Hybrid ထဲမှာ လူကြိုက်များလာတဲ့ Honda Insight

Sunday, October 12, 2014



.



 


ဈေးကွက်ကို ကြည့်မယ်ဆိုရင် Hybrid တွေ ခေတ်စား၊ လူကြိုက်များလာတာ တွေ့ရသလို အထူးသဖြင့် တန်ကြေး နည်းနည်းနဲ့ ရနိုင်မယ့် Hybrid မော်ဒယ်တွေ အ၀ယ်လိုက် လာပါတယ်။

 ဒီတော့ ဈေးကွက်ကို ပြေးကြည့် လိုက်တယ်၊ Hybridတွေ များများစားစား မ၀င်ပေမယ့် တန်ကြေးနည်းနည်း၊ Brand ကလည်း လူကြိုက်ပြီးသား၊ ဒီဇိုင်းကလည်း ဆွဲဆောင်မှုရှိတယ် ဆိုတာထက် ပုံမှန်မော်ဒယ်တွေနဲ့ ကွဲပြားတဲ့ ဒီဇိုင်းနဲ့ Honda ရဲ့ Hybrid မော်ဒယ်တွေ နေရာ ရနေတာ တွေ့ရပါတယ်။ 

 ဘယ်မော်ဒယ်တွေလဲ ဆိုရင်တော့ ဆီဒင်ထဲမှာ ဆိုရင် Civic နဲ့ Hatchback ထဲမှာ ဆိုရင် Insight တွေ ဖြစ်ပါတယ်။ Civicကတော့ အရင်ကတည်းက လူကြိုက်နေပြီးသား ဖြစ်ပေမယ့် Insight ကတော့ နောက်မှ ပွင့်လာတဲ့ ရွှေကြာပါ။

နေရာရလာတာ မကြာသေးသလို သူက Civic လို ဆွဲဆောင်မှု ကောင်းတယ် ဆိုတာထက် ဒီဇိုင်းက ဈေးကွက်ဝင် Hatchback တွေနဲ့ မတူဘဲ သိသာ ပေါ်လွင်နေစေတာရယ်၊ ဈေးနှုန်း ချိုချိုသာသာနဲ့ ရနိုင်တာကြောင့်ရယ်၊ ဆီစားနှုန်း သက်သာတာတွေ ကြောင့်ရယ် လူကြိုက်များလာတာ ဖြစ်ပါတယ်။

ဈေးကွက်ဝင် Hatchback တွေ ဖြစ်တဲ့ Nissan AD Van လို Toyota Probox လို မော်ဒယ်တွေက ဘယ်နေရာကြည့်ကြည့် ရှိသလို သူတို့က မြင်လိုက်တာနဲ့ လုပ်ငန်းသုံး မော်ဒယ်တွေ ဆိုတာ သိနိုင်ပြီး တန်းမ၀င်ချင် လှပါဘူး။ 

 ဒီတော့ Toyota Prius လို မော်ဒယ်နဲ့ ဒီဇိုင်းချင်း ဆင်တူပြီး ဈေးနှုန်းလည်းချို၊ အမြင်လည်း ဆန်းတဲ့ Insight က နေရာ ရလာပါတော့တယ်။ နောက်တချက် ဖြစ်တဲ့ ဈေးနှုန်း ချိုချိုသာသာ ဆိုတာကလည်း Insight မှာ တပ်ဆင်ထားတဲ့ အင်ဂျင်က ၁ ဒသမ ၃ လီတာသုံး အင်ဂျင်ဆိုတော့ အခွန်လျှော့ပေးထားတဲ့ အတန်းအစားထဲ ရောက်နေသလို အစကတည်းကလည်း Honda ရဲ့ ရောင်းဈေး က မများတာကြောင့် ဈေးကွက်မှာပါ တန်ကြေး နည်းနည်းနဲ့ ရနိုင်တာ ဖြစ်ပါတယ်။

 နောက်ဆုံး တချက်ကတော့ ဆီစားနှုန်းကြောင့် စကားပြောသွားပါတယ်။ ဆီစားနှုန်းနဲ့ ပတ်သက်လို့ ပထမ တချက်က Hybrid စနစ်ကြောင့် ဆီစားနှုန်း သက်သာ ကောင်းမွန်တာ ဖြစ်ပြီး နောက် တချက်ကတော့ အင်ဂျင်ပိုင်း အရွယ်သေးငယ်တာကြောင့် ဆီစားနှုန်း သက်သာတာလည်း ဖြစ်ပါတယ်။

Insight ကို ခရီးဝေး သွားလာ မောင်းနှင်မှုတွေ အတွက်လည်း သုံးနိုင်မှာ ဖြစ်ပြီး စွမ်းဆောင်ရည် အပိုင်းမှာ အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှုက တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၁၀ စက္ကန့် ၀န်းကျင်အထိအောင် ယူမှာ ဖြစ်ပေမယ့် ၁ ဒသမ ၃ လီတာသုံး အတွက်ကတော့ မများပါဘူး။

နောက်ပြီး အင်ဂျင် အပူချိန် မြင့်တက်မှုနဲ့ ခရီးဝေး မောင်းနှင်နိုင်မှုတွေက စိတ်ချရတာ တွေ့ရပေမယ့် အင်ဂျင် အသေးတပ် မော်ဒယ် ဖြစ်တာကြောင့် ၆ နာရီမောင်း တနာရီ ၀န်းကျင် ပြန်အနားပေး ပုံစံမျိုးနဲ့ မောင်းနှင်မယ်ဆိုရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

Off-Road လို နေရာတွေ အတွက်တော့ သုံးနိုင်မှာ မဟုတ် ပေမယ့် City အတွက်တော့ ပြောစရာ မလိုအောင် သင့်တော်ပါတယ်။ နောက်ပြီး ကားဈေးနှုန်းတွေ မငြိမ်နေတဲ့ အချိန်မှာတော့ ၀ယ်၊ ရောင်းအတွက် မရည်ရွယ်ဘဲ အိမ်စီး သီးသန့်၊ ငွေ များများ မသုံးချင်သူတွေ အတွက်ကတော့ လတ်တလောမှာ Insight ကို သုံးထားတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ဈေးနှုန်း အပိုင်းမှာကတော့ ၂၀၀၉ ခုနှစ် ၀န်းကျင် မော်ဒယ်တွေက ကျပ် ၁၁၅ သိန်း ၀န်းကျင်ရှိနေပြီး Grade ဆိုတာထက် အရောင် ကွာခြားမှု အပေါ် မူတည် ပြီးတော့ ကျပ် ၅ သိန်းလောက် ထိအောင် ဈေးကွာနိုင်ပါတယ်။

စွမ်းဆောင်ရည်နဲ့ အရည်အသွေး ကတော့ ကွာခြားမှု မတွေ့ရဘဲ ၂၀၀၉ ထက် မြင့်တဲ့ မော်ဒယ်တွေထက် ၂၀၀၉ ခုနှစ် ၀န်းကျင် မော်ဒယ်တွေက ပိုသဘောကျစရာ ကောင်းတာ တွေ့ရပါတယ်။

 


မြန်မာပြည်မှာ ကားဈေးတွေကျပြီး တော်တော်များများ ကားစီးနိုင်တဲ့ အနေအထား ဖြစ်လာသလို၊ ဘယ်လို ကားအမျိုး အစား ဝယ်စီးသင့်သလဲ ဆိုတာလည်း စဉ်းစားစရာ ဖြစ်လာပါပြီ။ ကားအမျိုးအစားတွေကလည်း အသစ်အသစ်တွေ ပေါ်လာပြန်တော့ ငွေကြေးတတ်နိုင်ရင် တတ်နိုင်သလို အဖက်ဖက်က ပြီးပြည့်စုံတဲ့ ကားအမျိုးအစား ရွေးချယ် ဝယ်ယူတတ်ဖို့ လိုလာပါပြီ။ ဒါကြောင့် အခုတပတ်ကနေစပြီး The Irrawaddy ဂျာနယ်မှာ အမျိုးအစား ကွဲပြားတဲ့ ကားတွေရဲ့ အားနည်းချက် အားသာချက်တွေကို ရှာဖွေ ဖော်ထုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။


 
လင်းထက် (IA)


ဆက်စပ်ဖတ်ရှုရန်
http://blog.irrawaddy.org/2014/10/mercedes-benz-glk-class-2014.html
 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved