“ပါတီပွဲတွေသွားတဲ့အခါ Sex & Drug ကိုပါ ရောထွေးပြီးမြင်လာကြတယ်”

Sunday, October 12, 2014



.



  • ကိုဝင်းမော်ဦး၊
  • အသက်- ၂ဝ၊
  • Executive Director,
  • Syndicate Public-Relation & Event Organizing Company


ကျနော်က လက်ရှိ Chindwin College မှာ Mechanical Engineering ဘာသာရပ် ဒုတိယနှစ် တက်ရောက် နေပါတယ်။ ကျနော် တကယ်ဝါသနာပါပြီး အခုလက်ရှိ အလုပ်လုပ်နေတာကတော့ Event Organizing လိုင်းပေါ့။ အခု ကျနော်တို့ရဲ့ Syndicate Event Organizing Company ကို ကျနော်တို့ သူငယ်ချင်းတွေ၊ လူငယ်တွေစုပြီး လုပ်နေတယ်။ မြန်မာပြည်မှာဆိုရင် Event တွေ Organized လုပ်တဲ့ ကုမ္ပဏီ တွေက အရမ်းနည်းသေးတယ်။

ဒီ Party & Event Organizing လမ်းကြောင်းထဲကို ရောက်လာခဲ့တာကတော့ လွန်ခဲ့တဲ့ တနှစ်ခွဲ လောက်က Flamingo Bar မှာ ပါတီပွဲအသေးလေးတွေ စပြီးလုပ်ခဲ့တာက စဖြစ်တာပါ။ အဲဒီတုန်းက ကျနော် G Square Entertainment ဆိုပြီးတော့ လူငယ်တွေကြားမှာ သူများမလုပ်ဖူးသေးတဲ့ Creative Idea ဖြစ်တဲ့ ပွဲလေး နှစ်ပွဲလောက် အောင်မြင်အောင် လုပ်ခဲ့တယ်။ အဓိကအားဖြင့် ကျနော်တို့ နာမည်ရခဲ့တာကတော့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်နေ့ မြရိပ်ညို ဟိုတယ် Gossip Bar မှာ လုပ်ခဲ့တဲ့ Pool Party မှာ ကျနော့် Entertainment က နာမည် တော်တော်လေးကို ပေါက်ခဲ့တဲ့ ပွဲပါ။

အရင်တုန်းက Pool Party တွေ ကျနော့်ပွဲတွေရှေ့မှာ လုပ်ခဲ့ပေမယ့် ကျနော့်ပွဲလောက် အောင်မြင်မှုမရရှိခဲ့ဘူး။ အဲဒီတော့ ကံတရားရဲ့ ဖေးမမှုကြောင့်နဲ့ အားလုံးရဲ့ ပံ့ပိုးကူညီမှုကြောင့် ဒီပွဲလေးက အောင်မြင်ခဲ့တယ်။ ဒီပွဲလေး အောင်မြင်ပြီးတဲ့ နောက်မှာ ကျနော် ငွေဆောင်မှာ Beach Party ဆက်ပြီးတော့ လုပ်တယ်။ အဲဒါကတော့ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့ Valentines’ Day မှာပါ။

အဲဒီတော့ အခုခေတ်ပေါ့၊ ကျနော်တို့ လူငယ်တွေကြားထဲမှာရှိတဲ့ ဝါသနာပေါ့။ အရင်တုန်းက လူတွေဆိုရင် Entertain လုပ်ဖို့ ရွေးချယ်စရာ အများကြီးမရှိဘူး။ ရေဒီယို၊ ရုပ်မြင်သံကြား အဲဒီလိုမျိုးပေါ့။ ကျနော်တို့ အဖေ၊ အမေ၊ အဘိုး၊ အဘွားတွေ ခေတ်မှာ ဒီလောက်ပဲရှိခဲ့တယ်။ အဲဒီတော့ လူငယ်တွေ စုပြီး ဂစ်တာတွေ တီးကြတယ်။ အဆောင်တွေရှေ့မှာ မိန်းမပိုးပန်းတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် Relax လုပ်ကြတယ်။

ဒါပေမယ့် ဒီခေတ်ကြီးက အိုင်တီခေတ်ဖြစ်လာပြီ။ ကျနော်တို့ ကမ္ဘာအနှံ့ကိုလည်း အွန်လိုင်းကနေ ကြည့်လို့ ရတဲ့အချိန်မှာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်သမျှ အရာအားလုံးကို ကျနော်တို့ လူငယ်တွေအနေနဲ့ လိုက်ကြပြီ၊ ရေစီးကြောင်း ပြောင်းသွားပြီပေါ့။ အဲဒါကိုလည်း လူကြီးတွေအနေနဲ့ တဖက်စောင်းနင်း မဟုတ်ဘဲနဲ့ နည်းနည်းလေး အကောင်းမြင်တဲ့ အနေအထားလေး ကြည့်ပေးဖို့၊ ဒီလူငယ်တွေ ပျော်နေပေမယ့် ဒီလိုပဲ တဘက်က ရလဒ်ကတော့ အသစ်အသစ်တွေ ထွက်ပေါ်လာတယ်။

အခုခေတ် လူငယ်တွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး တချို့လူတွေ အမြင်စောင်းနေကြတဲ့ အပေါ် ကျနော့်ကိုယ်ပိုင် အမြင် အားဖြင့်တော့ အဝတ်အစားဝတ်ဆင်ခြင်း တခုတည်းကို ကြည့်ရုံနဲ့ လူတယောက်ရဲ့ စိတ်နေစိတ်ထား၊ လုပ်ရည် ကိုင်ရည်၊ အရည်အချင်းဆိုတာ တိုက်ရိုက်ကြီး အကျိုးသက်ရောက်မှု မရှိဘူးဗျ။ အဲဒီတော့ ဒါကို ဖက်ရှင်တခုအမြင်နဲ့ ပြောမယ်ဆိုရင် ပြဿနာမရှိဘူး။ ဒါပေမယ့် ဒါကို ဆိုးကျိုးတခုလို့မြင်မယ်ဆိုရင် ဘာအချက်ကြောင့် မြင်ချင်တာလဲ မေးစရာရှိမယ်။

အခုနောက်ပိုင်း လူငယ်တွေအနေနဲ့ ကလပ်တွေ ပါတီပွဲတွေ သွားတဲ့အခါ Sex & Drug ကိုပါ ရောထွေးပြီး မြင်လာကြတယ်။ အဲဒါတော့ လူတယောက်ရဲ့ ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ ကိုယ့်အနေနဲ့ပေါ့၊ ဒါကြီးကို စိတ်ပါတယ်၊ စိတ်မပါဘူးဆိုတာ ကိုယ်ကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲဆိုင်တယ်။ လူသားအားလုံးကို တန်းတူညီမျှ ဒါမျိုးဖြစ်ရမယ်ဆိုတဲ့ တန်းတခုနဲ့ သတ်မှတ်ထားတာကိုတော့ ကန့်ကွက်ပါတယ်။

အဲဒီတော့ ကျနော်တို့ လေ့လာဖြစ်ကြတဲ့ အချိန်မှာ၊ ကမ္ဘာအနှံ့ကို ကြည့်လိုက်တဲ့အချိန်မှာ ဘာသွားတွေ့လဲ ဆိုတော့ Belgium နိုင်ငံမှာ အရမ်းအောင်မြင်နေတဲ့ Dj Event တခုကို ကျနော်တို့ တွေ့ခဲ့ကြတယ်။ အခု လူငယ်တွေ ကြားမှာ အရမ်းကိုစွဲလန်းနေတဲ့ ကျနော်တို့ရဲ့ Dreams တခုလိုတောင် ဖြစ်နေပါပြီ၊ အဲဒီကိုသွားဖို့ အတွက် မြန်မာပြည်ကနေ သွားမယ်ဆိုရင် လေယာဉ်ကြေး အပါအဝင် ၃၅ သိန်းလောက် ကျမယ်။ Event မှာ သုံးမယ့် စရိတ်တော့ မပါဘူးပေါ့။ ၃၅ သိန်းလောက်နဲ့ သွားလို့ရမယ်။ 18+ တော့ ဖြစ်ဖို့လိုတယ်။

ကျနော်အခု မြန်မာနိုင်ငံမှာ စလုပ်မယ့် Dj Event က အဲဒီကို သွားဖို့ ခြေလှမ်းအစလို့ ပြောလို့ရတယ်။ Belgium မှာ Dj Event က နှစ်စဉ် July နဲ့ August ကြားမှာ လုပ်လေ့ရှိတယ်။ ဒီ Event ကို သွားတွေ့တော့ ကျနော်တို့ ဘာကို သွား အိပ်မက် မက်မိလဲ ဆိုတော့ ဒီငွေပမာဏ ၃၅ သိန်း ဆိုတဲ့ အနေအထားမှာ ကျနော်တို့ မသွားနိုင်ဘူး၊ အဲဒီတော့ ကျနော်တို့က မြန်မာနိုင်ငံမှာ Event & Organizing ကုမ္ပဏီ တခုဖြစ်တဲ့အတွက် ဒါကို Discuss လုပ်ကြည့်တယ်။

အဲဒီမှာ Dj သမားတွေရဲ့ အမြင်တွေပါ ပါလာတယ်။ Dj သမားတွေအနေနဲ့က သူတို့က ကလပ်မှာပဲ ဖွင့်တဲ့ Dj တွေပဲရှိတယ်။ သူတို့အနေနဲ့ ဒီလို Event ကြီးတွေမှာလည်း ဖွင့်ချင်တယ်။ International Level မှာ ထိုင်းလို နေရာ မျိုးမှာတောင်မှ ထိုင်း Dj တွေက သူတို့ Creative ဖြစ်တဲ့အရာတွေ သူတို့ချပြလို့ ရနေတဲ့အချိန်မှာ မြန်မာနိုင်ငံက Dj သမားတွေ ငွေဆိုတာချည်းပဲ မဟုတ်တော့ဘူး။ သူတို့လည်း ဒါမျိုးဖြစ်ချင် လာကြတယ်။

အဲဒီတော့ သူတို့အတွက် အခွင့်အလမ်းက ဘယ်မှာရှိမလဲဆိုတာ ကျနော်နဲ့ စကား ဆုံရင်း Plan တခုလုပ်ခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ကျနော်တို့ ဒါကို Planning လုပ်ကြတယ်။ လက်ရှိ Final Date ကတော့ လာမယ့် နိုင်ဝင်ဘာလ ၇  ရက်နေ့ မြရိပ်ညို ဟိုတယ်မှာ ကျနော်တို့ လုပ်မယ်။ လုပ်မယ့် အချိန်က ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိပေါ့။

အဲဒီမှာ တခြား Performance တွေအနေနဲ့ မခေမီကိုရဲ့ Dancer အဖွဲ့နဲ့ ကျနော်တို့ စကားပြောထားပါတယ်။ Dj တွေ အနေနဲ့က ကျနော်တို့ ကလပ်မှာ ဖွင့်တဲ့ စတိုင်နဲ့မတူတဲ့ Creative Idea တွေသုံးပြီး ဖွင့်သွားမှာပါ။ မြရိပ်ညို  ဟိုတယ် ကွင်းပြင်မှာ Outdoor Event အနေနဲ့ လုပ်သွားမှာပါ။ မြန်မာနိုင်ငံက Dj သမား ၇ ယောက်လောက် ပါမယ်။ Event ကို အသက် ကန့်သတ် ထားတာကတော့ 18+ ပါပဲ။ အဓိက ကတော့ ကျနော်တို့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တယ် ဆိုတဲ့ဟာကို ကျနော်တို့ ပြောချင်တာပါ။


 

သီဟတိုး



  •   ကိုဝင်းမော်ဦး (ဓာတ်ပုံ - သော်ဟိန်းထက်/ဧရာဝတီ)



.

1 comments :

  1. ဦးကြောင်ကြီး said... :

    ဟုတ်ပါ့မလား မောင်ကာလု..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved