မော်လမြိုင်ကျွန်းမှာ ကလေး ၂ ဦး ဓာတ်လိုက်၊ ဝင်ဆွဲသူ လူကြီး ၄ ဦး သေဆုံး

Tuesday, October 28, 2014

  -

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ  ဓာတ်ကြိုး ပျက်ကျလို့ လူ ၄ ဦး   ဓာတ်လိုက်ပြီး သေဆုံးခဲ့ကြောင်း  သတင်းရရှိပါတယ်။

  


  • မော်လမြိုင်ကျွန်းမြို့အဝင်တနေရာ (ဓာတ်ပုံ - ဆလိုင်းသန့်စင်/ဧရာဝတီ)

အခင်းဖြစ်ပွားတဲ့ စနေနေ့ ည ၆ နာရီခန့်က  ကျွဲခြံကျုံလမုကျေးရွာမှာ  သီရိရတနာဆန်စက်ကနေ ဒိုင်နမိုမော်တာနဲ့ မီးမောင်းပြီး ကျေးရွာအတွင်း မီးပေးနေတဲ့အချိန်ဖြစ်ပါတယ် တဲ့။

ကနဦးဓာတ်လိုက်တာက ကလေးတွေ ဖြစ်ပြီး နောက်ပိုင်း ဓာတ်လိုက်သေဆုံးကြတာကတော့ လူကြီးတွေဖြစ်ကြောင်း  မော်လမြိုင်ကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်က ဧရာဝတီကို ပြောပါတယ်။
 
“ကလေး ၂ ယောက်ကို ဓာတ်လိုက်နေတာ။  အဲဒါကို လူကြီးတွေက ၀င်ဆွဲရင်းနဲ့ ဆွဲတဲ့ ၄ ယောက်စလုံး  ဓာတ်လိုက်သွားတာ” လို့ သူက ဆိုပါတယ်။
 
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရဲ့ မှတ်တမ်းအရလည်း  ကျေးရွာထဲမှာ  သူတို့တွေ  ဗီဒီယိုကြည့်ဖို့ အိမ်ကထွက်အလာမှာ ဓာတ်ကြိုးက ကလေးတွေဖြစ်တဲ့
  မောင်မင်းထက်ကျော်၊  မပန်းအိဖြူတို့ အပေါ် ပျက်ကျကြောင်း၊
ဝင်ဆွဲကြတဲ့   ဒေါ်လှမြင့်၊ ဒေါ်အေးမူ၊ ဦးမျိုးသူရအောင်၊  ဒေါ်ဝင်းသူဇာ တို့ဟာ နေရာမှာတင် သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

မတော်တဆဖြစ်ရပ်မှာ ရုတ်တရက် သေဆုံးသွားကြတဲ့အတွက် သူတို့ကို  ရပ်ရွာထုံးစံအရ မနေ့ကပဲ  မြေချသဂြိုလ်ခဲ့ကြောင်း သိရပါတယ်။

ကလေး ၂ ယောက်ကတော့   မော်လမြိုင်ကျွန်း ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

  ၃ နှစ်အရွယ် မပန်းအိဖြူ၊  ၁၁ နှစ်အရွယ် မောင်မင်းထက်ကျော်တို့ကတော့ လက်ခုံနဲ့ လက်ချောင်းတွေမှာ လောင်ကျွမ်းဒဏ်ရာ  ရရှိခဲ့တာပါ။

ဧရာဝတီတိုင်းအတွင်းက အစိုးရက လျှပ်စစ်မီးပေးနိုင်ခြင်းမရှိတဲ့ ကျေးရွာတွေမှာ အခပေးစနစ်နဲ့ ကိုယ့်အားကိုယ်ကိုး မီးသွယ်တန်းမှုတွေ လုပ်ဆောင်ကြပါတယ်။

 တကယ်တန်းကျတော့  ဒီလိုမျိုး ကိုယ့်အစီအစဉ်နဲ့ကို မီးပေးခွင့် မရှိဘူးလို့ ပုသိမ်မြို့က လျှပ်စစ်ကျွမ်းကျင်သူတဦးက ရှင်းပြပါတယ်။

“စက်မှုဝန်ကြီးဌာနလက်အောက်မှာ စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာနဆိုတာ ရှိတယ်။
 အဲဒီဌာနရဲ့ အတည်ပြု ခွင့်ပြုချက်ရမှာသာ တရားဝင်မီးပေးလို့ရတယ်။
အခုက တရားမ၀င် မီးပေးမှု ဖြစ်နေတာပေါ့။
အခုလို လူသေမှုဖြစ်လာတော့ ဘယ်သူတာဝန်ယူမှာလဲဆိုတဲ့ကိစ္စက ရှိလာပြီလေ” လို့ သူက ပြောပါတယ်။

ဒီလို မတော်တဆမှုမျိုး ဖြစ်မလာအောင်လို့ ဘာတွေ လုပ်ဆောင်သင့်ပါသလဲ။

“ဖြစ်သင့်တာကတော့ အဲဒီဦးစီးဌာန အနေနဲ့ ကိုယ့်ဘာသာ မီးပေးနေကြတဲ့ ကျေးရွာတွေမှာ မီးပေးနေတာတွေက အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေ ရှိ/မရှိ၊ လိုက်လံစစ်ဆေး သင့်တယ်။
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဟောပြောတာတွေလည်း လုပ်ဆောင် သင့်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းမှာတော့ ၂၀၁၃ ခုနှစ်အတွင်းမှာ ဓာတ်လိုက်သေဆုံးသူ ၆ ဦးရှိခဲ့တယ်၊
ဒီနှစ်ထဲမှာတော့   ဇန်န၀ါရီလကနေ စက်တင်ဘာလအထိ ဓာတ်လိုက်သေသူ ၅ ဦးရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရပါတယ်။

ဆလိုင်းသန့်စင်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved