.
ပေါင်းတည်ထောင်အတွင်း ကျန်းမာရေး ဆိုးရွားနေသော အမျိုးသမီးတဦး ဆေးကုသခွင့်ရရှိရေး တောင်းဆိုရာ မရရှိဘဲ ထောင်ရှေ့တွင် သပိတ်စခန်းဖွင့် တောင်းဆိုမှ အာဏာပိုင်တို့က ကုသခွင့် ပေးခဲ့သည်။
.jpg)
အင်္ဂါနေ့က ပေါင်းတည်ထောင်ဘူးဝရှေ့တွင် တွေ့ရသည့် သပိတ်စခန်း (ဓာတ်ပုံများ - ကောင်းမြတ်မင်း/ဧရာဝတီ)
သဲကုန်းမြို့နယ် အောင်ကုန်ကျေးရွာမှ တောင်သူဒေါ်ညို အမျိုးသမီးရောဂါ ကုသမှု ရရှိရေး တောင်းဆိုကြသူများမှာ ဒေသခံ ဗကသကျောင်းသားများ၊ လူဘောင်သစ် ပါတီဝင်များ အပါအ၀င် ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အင်အား ၅၀ ခန့် ဖြစ်သည်။
အာဏာပိုင်တို့ ဘော်လီဘော ပုတ်နေကြသဖြင့် သပိတ်စခန်း ပေါ်ပေါက်လာရသည်ဟု ဗကသများအဖွဲ့ချုပ်တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က အသေးစိတ် ရှင်းပြသည်။
"လွန်ခဲ့တဲ့တပတ်ကတည်းက အကျိုးဆောင်ရှေ့နေကနေတဆင့် ကျန်းမာရေးစောင့်ရှောက်ခွင့် တောင်းထားတယ်။
တရားသူကြီးကိုတောင်းတော့ ထောင်ကျနေတဲ့သူမဟုတ်တဲ့အတွက် ရဲစခန်းကိုတောင်းဖို့ပြောတယ်။
ရဲစခန်းကိုပြောတော့ ထောင်ပိုင်မှာတာဝန်ရှိတယ်လို့ပြောတယ်။
ထောင်ကိုပြောတော့ တရားသူကြီးလို့ ပြန်လွှဲတယ်။
နောက်ဆုံးတရားသူကြီးက ထောင်ပိုင်ရဲ့လုပ်ပိုင်ခွင့်အရ ခွင့်ပြုလို့ရတယ်လို့ ပြောလို့ ကျနော်တို့ ထောင်ရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြတဲ့အဆင့်ရောက်လာတာ" ဟု
ကိုမင်းသွေးသစ်က ဆိုသည်။
သပိတ်စခန်းဖွင့်ပြီး နောက်တနေ့တွင် အာဏာပိုင်တို့က ဒေါ်ညိုကို ပေါင်းတည်ဆေးရုံကြီးသို့ ပို့ခဲ့သည်။
ကိုမင်းသွေးသစ်က ... "မနေ့ညက ခရိုင်ရဲမှူး ဆင်းလာပြီး ထောင်ပိုင်ဆီကနေ မနက်ကို ဆေးကုခွင့်ပေးဖို့ ပြောခဲ့လို့ ဒီနေ့မနက် မညိုဆေးကုသခွင့်ရတာပါ။
အကယ်လို့ပြောတဲ့အတိုင်းမလုပ်ရင် ဒီထပ်အင်အားသုံးပြီး ထောင်ရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြမယ်လို့ ပြောလို့သာ ရခဲ့တာပါ။
ဒေါ်ညိုက မီဒီယာမှာလည်းပါ နိုင်ငံရေးအသိုင်းအဝိုင်းကသိနေတဲ့ လူတယောက်ဖြစ်နေတာတကြောင်း၊ ကျောင်းသားတွေဆန္ဒပြတာလည်း ပါတာပေါ့ အဲဒါကြောင့် ရခဲ့တာ။
ရာဇဝတ်မှုကျူးလွန်တဲ့ အကျဉ်းသားတွေဆို ဘယ်လိုလုပ်မလဲ။
လမ်းပေါ်ထွက်တောင်းဆိုနေမှရမဲ့ ပုံစံမျိုး အစိုးရက မဖြစ်၊ ဖြစ်အောင်လုပ်နေတယ်" ဟု ဆိုသည်။
ဒေါ်ညိုက သဲကုန်းမြို့နယ် တရားရုံး အင်္ဂါနေ့ ရုံးချိန်းတွင် ထောင်ပြင်ပဆေးရုံသို့ သွားရောက် ကုသခွင့် တောင်းဆိုခဲ့သည်။
"ကျမဆီးကိုက်လို့ ဆေးကုခွင့် တောင်းတယ်။ သောက်ဆေးလေးပဲပေးပြီး ထောင်ဆေးခန်းကိုပဲ ပြပေးတယ်။ ညပိုင်း တညလုံးအောင့်တယ်။
အဲဒိနေ့မနက်ရေချိုးမလို့ မျက်စိမမြင်တော့လို့ ကယ်ကြပါအုံးလို့ အော်ပြီးအကူအညီ တောင်းခဲ့ရတယ်။
အဲဒါသူတို့ထောင်ထဲမှာပေးတဲ့ ဆေးကိုသောက်လို့ ဖြစ်ရတာပါ။
ကျမရောဂါနဲ့ မသက်ဆိုင်တဲ့ ဆေးကိုပေးလို့ ကျမ အဲဒီလိုဖြစ်ရတာပါ။
ဆေးကုခွင့်မရဘူးဆိုရင် ကျမတို့ ထောင်ထဲမှာပဲ သေရတော့မှာလား" ဟု ဒေါ်ညိုကဆိုသည်။
ပေါင်းတည်ဆေးရုံကြီးတွင် သွားဖွားနှင့် မီးယပ်ဆရာဝန် မရှိသည့်အတွက် ပြည်မြို့ပြည်သူ့ဆေးရုံးကြီးတွင် ဆက်လက်ကုသခွင့်ကိုလည်း ဒေါ်ညိုက တောင်းဆိုထားကြောင်းသိရသည်။
ဒေါ်ညိုသည် သဲကုန်းမြို့နယ်အတွင်း သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြခဲ့ခြင်းကြောင့် ပုဒ်မ ၁၈ ဖြင့် ၄ ကြိမ်၊ ပုဒ်မ ၅၀၅(ခ)ဖြင့် ၂ ကြိမ် တရားစွဲဆိုခံရသူ လယ်သိမ်းခံတောင်သူတဦး ဖြစ်သည်။
ကောင်းမြတ်မင်း
.
အစိုးရက လမ်းပေါ်ထွက်တောင်းဆို တာမျိုး မဖြစ်၊ ဖြစ်အောင်လုပ်နေတယ်၊၂၀၁၅ နီးလေ ပိုလုပ်လေဘဲ......သေးသောအမှုကြီးအောင်...ကြီးသောအမှုအချုပ်ထဲရောက်အောင်လုပ်နေမှာ