခဲမှု ပြေလည်သွားသော်လည်း ၎င်းတို့အတွက် အခက်အခဲများက စောင့်ကြိုနေသည်။

 တခြားသော အလုပ်ရှင်များက Master Sports စက်ရုံမှ အလုပ်သမားများကို အလုပ် မခန့်လိုသဖြင့်     ၅ဝဝ ကျော်   အလုပ်လက်မဲ့ဖြစ်နေသေးကြောင်း  အလုပ်သမားအရေး ဆောင်ရွက်နေသည့်  ရှေ့နေ ဦးဌေးက ဧရာဝတီကို ပြောသည်။

“အလုပ်ရှင်တွေက Master Sports အလုပ်သမားတွေဆိုရင် အလုပ်မခန့်ချင်ကြဘူး။
 အလုပ်သမား အယောက် ၂ဝဝ တော့ အလုပ်ရပါပြီ။  တချို့တော့
 အချိန်ပိုင်းနဲ့ပဲဝင်လုပ်နေရတယ်။  ပြသာနာက အလုပ်ရှင်တွေက လက်မခံချင်တာပါ။
 အလုပ်ပြန် ရဖို့က တော့ ကြိုးစားသွားရမှာပေါ့”

လစာ၊ နစ်နာကြေး

Master sports စက်ရုံ အလုပ်သမားများ၏ လုပ်ခလစာ ပြဿနာကို အလုပ်သမား ခုံသမာဓိရုံးက ဆုံးဖြတ်ပေးခဲ့သည်။

 လုပ်သက် တနှစ်ကျော်  အလုပ်လုပ်သူဖြစ်ပါက နစ်နာကြေး သုံးလစာရရှိကြောင်း၊
သုံးလအထက် ဖြစ်ပါက နစ်နာကြေး ၂လစာရကြောင်း၊
 သုံးလ အောက်ဖြစ်ပါက နစ်နာကြေး တလစာ နှင့်အတူ ဇူလိုင်လ လစာပါ ရရှိကြကြောင်း သိရသည်။

Master Sports စက်ရုံမှ
 အလုပ်သမားခေါင်းဆောင် မစန်းသီတာ က

“ကျမကတော့ လစာတလစာနဲ့ နစ်နာကြေး သုံးလ အနေနဲ့  သုံးသိန်းကျော်ရပါတယ်။
ဒီနေ့ လျော်ကြေးငွေရတဲ့အတွက် အလုပ်သမားတွေအားလုံး  ပျော်ကြပါတယ်။
အခက်အခဲတွေအားလုံးတော့ ပြေလည်သွားပြီပေါ့။
အလုပ် ပြန်လည်ရဖို့တော့ အားလုံးကြိုးစားနေကြတယ်။
ကျမတို့ အလုပ်ခေါင်းဆောင်တွေကိုတော့ ဂျာနယ်တွေမှာပါတဲ့အတွက် အလုပ်ရှင်တွေက လက်မခံကြဘူး။
ကျန်တဲ့သူတွေလည်း အတူတူပါပဲ”
ဟု  ဧရာဝတီသို့ပြောသည်။

ဝန်ကြီးစကား

  သောကြာနေ့က လှိုင်သာယာ ကနောင်မင်းသား ခန်းမတွင် ကျင်းပသည့် Master Sports စက်ရုံမှ အလုပ်သမားများအား အလုပ် လစာ နှင့် နစ်နာကြေး ပေးအပ်သည့်
 အခမ်းအနားတွင် အလုပ် သ မား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်က
“ပြည်ပ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မြန်မာရင်းနှီးမြှပ်နှံမှု ကော်မရှင် အနေနဲ့
 အခြား သက်ဆိုင်ရာ ဌာန များက Master Sports ဖိနပ်စက်ရုံ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေဖို့ ဝိုင်းဝန်း ကြီးကြပ်ပူးပေါင်း ဆောင်ရွက်ဖို့လိုပါတယ်” ဟု ပြောကြားခဲ့သည်။

စက်ရုံပိတ်ခြင်း

 ကိုးရီးယား နိုင်ငံသားတဦးပိုင် ထိုစက်ရုံသည်  အလုပ်သမားများအား လုပ်အားခ တလစာ မပေးဘဲ စက်ရုံပိတ်သိမ်း လိုက်ခြင်းကို   မကျေနပ်သည့်  အလုပ်သမားများက ဇူလိုင် ၁၇ ရက်က  ကိုရီးယား သံရုံးရှေ့တွင်  ဆန္ဒ္ဒပြခဲ့ကြသည်။

  စက်ရုံကို ယခုနှစ် မေလတွင် စတင်ဖွင့်ခဲ့ပြီးနောက်ပိုင်းတွင်  ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်ခဲ့ကာ အလုပ်သမားများအား တရားဝင် အကြောင်းကြားခြင်း မရှိဘဲ ဇွန်လ ၂၇ ရက်တွင် အပြီး ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

 စက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမားများသည် လုပ်အားခအဖြစ် လုပ်သက်  သုံးလသမားများမှာ တနာရီလျှင် ၁၅ဝ၊
၆ လ သမားများသည် တနာရီလျှင် ၁၆ဝ၊
့ ၆ လနှင့် အထက် အလုပ်သမားများမှာ တနာရီလျှင် ၁၇ဝ
ရရှိကြပြီး ရှားပါးစရိတ် အဖြစ် တလ ၂ သောင်း  ပေးကာ အချိန်ပို ဆင်းပါက တနာရီ   ၃ဝဝ  ပေးသည်ဟု သိရသည်။

ဆန္ဒပြခြင်း

 ၂ဝ၁၂ ခုနှစ် ဝန်းကျင်မှ စတင်ပြီး နိုင်ငံတဝန်း၌ အလုပ်သမားများသည်  လုပ်ခလစာ နည်းပါးမှုနှင့် အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုများကြောင့် ဆန္ဒပြခဲ့ကြသည်။

၂ဝ၁၃ ခုနှစ် အတွင်း အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခ အကြိမ်ရေ ၉ဝဝ ကျော် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

  နန်းဆိုင်နွမ်

  • ကိုရီးယားအလုပ်ရှင်ထွက်ပြေးသောစက်ရုံမှ အလုပ်သမားတို့ လစာနှင့် နစ်နာကြေး လက်ခံရရှိပုံ မြင်ကွင်းများကို ဖော်ပြပေးလိုက်ပါသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved