ပြည်မြို့က သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့ နိုင်ငံရေး ကာတွန်းပြပွဲ

Saturday, October 11, 2014

  သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း နှစ်စဉ်သီတင်းကျွတ် မီးထွန်းပွဲတော် ကာလ တလျှောက် နိုင်ငံရေးနဲ့ပတ်သတ်တဲ့ တကွက်ကာတွန်းတွေကို အများသူငှာ မြင်တွေ့နိုင်တဲ့ နဝင်းလမ်း တလျှောက်မှာ ပြည်မြို့က ကာတွန်းဆရာကိုကာဠု(ပြည်)ကတော့ မည့်သူတဦးတယောက်ရဲ့ ခွင့်ပြုချက်မှ မယူပဲ သူကိုယ်တိုင်ရေးဆွဲထားတဲ့ နိုင်ငံရေးတကွက် ကာတွန်းတွေကို ပြသလေ့ရှိပါတယ်။ 

ဓာတ်ပုံ- ကောင်းမြတ်မင်း/ ဧရာဝတီ

အဲဒီလို ပြသတာ ဒီကနှစ်နဲ့ဆို ၄ နှစ်ရှိပြီလို့သိရပြီး၊ ဒီနှစ်မှာတော့ ကာတွန်းစိတ်ဝင်စားသူ လူငယ်လေးတွေ 
ရေးဆွဲထားတဲ့ ကာတွန်းပုံ ၃၀၀ လောက်ကို ချိတ်ဆွဲထားတာဖြစ်တယ်လို့ ကာတွန်းဆရာ ကိုကာဠု(ပြည်) က ပြောပါတယ်။ 

“ အစိုးရအသစ်တက်ကတည်းက သီတင်းကျွတ်တိုင်း ကျနော်ကိုယ်တိုင်ရေးတဲ့ ကာတွန်းတွေကို ချိတ် တယ်။ နောက်ပိုင်း လူငယ်လေးတွေလည်း သူတို့စိတ်ဝင်စားလို့ လာချိတ်ကြတယ်။ ရန်ကုန်မှာ ဆို 
ရေကျော်တို့ ဦဘဂျမ်းလမ်းတွေမှာလည်း ဒီလိုကာတွန်းတွေချိတ်ကြတာပဲ။ အဓိကတော့ ကျနော်တို့ က ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒကို ထုတ်ဖေါ်ပြသပေးတာပါ။ ” လို့ သူက ဆိုပါတယ်။

 ပြသထားတဲ့ ကားတွန်းတွေထဲမှာ ယခင် စစ်အစိုးရလက်ထက်က စာနယ်ဇင်တွေမှာ ဖေါ်ပြခွင့်မရတဲ့ ကာတွန်းတွေလည်းပါဝင်သလို ကာတွန်းဆရာတွေအနေနဲ့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို ကိုယ် တတ်နိုင်တဲ့ဘက်က ပါဝင်ကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ 

 “ ပြုပြင်ပြောင်းလဲရေးကာလမှာ ကျနော်တို့က အစိုးရကို အပြုသဘောဆောင်တဲ့အနေနဲ့ ကာတွန်းလေး
တွေနဲ့ ဖေါ်ပြပေးတာပါ။ သရော်တာ လှောင်နေတာမဟုတ်ဘူး။ အစိုးရလိုအပ်နေတာတွေကို ပြည်သူတွေ က ထောက်ပြပြော ဆိုနေတာကို ကျနော်တို့က ပြုပြင်စေချင်လို့ ကာတွန်းဆွဲကြတာပါ။ တချို့ဆို သူတို့ Idea လေးတွေ လာပြောပြီး ဆွဲခိုင်းတာတွေလည်း ကျနော်ဆွဲပါတယ်။ ” လို့လည်း သူက ရှင်းပြပါတယ်။

A4 စာရွက်တွေကို ပလပ်စတစ်အိပ်စွတ်ထားတဲ့ ကာတွန်းကားချပ် ၃၀၀ ကျော်ကို ပြည်မြို့ နဝင်းလမ်း
ဘေးဝဲယာတလျှောက်မှာရှိတဲ့ လျှပ်စစ်ရောင်စုံမီးလုံးတွေ ချိတ်ဆွဲထားတဲ့ အနီးမှာ အတန်းလိုက် ချိတ် ဆွဲပြသထားပါတယ်။ 

ပြသချိန်ကတော့ သီသင်းကျွတ်လဆန်း (၁၃)ရက်နေ့ကနေ သတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ အထိ ဖြစ်ပါတယ်။ 

 နောက်နှစ်တွေမှာတော့ ပြည်မြို့က ကာတွန်းဆရာတွေစုပြီး လူစည်ကားရာလမ်းမကြီးတွေပေါ်မှာ ဗီနိုင်း ပိုစတာတွေနဲ့ ပြသခွင့်ရအောင် ကြိုးစားသွားမှာဖြစ်ကြောင်း ကာတွန်း မျိုးမင်းမြတ်ကလည်းပြောပါတယ်။ 

“ နောက်နှစ်မှာတော့ ပြည်မြို့က ကာတွန်းဆရာတွေစုပြီး လူစည်းကားတဲ့နေရာတွေမှာ ဗီနိုင်းတွေနဲ့ ချိတ်
ပြီး ပြသနိုင်အောင် ကျနော်တို့ စီစဉ်နေပါတယ်။ အဓိကတော့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာပဲ ဒါမျိုးတွေ က လုပ်တာမြင်တွေ့နေရတယ်။ ကျနော်တို့ ပြည်မြို့မှာလည်း ကာတွန်းဆရာတွေ အများကြီးရှိပါတယ်။ တကယ်လုပ်မယ်ဆို လုပ်လို့ရတဲ့အခြေရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ နောက်နှစ်အတွက် စဉ်းစားနေ တာပါ။ ” လို့ သူက ဆိုပါတယ်။ 

ကာတွန်းဆရာကိုကာဠု(ပြည်) နှစ်စဉ် ပြသနေကြ ကာတွန်းပြပွဲကိုတော့ သက်ဆိုင်ရာအာဏာပိုင်တွေ ဘက် က တာဆီးတာမျိုးမရှိသလို ခွင့်ပြုမိန့်တောင်းခံခိုင်းတာမျိုးလည်း မရှိခဲ့ဘူးလို့ သူကပြောပါတယ်။

ပြည်မြို့မှာ ကာတွန်းဆရာတွေ အမြောက်အများရှိပါတယ်၊ သူတို့ကတော့ ကာတွန်းကိုရွှေထူး၊ ကာတွန်း တာတီး၊ ကာတွန်းကာဠု(ပြည်)၊ ကာတွန်းစိုးမြတ်၊ ကာတွန်းစိုးသော်တာ၊ ကာတွန်းဖိုးချွဲ ကာတွန်း မျိုးမြင့်မြတ် (ခေတ္တရန်ကုန်)၊ ကာတွန်း မောင်မောင်ဇော်၊ ကာတွန်းလူကြီး(၀က်ထီးကန်) တို့ရှိပါတယ်။ 

လာမယ့် နှစ် သီတင်းကျွတ်မှာလည်း အဲဒိကာတွန်းဆရာတွေရဲ့ တကွက်ကာတွန်းတွေကို မီးထွန်း ပွဲတော်နဲ့အတူ လူစည်းကားရာလမ်းမတွေပေါ်မှာ မြင်တွေ့နိုင်ဖို့ ပြည်မြို့က ကာတွန်းဆရာတွေ ကြိုးစား
နေကြပါတယ်။ 





ကောင်းမြတ်မင်း ~

















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved