လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦးသေဆုံးမှု မြန်မာ ၃ ဦးကို ဖမ်းထားဟုဆို

Friday, October 3, 2014

ထိုင်း နိုင်ငံ တောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာ အမျိုးသား ၃ ဦးကို ဖမ်းဆီး ထိန်းသိမ်းကာ စုံစမ်းမေးမြန်းမှုတွေ လုပ်နေတယ်လို့ ရဲက ပြောဆိုထားပါတယ်။


 ထိုင်းတောင်ပိုင်း လိပ်ကျွန်းပေါ်မှာနေထိုင်သူတွေကို  ရဲမှတ်တမ်းယူနေစဉ် ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ထိုင်းနိုင်ငံ ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မာ့ခ်ကဲန့်နဲ့ ထိုင်း ရဲချုပ် ရဲဗိုလ်ချုပ် Somyot Pumpunmuang တို့ ကြာသပတေး နေ့က ထိုင်းဘုရင့် ရဲတပ်ဖွဲ့ရုံးချုပ်မှာ ဗြိတိန် ကမ္ဘာလှည့်ခရီးသည် ၂ ဦး အသတ်ခံရတဲ့ကိစ္စ ဆွေးနွေးပြောကြားအပြီး လက်ထောက်ရဲချုပ်က အဲဒီလို ပြောလိုက်တာကို ဘန်ကောက်ပို့စ် ရဲ့ မနေ့ညက ပြန်လည် ပြင်ဆင်ရေးသားထားတဲ့ သတင်းမှာ တွေ့ရပါတယ်။


သူ့အဆိုအရ လိပ်ကျွန်းပေါ်မှာပဲ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး ဆူရပ်ဌာနီ မြို့ပေါ်က ၁ ဦးကို ဖမ်းဆိုက်တာလို့ သိရပါတယ်။ 

ထိုင်း  ရဲချုပ်က ဒီကိစ္စကို သောကြာနေ့ ဒီကနေ့မှာ လိပ်ကျွန်းပေါ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ် လို့ ဆိုပါတယ်။ 

အမှတ် ၈ ရဲတပ်ရင်း ဒု အကြီးအကဲ Decha Butnamphet က ပြောတာမှာ ဖမ်းခဲ့တဲ့ ၃ ဦးအနက် မနေ့က မြို့ပေါ်မှာ ဖမ်း ဆီး ခဲ့သူဟာ မြန်မာနိုင်ငံသား မောင်စိုး ဆိုသူဖြစ်ပြီး သူက ဗုဒ္ဓဟူးနေ့ည ၉ နာရီက ကျွန်းက ထွက်သွားခဲ့သူလို့ ဆိုပါတယ်။ 

ပြီးတော့ သူ့ကို ကျွန်းနဲ့ ခပ်လှမ်းလှမ်း မြို့ပေါ်ကနေ ဖမ်းမိတာပါတဲ့။ မောင်စိုးကို ဒေသဆိုင်ရာ ထိုင်းရဲရုံးကို ခေါ်လာပြီး ၅ နာရီကျော်ကြာ စစ်မေးခဲ့တယ်လို့ ဆိုပါတယ်။ 

ရဲသတင်းရင်းမြစ် တခုက ပြောတာမှာ မောင်စိုးက ရဲတွေ ပြတဲ့ လုံခြုံရေး ကင်မရာမှာ တွေ့ခဲ့ရတယ်ဆိုတဲ့ သူဟာ သူဖြစ်တယ်လို့ ဝန်ခံခဲ့ တယ်လို့ ဆိုပေမယ့် သူဟာ လူသတ်သမား တယောက် မဟုတ်ဘူးဆိုပြီး  ငြင်းဆိုထားတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။ 

စက်တင်ဘာလ ၁၅ ရက်နေ့ အခင်းဖြစ်တဲ့နေ့က Sairee ကမ်းခြေမှာ အပြေးအလွှားသွားတဲ့ လူတဦးကို လုံခြုံရေး ကင်မရာ က မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံထဲက လူဟာ မောင်စိုး ဟုတ်မဟုတ် အဲဒီ ထိုင်းရဲ သတင်းရင်းမြစ်က မပြောခဲ့ပါဘူး တဲ့ ။ 

ဒါပေမယ့် ရိုက်တာ သတင်းတပုဒ်မှာတော့ ဖမ်းဆီးခံထားရတဲ့ မြန်မာ ၁ ဦးက ဗြိတိန် ၂ ဦး သတ်ခဲ့တာကို ဝန်ခံတယ်လို့ရဲတပ်ဖွဲ့က ပြောဆိုကြောင်း ရေးထားပါတယ်။ 

ထိုင်းနိုင်ငံမှာ အခုလို လူသတ်မှုကြောင့် ထိုင်း နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း ထိခိုက်မှာစိုးရိမ်ပြီး ထိုင်း လက်ရှိ အစိုးရ အပါအဝင် ဗြိတိန်နိုင်ငံတို့ရဲ့ ဖိအားပေးမှုတွေ ခံနေရတဲ့ ထိုင်းရဲတွေက အစောပိုင်းက လူသတ်မှုကို မြန်မာတွေ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ 

အဲဒီနောက် သုဝဏ္ဏ ဘုမ္မိလေဆိပ်မှာ လိပ်ကျွန်းက ပြန်လာတဲ့ နိုင်ငံခြားသား တဦးကို ထိန်းသိမ်းလိုက်တယ် လို့ ဆိုခဲ့ပါတယ်။ 

ဒီအပြင် လိပ်ကျွန်းပေါ်က ထိုင်း မာဖီးယားတွေ ခြိမ်းခြောက်ခံနေရတဲ့ ပြင်သစ်နိုင်ငံသားတဦး က သေဆုံး သွားတဲ့ ဗြိတိန် အမျိုးသမီးကို မတော်တရော် ပြောဆိုနေတာတွေ သူကိုယ်တိုင်မြင်ရတယ်ဆိုပြီး လူ ၂ ဦးဓာတ်ပုံကိုလည်း အွန် လိုင်း တင်ခဲ့ပါတယ်။ 

အဲဒီ ၂ ဦးဟာ လိပ်ကျွန်း သူကြီးရဲ့ ညီနဲ့ တူဖြစ်သူ၊ လိပ်ကျွန်းပေါ်က ဘားဆိုင်က သူတွေ ဖြစ်ပြီး ထိုင်းရဲက ခဏ ခေါ် မေးပြီး ပြန်လွှတ်ပေးခဲ့ပြန်ပါတယ်။ 

ကျွန်းပေါ် က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် တခြား နိုင်ငံခြားသားတွေ၊ ထိုင်းတွေလည်း ဒီကိစ္စ ခေါ် ယူမေးမြန်းခံခဲ့ရပြီး DNA တွေ တောင်းယူခံခဲ့ရပါတယ်။ မြန်မာတချို့ဆို စစ်မေးခံရ၊ DNA ယူစဉ်တွေမှာ ရိုက်နှက်ညှင်း ပန်းခံရတာတွေ ရှိတယ်လို့ သိရပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီက မြန်မာအလုပ်သမားများ ကူညီပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကို 
မေးမြန်း ရာမှာ မနေ့ညက လိပ်ကျွန်းပေါ်က မြန်မာ နောက်ထပ် ၃ ယောက်ကို ထပ်မံ ခေါ်ယူသွားခဲ့တာကြောင့် အခုဆို ထိုင်းရဲက ထိန်း သိမ်း မေးမြန်းနေတာ ၆ ဦး ရှိသွားပြီလို့ ပြောပါတယ်။ 

မြန်မာသံအမတ်ကြီးကလည်း ဒီအမှုကို အနီး ကပ် စောင့်ကြည့်နေတဲ့အကြောင်း သူ့ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ 

ထိုင်းရဲဖမ်းဆီးထားတဲ့ မြန်မာ အလုပ်သမားတွေကို သွားရောက်တွေ့ဖို့ရှိပြီး မြန်မာအလုပ်သမားတွေကို ဥပဒေကြောင်းအရ ဘယ်လို ကူညီပေးသွားရမလဲ ဆိုတာ လုပ်သွားမယ်လို့ ဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောပါတယ်။ 

“အခု မြန်မာ တယောက်က ဝန်ခံတယ်ပြောနေတဲ့သတင်းတွေမှာ ရဲက ပြောတာပဲ ရှိတယ်။ ဘာကို ဝန်ခံတာလဲဆိုတာလဲ မရှင်းဘူး။ ဘာကြောင့် ဝန်ခံတာလဲ၊ ညှင်းပန်းနှိပ်စက်လို့လား၊ ခြိမ်းခြောက် လို့လား၊ ငွေနဲ့ မြှူဆွယ်လို့လားဆိုတာ ကာယကံ ရှင်တွေနဲ့ တွေ့တဲ့အခါ ကျနော်တို့ မေးသွားမှာပါ” လို့ MAT က ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။
  • ဆက်စပ်
Burmese Worker Admits to British Murders in Thailand: Police
http://www.irrawaddy.org/asia/burmese-worker-admits-british-murders-thailand-police.html










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved