သရေခေတ္တရာ ပျူမြို့ဟောင်းမှာ အမှိုက်ကောက်

Saturday, October 18, 2014

  .




ဒီနေ့ဟာ  အောက်တိုဘာ တတိယအပတ်ရဲ့ စနေနေ့ ဖြစ်တာကြောင့်  နှစ်စဉ် ကျင်းပကြတဲ့
  International Archaeology Day  - နိုင်ငံတကာ ရှေးဟောင်းသုတေသနရေးရာနေ့ အထိမ်းအမှတ် အစီအစဉ်တချို့ကို  သရေခေတ္တရာဒေသမှာ တွေ့ရပါမယ်။

 

  • (ဓာတ်ပုံများ - ကောင်းမြတ်မင်း/ဧရာဝတီ)



            ပြည်မြို့အနီး သရေခေတ္တရာ ပျူမြို့ဟောင်းအတွင်းက ရှေးဟောင်းပြတိုက်၊ မှော်ဇာကျေးရွာဈေး၊ ပြတိုက်အသွားလမ်း၊ ဘုရားထောင်ဘုရား၊ ဘောဘောကြီး ဘုရား စတဲ့ နေရာတွေနဲ့ အနီးတဝိုက်ကို သန့်ရှင်းရေး လုပ်ကြတာပါ။

 အမှိုက်တွေကို ကောက်ပြီး International Archaeology Day ကို ကျင်းပခဲ့ကြခြင်းပါပဲ။

  သရေခေတ္တရာ ဒေသဟာ   လွန်ခဲ့တဲ့ ၃ လခန့်ကမှ World Heritage - ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ဒေသအဖြစ် စာရင်းဝင်ခဲ့တဲ့ဒေသပါပဲ။

ဒီဒေသအတွင်း ဒီနေ့မှာ  အမှိုက်ကောက်ရတဲ့ ရည်ရွယ်ချက်တွေအကြောင်း ရှင်းပြသူက

ပြည်ဒေသခံတွေနဲ့  ဖွဲ့စည်းထားတဲ့ သရေခေတ္တရာ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ကိုကျော်သူစိုး ဖြစ်ပါတယ်။

            "မကြာသေးခင်က World Heritage အသိအမှတ်ပြုခံရတဲ့ နယ်မြေဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့
 ပြည်မြို့ပေါ်မှာရှိတဲ့ အဖွဲ့ငါးဖွဲ့က လူတွေစုပြီး အမှိုက်ကောက်ကြတဲ့လှုပ်ရှားမှုလုပ်တာပါ။
ကျနော်တို့ ဘိုးဘွားတွေထားခဲ့တဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ အသိကိုဖြန့်ဝေချင်တာလည်းဖြစ်သလို ရှေးဟောင်းနယ်မြေအတွင်း သန့်ရှင်းစေချင်လို့ပါ"

            လူအင်အား ၂၀၀ ကျော်လောက် ပါဝင်လှုပ်ရှားတာဖြစ်ပြီး၊ ပြည်မြို့က သရေခေတ္တရာ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊
ခေတ္တရာ သာရေးနာရေး ကူညီမှုအသင်း၊ မှော်ဇာကျေးရွာစာကြည့်တိုက်အဖွဲ့၊ အထက(၁)ကင်းထောက်အဖွဲ့၊ Local Guide, ယူနီလေဘာ ပြည်ဌာနခွဲက  ဝန်ထမ်းတွေနဲ့ မင်္ဂလာဂါးဒန်းဟိုတယ်က ဝန်ထမ်းတွေ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

            Myanmar Archaeology Association က ထုတ်ဝေတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။

စာစောင်ထဲမှာတော့ ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးစေတဲ့  အကြောင်းအရင်းတွေကိုလည်း ရေးသားဖော်ပြထားပါတယ်။

၁။ သဘာဝဘေးအန္တရာယ်များ၊
၂။ သဘာဝပေါက်ပင်များ၊

၃။ အင်းဆက်ပိုးမွှားများ၊
၎။ စစ်ပွဲများ၊

၅။ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်မှုများ၊
၆။ နိုင်ငံရေး၊ စီးပွားရေးအလို့ငှာ စံလွဲအသုံးပြုမှုများ၊

၇။ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အသိဗဟုသုတနည်းပါးခြင်း၊
၈။ လူသားတို့၏ ပယောဂအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးခြင်း၊

၉။ သုတေသနအလို့ငှာ နည်းစနစ်မကျနသည့်တူးဖော်လေ့လာမှုများ၊
၁၀။ တာဝန်ယူမှုမရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် သက်ဆိုင်သည့် လုပ်ငန်းစီမံကိန်းများ၊

၁၁။ မြို့ပြအိမ်ယာတိုးချဲ့ထွင်မှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းများနဲ့
၁၂။ သက်ဆိုင်ရာဒေသခံလူမှုအဖွဲ့အစည်းများ၏ တာဝန်ယူမှုနှင့် စီမံခန့်ခွဲမှုများအားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရပါတယ်။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved