မတူညီသော ပေါင်းစည်း ညီညွတ်မှု

Monday, October 20, 2014

 ~


   
လောကမှာ အယူအဆအမျိုးမျိုး၊ ၀ါဒ အဖုံဖုံတို့ဖြင့် “သူ့ အယူအဆ မှန်သည်၊ ငါ့ အယူအဆ မှန်သည်” စသည်ဖြင့် ငြင်းခုံနေကြလေသည်၊ မတူညီသော ငြင်းခုံမှုတွေထဲတွင် တူညီသော အဖြေ ရှိတတ်စမြဲဖြစ်ပါသည်၊ ထို့ကြောင့် သီတဂူ ဆရာတော်ဘုရားကြီး မကြာခဏ မိန့်မှာသော စကား တခွန်း ရှိပါသည်၊ ထို စကားတခွန်းကား “လောကမှာ မတူညီတာတွေအပေါ်မှာ ငြင်းခုံမှု ပြုမနေကြဘဲနှင့် တူညီမှုတွေ အပေါ်မှာ ၀ိုင်းပြီး အတူလက်တွဲလျှောက်လှမ်းကြဖို့” ဖြစ်ပါသည်၊ common platform ကို အတူတူ လျှောက်လှမ်းဖို့ တိုက်တွန်း အားပေးတော်မူပါသည်။

မှန်ပေသည်၊ ထို ရည်ရွယ်ချက်ဖြင့် သီတဂူဆရာတော်ဘုရားကြီးသည် လောက၌ လူမျိုး၊ ဘာသာ ခွဲခြားမှု မပြုဘဲ လောကအကျိုး၊ သာသနာအကျိုးကို နေ့မအား ညမနားဘဲ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျှက် ရှိသည်မှာ ကမ္ဘာတလွှား ဆရာတော်ဘုရားကြီး၏ များစွာသော လုပ်ငန်းစဉ်များက သက်သေခံလျှက် ရှိပါသည်၊ များစွာသော လူမှုရေး လုပ်ငန်းစဉ်များဖြစ်သော သီတဂူ ရေအလှူတော် စီမံကိန်း၊ သီတဂူဆေးရုံအလှူ စီမံကိန်း၊ ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်း၊ ပညာရေးအလှူ စီမံကိန်း စသည်တို့တွင် တခုအပါအ၀င်ဖြစ်သော ပညာရေး အလှူ စီမံကိန်းတွင် သီတဂူဆရာတော်ဘုရားကြီး၏ ရည်ရွယ်ချက်ကို အထင်သား တွေ့မြင်ရပေမည်၊ ထိုရည်ရွယ်ချက်ကား “အ၀ိဇ္ဖာ ဖုံးလွှမ်းသော အကန်းကမ္ဘာကို ဓမ္မအလင်းရောင် ပညာတန်ဆောင်ဖြင့် လောကကို အလှဆင် အလင်းပေးဖို့” ရည်ရွယ်ချက် ဖြစ်ပါသည်၊ ထိုရည်ရွယ်ချက်ဖြင့် သီတဂူဆရာတော်ဘုရားကြီးသည် ပညာတော်သင် စာသင်သားများစွာကို နိုင်ငံတကာသို့ စေလွှတ်ပြီး ပညာသင်ကြားရေးတွင် စာသင်သားများအတွက် လိုအပ်မှု တစုံတရာ မရှိအောင် အစစအရာရာ အားပေး ထောက်ပံ့ တော်မူပါသည်။

 


သီတဂူဆရာတော်ဘုရားကြီး၏ ပညာရေးအထောက်အပံ့ဖြင့် ကမ္ဘာတလွှား ပညာသင်ယူ နေကြသော တပည့်များစွာတို့တွင် ထိုင်းနိုင်ငံ Assumption တက္ကသိုလ်တွင် M.A နှင့် Ph.D ပညာသင်ယူနေကြသော ရဟန်းတော် ၇ ပါးတို့လဲ အပါအ၀င်ဖြစ်ပါသည်၊ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းဒဏ်ခံ မြန်မာပြည်သားများအတွက် ဆရာတော်ဘုရားကြီးသည် မေတ္တာ၊ ကရုဏာကြီးမားစွာဖြင့် ကူညီထောက်ပံ့မှု များစွာကို ပြုလုပ် ဆောင်ရွက်ပေးခဲ့ပါသည်၊ နာဂစ်ဒေသခံ ပြည်သူများအတွက် ကူညီထောက်ပံ့မှုတွင် သီတဂူဆရာတော်ကြီးနှင့်အတူ ထိုင်းနိုင်ငံ Assumption တက္ကသိုလ်မှ ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် အတူလက်တွဲပြီး နာဂစ်ပြည်သူများ၏ သောကနှင့် ဒုက္ခကို ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

မတူညီသော ဘာသာနှစ်ခု၏ တူညီသော ရည်ရွယ်ချက်ကား လောကသားတို့၏ ဆင်းရဲမှန်သမျှကို ပယ်ဖျောက်ပေးပြီး သောကကို ပယ်ဖျောက်ပေးဖို့ဖြစ်ပါသည်၊ တူညီသော ရည်ရွယ်ချက်ဖြင့် သီတဂူဆရာတော်ဘုရားကြီးနှင့်အတူ ထိုင်းနိုင်ငံ Assumption တက္ကသိုလ်မှ ခရစ်ယာန်ဘုန်းတော်ကြီးများ၏ အတူလက်တွဲ ဆောင်ရွက်မှုကြောင့် ယခုဆိုလျှင် အေဘက် တက္ကသိုလ်တွင် ပညာဆည်းပူးလျှက်ရှိသော ရဟန်းတော်များပင် ဘွဲ့များ အသီးသီး ရရှိခဲ့လေပြီ၊ ဘွဲ့ရရှိသော ရဟန်းတော်များ၏ ရရှိသော ဘွဲ့နှင့် ခုနှစ်အချက်အလက်တချို့ကို အောက်ပါတွင် ဖတ်ရှုနိုင်ပါသည်။
 
 

     
၂၃.၁၁.၂၀၁၄ နေ့တွင် သီတဂူဆရာတော်ဘုရားကြီးက မြန်မာနိုင်ငံ ရိုမန်ကက်သလစ် ခရစ်ယာန် နှစ် ၅၀၀ ပြည့်အထိမ်းအမှတ်နေ့တွင် တက်ရောက်ပြီး မိန့်ခွန်း ပြောကြားပေးမှာဖြစ်ပါသည်။
ဤသည်ကား မတူညီသော ဘာသာတရားနှစ်ခု၏ တူညီသောလမ်းပေါ် အတူတူ လျှောက်လှမ်းခြင်း၏ အသီးအပွင့် အကျိုးကျေးဇူးများ ဖြစ်ပါသည်၊ နိဂုံးချုပ်အနေဖြင့် ဆရာတော်ဘုရားကြီး၏ လူမှုရေး၊ ဘာသာရေး လုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်အောင် ပါဝင် ကူညီနိုင်ကြပညာသင်ကြားပြီးသော ဘွဲ့တဆိပ်တော် ရရှိပြီးသော သံဃာတော်များလည်း မိမိတို့ တတ်စွမ်းသမျှ ပညာရေး အသီးအပွင့်များကို မိမိတို့ အမိဌာနေ တက္ကသိုလ်ကြီးဖြစ်တဲ့ သီတဂူ အဓိပတိဆရာတော်ဘုရားကြီး တည်ထောင်ပေးတော်မူခဲ့သော စစ်ကိုင်း၊ မန္တလေးနှင့် ရန်ကုန် (၃) ဌာနတို့မှာ နောင်လာ နောက်သား အနာဂတ်သာသနာ့ကြယ်ပွင့်လေးများ ထွန်းပေါက်လာအောင် ပညာရေးစီမံကိန်းတွေမှာ ပါဝင်လုပ်ဆောင်သွားဖို့ ဆရာတော်ကြီး၏ လမ်းညွန်ချက်ဖြင့် မိမိတို့ စွမ်းနိုင်သမျှ လောကအကျိုး၊ လူမှုရေးအကျိုး၊ သာသနာအကျိုး မျှော်ကိုးကာ အနာဂတ်သာသနာ အတွက် ဆက်လက် ကြိုးစားသွားဖို့ရန် ဆန္ဒပြုလိုက်ပါသည်။

သီတဂူ စမ်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

သီတဂူဆရာတော်ဘုရားကြီး၏ တပည့်
အရှင်ကိတ္တိသာရ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့။

 ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved