မှုခင်းရှုထောင့်သတင်းထောက်ဟန်ဆောင်ပြီး ငွေကောက်

Thursday, October 30, 2014

-




 
 ပြည်မြို့ န၀င်းနယ်မြေ၊ ဖိုးခေါင်ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်၊ အရက်ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်နဲ့ ကွန်ကရစ်လုပ်ငန်းလုပ်ကိုင်နေသူတွေကို မှုခင်းနှင့် သတင်းမီဒီယာအဖွဲ့၏
နှစ်ပတ်လည် မိတ်ဆုံစားပွဲအစီအစဉ်
ဆိုတဲ့ ဖိတ်စာပေးပြီး အလှူငွေအဖြစ် ကျပ်ငွေ ၂,၀၀၀ ထည့်ခိုင်းနေတယ်လို့ သိရပါတယ်။

            အဲဒိမိတ်ဆုံစားပွဲကိုဖိတ်စာပြပြီး တက်ရောက်ရမယ်၊ တက်ရောက်လာသူတွေကို ကံစမ်းမဲပါဖေါက်ပေးမှာဖြစ်တဲ့ အတွက်
အလှူငွေသဘောမျိုး ထည့်ခိုင်းတာဖြစ်ကြောင်း ဖိုးခေါင်အပိုင်း(၃)က  ဆိုင်ကယ်ပြင်ဆရာ ကိုအောင်ဆန်းက ပြောပါတယ်။

            “ဘောင်းဘီအနက်နဲ့ ၀တ်စကုပ် ၀တ်ထားတယ်။ လက်မောင်းမှာ တာဝန်ဆိုတဲ့ လက်ပတ်အနီကို ပတ်ထားပြီး သူ့ရဲ့ သတင်းထောက်ကတ် ပြပြီး ဖိတ်စာလာဖိတ်ဖို့ ဆိုပြီး ဆိုင်ထဲဝင်လာတယ်။
 ပြီးတော့ အလှူငွေ ထည့်ခိုင်းတယ်။ ငါးရာပဲ ထည့်တော့ မင်းရဲ့ဆိုင်က ဆိုင်းဘုတ်လည်း မရှိဘူး၊
အခွန်ဆောင်မထားရင် အခု ပိတ်ပစ်လို့ရတယ်။ အဲဒီလောက်တော့ မလုပ်နဲ့ ဆိုပြီး နှစ်ထောင်ပြည့်အောင် ထပ်ထည့်ခိုင်းတယ်။
ကျနော် မကျေနပ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး အထိသွားတိုင်တယ်။ ဘယ်သူမှ လာအရေးယူမပေးဘူး”

            အဆိုပါ ကောက်ခံသူမှာ န၀င်းနယ်မြေ ဖိုးခေါင်အပိုင်း(၂)တွင်နေထိုင်သူဖြစ်ကြောင်း၊
 အပတ်စဉ်ထုတ် မှုခင်းရှုထောင့် ဂျာနယ်များဟောင်းများကိုလည်း ငါးရာကျပ်နှင့်
အတင်းဝယ်ယူခိုင်းကာ နေပြည်တော်က ပြောင်းရွှေ့လာသူဖြစ်ကြောင်း ဌာနဆိုင်ရာများကို သွားဖို့ အခက်အခဲရှိရင် သူကူညီနိုင်တဲ့သူဖြစ်ကြောင်း လက်မှတ်ဝယ်ယူသူ အမျိုးသမီးတဦးက ပြောပါတယ်။

            “ သူ့ကိုယ်သူ နေပြည်တော်ကလာတာလို့လည်း ပြောတယ်။ ဟိုနားက သူ့အိမ်မှာတော့ အကြားအမြင် ဗေဒင်လက္ခဏာ ပညာရှင် ဆရာမင်းစစ်အောင်လို့ ဆိုင်းဘုတ်ချိတ်ထားတယ်။
ကျမကိုလည်း ဂျာနယ်အဟောင်းတွေကို ငါးရာနဲ့ အတင်း လာလာရောင်းတယ်။ သတင်းထောက်ဘာညာ ဆိုတော့ ကျမတို့လည်း ဘာမှမပြောဘဲ ၀ယ်ထားလိုက်တာ။ ဖိတ်စာ လာဖိတ်ပြီး
အလှူငွေ နှစ်ထောင်ထည့်ခိုင်းတယ်။ တထောင်ပဲ ထည့်လိုက်တယ်”

        ဤဖြစ်ရပ်နှင့်ပတ်သတ်ပြီး ပြည်မြို့က မှုခင်းရှုထောင့်က တာဝန်ရှိသူတွေကို သွားရောက်မေးမြန်းတော့ ပြည်မြို့နယ်တာဝန်ခံ ဦးသန်းထွဋ်က

            “ဒီကောင်လူလိမ်၊ သူ့ဟာသူ ဖိတ်စာရိုက်ပြီး ငွေလိုက်ကောက်နေတာ။
 ကျနော်တို့ သတင်းထောက်လည်း မဟုတ်ဘူး။ သူကိုင်တဲ့သတင်းထောက်ကဒ်က ဟိုးအရင်က အဟောင်းကြီး။
သူ့ကို ကျနော်တို့ အယောင်ဆောင်မှုနဲ့ အမှုဖွင့်ပါ့မယ်။
ကျနော်တို့လုပ်မဲ့ နှစ်ပတ်လည်ပွဲက ၂၈ ရက်နေ့မှပါ။ လက်မှတ်တွေကတော့ ကိုယ့် အဖွဲ့ဝင်အချင်းချင်းပဲ ရောင်းတာပါ”

      သူတောင်းတဲ့      အလှူငွေထည့်ဝင်သူတွေကို ဘာကြောင့် အလှူငွေ ထည့်လိုက်တာလဲလို့မေးမြန်းတော့ သတင်းထောက်ဆိုတော့ ကြောက်လို့ ထည့်လိုက်တာပါ တဲ့။

သာမာန်ပြည်သူလူထုကတော့  သတင်းထောက်က အဟောင်း၊ ကတ်အသစ်ဆိုတာလဲ သိမှာ မဟုတ်သလို ကတက အတုလား အစစ်လားဆိုတာလဲ
သိမယ် မထင်ပါဘူး။

ဒီဖြစ်ရပ်မျိုး ရှိလာပြီဆိုတော့ သတင်းထောက်ကတ် ပြပြီး  ပြည်သူတွေကို ခြိမ်းခြောက် အလှူငွေထည့်ခိုင်းတာတွေ ထပ်ဖြစ်လာခဲ့ရင် နီးစပ်ရာ ရဲစခန်းနဲ့ ရပ်ကွက်ရုံးတွေမှာ သွားရောက်တိုင်ကြားတာတွေ ရှိလာနိုင်ပါတယ်။

ကောင်းမြတ်မင်း




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved