ပြည်မြို့က နိဗ္ဗာန်ဈေးပွဲတော်

Sunday, October 12, 2014







 


            ပြည်မြို့  အောင်ချမ်းသာဘုရား နိဗ္ဗာန်ဈေးပွဲတော်ကို နှစ်စဉ် သတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့တိုင်း
ကျင်းပပြုလုပ်ခဲ့တာ (၉) ကြိမ်မြောက်ဖြစ်ခဲ့ပါပြီ။

            နိဗ္ဗာန်ဈေးပွဲတော်ဆိုတဲ့အတိုင်း ပိုက်ဆံနဲ့ ၀ယ်စရာ မလိုပါ။
 ကြိုတင်စီစဉ်ထားတဲ့ အခမဲ့ လက်မှတ်တွေနဲ့ ၀ယ်ရတာပါ။

မည်သူမဆို လက်မှတ်ကိုတန်းစီစောင့်ပြီး လက်မှတ်ပါ နံပါတ်နဲ့ကိုက်ညီတဲ့ ဈေးတန်းထဲက အလှူရှင်တွေရဲ့ ဆိုင်မှာ
သွားရောက်ပြီး ထုတ်ယူရတဲ့ ပျော်ရွှင်စရာ အလှူပွဲကြီးတခုဖြစ်ပါတယ်။

            ဒီနှစ်တော့ ရွှေတံခါး (၂)လမ်းပေါ်က အောင်ချမ်းသာဘုရား နိဗ္ဗာန်ဈေးပွဲတော်မှာ လာရောက်လှူဒါန်းတဲ့ ဆိုင်ရှင်ပေါင်း (၇၀) ရှိပြီး
စုစုပေါင်း ပေးလှူတဲ့ လက်မှတ် အစောင်ခုနှစ်ထောင်(၇,၀၀၀) ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်မှတ်တန်းစီစောင့်စရာမလို၊ မည်သူမဆို အဆင်သင့်စားသုံးနိုင်ဖို့ စတုဒီသာအဖြစ် မုန့်ဟင်းခါး၊
အုန်းနို့ခေါက်ဆွဲနဲ့ သီးစုံဒန်ပေါက် လှူဒါန်းကြတာတွေလည်း ရှိတာ တွေ့ရပါတယ်။

 


တကယ် လိုအပ်တဲ့သူအများအပြားကို လှူဒါန်းတဲ့အလှူဖြစ်လို့ ရင်ထဲမှာပီတိဖြစ်ရတယ်လို့ နိဗ္ဗာန်ဈေးပွဲတော်ဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဦးစိုးဝင်းကပြောပါတယ်။

            “ လှူတယ်ဆိုရင် စေတနာသုံးတန်ပြဌာန်းတဲ့ အလှူမျိုးကို လှူစေချင်လို့ အခုလို ဘယ်သူဘယ်ဝါ ဆိုတာမျိုး မဟုတ်ဘဲ၊
လိုအပ်တဲ့လူကို လှူဒါန်းကြတာပါ။
တချို့ TV တွေပေါက်လို့ ကခုန်ပြီး TV ထမ်းပြီး ပြန်သွားတဲ့ မြင်ကွင်းမျိုးကို ကျနော်တို့ မြင်တဲ့အခါ
နောက်နှစ်ဆို ဒီထပ်ပို့ပြီး လှူနိုင်အောင်ကြိုးစားမယ်ဆိုတဲ့ စိတ်ဓါတ်ခွန်အားတွေ ပြန်ရတယ်”

            တနှစ်ထက်တနှစ် လာရောက်တန်းစီ အလှူခံသူများ တိုးပွားလာကြောင်းနဲ့ ကျွေးလို့မလောက် လှူလို့ မလောက် ဖြစ်ခဲ့ရလို့ ၀မ်းနည်းဝမ်းသာ ဖြစ်ရတယ်လို့  သူကဆက်ပြောပါတယ်။

            “ ကျနော်တို့ လှူတာ ကိုးကြိမ်ရှိပြီ၊ စိတ်မကောင်းဖြစ်ရတာက စတုဒီသာကို ဘယ်လောက်ကျွေးကျွေး လောက်တယ်လို့ မရှိဘူး။
 လှူတဲ့ပစ္စည်းတွေလဲ လောက်တယ်လို့ကိုမရှိဘူး။ တနှစ်ထက်တနှစ် အလှူခံလာတဲ့ လူတွေက ပို များများလာတယ်။
လက်မှတ်ပေးတဲ့အချိန်က ညနေ ၅ နာရီခွဲမှ နေ့လည် ၁၂ နာရီထဲက နေပူကြီးထဲမှာ လာတန်းစီနေကြတာ မြင်တဲ့အတိုင်းပဲ။
တချို့က ရွာတွေကနေတောင် လာကြတာ”

            ပြည်မြို့ ရွှေတံခါး အပိုင်း (၁၊၂၊၃၊၄) အပြင် အနီးအနား ကျေးရွာတွေကလည်း လာရောက်ကြတယ်လို့ သိရပါတယ်။

 



            ပြည်မြို့မှာတော့ အောင်ချမ်းသာဘုရား နိဗ္ဗာန်ဈေးပွဲတော်ဟာ အလှူခံတွေ အများဆုံး လာရောက်လေ့ရှိသလို့ တရုတ်စုရပ်ကွက်၊
ရွှေတံခါး (၆)လမ်းတွေမှာလဲ နိဗ္ဗာန်ဈေးပွဲတော် ပြုလုပ်လှူဒါန်းလေ့ရှိပါတယ်။

            ဆိုင်ခန်းပေါင်း (၇၀) မှာတော့ ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်တွေနဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေအပြင် TV၊ ရေခဲသေတ္တာ၊
ထမင်းပေါင်းအိုးတွေလည်း မြင်တွေ့ခဲ့ရပါတယ်။

            လာရောက်လှူဒါန်းတဲ့ အလှူရှင် မဝင့်ဝါ့မောင်ကလည်း
“ ကျမတို့ ဒီလမ်းထဲကို မနှစ်ကမှရောက်လာတာ။ ဒီနှစ် စလှူတာ။ ငါးသိန်းဖိုးလောက်လှူဖြစ်တယ်။
အဓိက မရှိတဲ့လူကို လှူရတာ ပိုသဘောကျလို့ပါ။
နောက်နှစ်တွေလည်း ဒီထပ်ပိုပြီးလှူအုံးမှာပါ”

            ထောင်နဲ့ချီတဲ့လူတန်းကြီးထဲမှာတော့ ကလေးငယ်တွေကို အများဆုံးမြင်တွေ့ရပါတယ်။

အရွယ်သုံးပါးစလုံး လာရောက်တန်းစီပြီး
လက်မှတ်ပေးမဏ္ဍပ်အနားရောက်ဖို့ စိတ်ရှည်လက်ရှည် သည်းခံပြီး လမ်းမကြီးပေါ်မှာစောင့်နေပါတယ်။

 နောက်နှစ်တွေမှာလည်း အလှူခံလာမဲ့ ပုဂ္ဂိုလ်တွေ ဒီထပ်များလာမလား၊ နည်းသွားမလားဆိုတာတော့ မခန့်မှန်းတတ်ဘူးလို့  နိဗ္ဗာန်ဈေးပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ  ဦးစိုးဝင်းက ပြောပါတယ်။

ပြည်သူလူထုဆင်းရဲနေရတာမြင်တော့ ဝမ်းနည်းမိတယ်လို့ သူက ဆက်ပြောပါတယ်။

            “ လှူရတန်းရတာတော့ ဝမ်းသာပါတယ်။
ဒါပေမဲ့ ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ ဆင်ရဲမွဲတေနေရ တာမြင်ရပြန်တော့ စိတ်မကောင်းဘူး။
နောက်နှစ်တွေမှာ ဒီထပ်ပိုပြီးလှူဒါန်းချင်ပေမဲ့ အလှူခံတွေ ဒီထက်ပိုများ မလာစေချင်ဘူး”

ပြည်မြို့ နိဗ္ဗာန်ဈေးပွဲတော်ထဲက အသံတချို့ မြင်ကွင်းတချို့ကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။


 

ကောင်းမြတ်မင်း ~



  









ဒံပေါက် အလှူရှင်ကတော့ သူ့ရဲ့ အစီအစဉ်ကို ... ဆုတောင်းပြည့် အောင်ချမ်းသာဘုရား
(န၀မ)အကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်
(သီးစုံဒံပေါက်) အာဟာရ ဒါန ကျွေးမွေးမည်
မည်သူမဆို စားသုံးနိုင်ပါသည်
၁၃၇၆ ခုနှစ် သီတင်းကျွတ်လပြည့်ကျော်(၁) ရက် (၉-၁၀-၂၀၁၄)
ဆိုတဲ့ ဗီနိုင်းဆိုင်းဘုတ် ချိတ်ပြီး ကြိုတင် ကြေညာထားပါတယ်။














0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved