ဧရာဝတီတိုင်းလွှတ်တော်နဲ့ ဆီးသီးဗန်း

Wednesday, October 22, 2014



 
ပွင့်လင်း မြင်သာမှု အားနည်းတဲ့အတွက် အစိုးရအသုံးစရိတ်တွေဟာ ဆီးသီးဗန်းမှောက် သလို ဖြစ်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာလည်း ဆီးသီးဗန်းမှောက်တာမျိုး မဖြစ်စေဖို့ တိုင်းလွှတ်တော်က ကြိုးပမ်းနေတဲ့အကြောင်း သတင်းထောက်
 ဆလိုင်းသန့်စင်က စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

  •  ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့တမြို့အဝင် (ဓာတ်ပုံ -  ဆလိုင်းသန့်စင်/ဧရာဝတီ)

ဧရာဝတီတိုင်း အတွင်း ဆောင်ရွက်နေသည့် အစိုးရ၏ စီမံကိန်းများ၊ စီမံချက်များကို ပွင့်လင်း မြင်သာစွာဖြင့် ပြည်သူများကို အသိပေးရေး အဆိုကို   ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်တွင် အင်္ဂါနေ့က တင်သွင်းလိုက်သည်။

ငပုတောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က
“စီမံချက်ကြီးတွေ ဖြစ်တဲ့ လမ်းတံတားကြီးတွေ၊ စက်ရုံကြီးတွေက စလို့ မြို့တွေ ရွာတွေမှာ လမ်းပြင်၊ ကျောင်းဆောက်တဲ့ ကိစ္စက အစ ပွင့်လင်း မြင်သာမှု ရှိဖို့နဲ့ ပြည်သူကို အသိပေးဖို့ အတွက် အဆို တင်သွင်းတာ ဖြစ်ပါတယ်။ အခုက ပြည်သူတွေက ကိုယ့်ဒေသမှာ ဘာစီမံကိန်းလုပ်လို့ ဘယ်လောက် ကုန်ကျတယ် ဆိုတာ မသိကြဘူး ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

ပွင့်လင်း မြင်သာမှု အားနည်းသည့် အတွက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောဆို သကဲ့သို့ အစိုးရ ဘတ်ဂျက်များမှာ ဆီးသီးဗန်းမှောက် သလို လေလွင့် ဆုံးရှုံမှုများ ရှိနေသည်မှာ အမှန်ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရစီမံကိန်းများ၊ ဒေသဖွံ့ဖြိုးရေး အတွက် လျာထားသည့် စီမံချက်များ ပွင့်လင်း မြင်သာမှုရှိရန် လိုအပ်နေကြောင်း  ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုးက လွှတ်တော်တွင် ပြောဆိုသွားသည်။

ယင်းအဆိုကို   လွှတ်တော်တွင် လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပြီး ယခုလ ၂၄ ရက်တွင် အသေးစိတ် ဆွေးနွေးရန် သတ်မှတ်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်း အတွင်း ပြုလုပ်သည့် အစိုးရ၏ စီမံကိန်းများ၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် တိုင်းအစိုးရ၏ ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်၍  တိုင်း အစိုးရအဖွဲ့က လွှတ်တော်သို့ တင်ပြဆွေးနွေးခြင်း အတည်ပြုချက် ရယူခြင်းများ မရှိသည့် အတွက် လွှတ်တော် ကိုယ်စားလှယ် တချို့က ဝေဖန် ပြောဆိုကြသည်။

“ငရုတ်ကောင်း(မြို့)မှာ တည်ဆောက်မယ့် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံကိစ္စ ဆိုရင် ၀န်ကြီးချုပ်က လွှတ်တော်မှာ အဖွင့် အမှာစကား ပြောတဲ့ အချိန်တွေမှာ ထည့်ပြောသွားတယ်။ အဲဒီအချိန်မှာ ပြန်ပြင်ဆင်လို့ မရတော့ဘူး ”ဟု ရေကြည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးက ပြောသည်။

အဆိုပါ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်းမှာ ငရုတ်ကောင်း ပင်လယ်ကမ်းခြေနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးမည်ကို စိုးရိမ်ကြသည့်  အတွက် ငရုတ်ကောင်း ဒေသခံ အများစုက ၀ိုင်းဝန်း ကန့်ကွက်နေကြကြောင်း သိရသည်။

 ဆလိုင်းသန့်စင်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved