ထိုင်းရုပ်သံနဲ့ အငြင်းပွားဖွယ် လိင်ပိုင်းဆိုင်ရာစော်ကားမှုဇာတ်ဝင်ခန်း

Monday, October 20, 2014

 .


 


ထိုင်းနိုင်ငံရဲ့ အခန်းဆက်ရုပ်သံဇာတ်လမ်း “The Power of Shadows” ထဲမှာ အရက်မူးလာတဲ့မင်းသားက မင်းသမီးကို မတရားပြုကျင့်တယ်။


နောက်ပိုင်းမှာတော့ သူက မင်းသမီးကို ခွင့်လွှတ်ဖို့ တောင်းပန်တယ်။ သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီး ပျော်ရွှင်စွာ ဇာတ်သိမ်းလေတယ်။

တွေ့ကြဆုံကြတယ်။ မတရားကျင့်လိုက်တယ်။ လက်ထပ်ကြတယ်။ ဒါဟာ ထိုင်း  အခန်းဆက်ရုပ်သံဇာတ်လမ်းတွေထဲမှာ ရိုးနေပါပြီ။
ဒီပုံစံရိုက်ကူးနေတာတွေကို ပြုပြင်ပြောင်းလဲကြဖို့ တောင်းဆိုတာတွေလည်း များပြားလာပါတယ်။

နိုင်ငံလူဦးရေရဲ့ လေးပုံတပုံ စောင့်ကြည့်ကြတဲ့ ရုပ်သံဇာတ်လမ်းတွဲများကို ရိုက်ကူးသူတွေကတော့ သူတို့ဇာတ်လမ်းတွေထဲ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ထည့်သွင်းတာဟာ လိုအပ်ချက်အရလို့ ဆိုပါတယ်။

ဒါရိုက်တာ Sitthiwat Tappan ကတော့ ပြည်သူကို ပညာပေးတဲ့အနေနဲ့ မုဒိမ်းကျင့်တဲ့ပြကွက်တွေ ထည့်သွင်းရပါတယ် တဲ့။

“အမျိုးသမီးတယောက် ဆွဲဆောင်မှုရှိရှိဝတ်ထားမယ်၊ (အရက်)သောက်နေတဲ့အမျိုးသားနားကို ဖြတ်သွားမယ် ဆိုရင် အဲဒီလူက ရမ္မက်ဇော ထလာမယ်၊ ဒီအမျိုးသမီးကို တပ်မက်လာမယ်၊ နောက်ဆုံး...ဒီအမျိုးသမီး နိုင်ထက်စီးနင်းလုပ်ခံရမယ်” လို့ သူက ဆိုပါတယ်။

“အမျိုးသမီးတွေ တယောက်တည်းခရီးသွားတာမျိုး၊ ပေါ်အောင် ၀တ်တာမျိုး မလုပ်သင့်ဘူး။ ပြီးတော့ အမျိုးသားတွေလည်း (အရက်)မသောက်သင့်ဘူး ဆိုတာကို ရုပ်သံကနေ ပညာပေးနေပါတယ်” လို့ သူက ဆက်ပြောပါတယ်။

သို့သော်လည်း ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ မုဒိမ်းကောင်တွေကို အပြစ်ပေးအရေးယူတာမျိုး ရိုက်ပြတာ နည်းပါးလွန်းပါတယ်။
သူတို့မတရားကျင့်လိုက်သူတွေကလည်း ဒီဖြစ်ရပ်တွေအကြောင်း ထုတ်ဖော်ပြောဆိုမှု နည်းလွန်းပါတယ်။
ပြင်ပလောကကိုလည်း ဒီပြကွက်တွေက သက်ရောက်မှု ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မုဒိမ်းကျင့်ခံရ၊ မတော်တရော်အလုပ်ခံရသူတွေ အရေးပေါ်ဖုန်းလိုင်းကို   ၃၁,၈၆၆ ကြိမ် ခေါ်ဆိုခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရဲဌာနကတော့ သူတို့ဆီကို အမှုလာဖွင့်တာ ၃,၃ဝဝ ရှိတယ်၊ ဖမ်းဆီးထိန်းသိမ်းမှု အရေအတွက်က ၂,၂၄၅  ရှိတယ်လို့ ဆိုတယ်။

အရေးပေါ်ဖုန်းလိုင်းကို ခေါ်ဆိုမှု သုံးသောင်းကျော် ဆိုတာက အမှန်တကယ် မတရားကျင့်ခံရတဲ့ အရေအတွက်ထက် အများကြီး လျော့နည်းမယ်လို့ ယူဆရပါတယ်။

မနှစ်ကပဲ ညရထားပေါ်မှာ ၁၃ နှစ်အရွယ် မိန်းကလေးတယောက် မတရားကျင့် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ကြောင့် မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေက ထိုင်းတနိုင်ငံလုံး ပွက်လောရိုက်သွားပါတယ်။ ဒီအကြောင်း ရေးထားတဲ့

ရထားပေါ်သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုကျူးလွန်သူကို ထိုင်းမှာ သေဒဏ်ချမှတ် ဆိုတဲ့ သတင်းကို

http://blog.irrawaddy.org/2014/09/blog-post_968.html
 မှာ ဖတ်ပါ။


  ဒီအမှုအတွက် အသက် ၂၂ နှစ်အရွယ် အမျိုးသားတဦးကို တရားရုံးက  သေဒဏ် အပြစ်ပေးခဲ့တာပါ။ ရထားဌာနကလည်း အမျိုးသမီးတွေ ကလေးတွေ သီးသန့်စီးနင်းနိုင်မယ့် အမျိုးသမီးရဲအရာရှိစောင့်ကြပ်တဲ့ ရထားတွဲ အစီအစဉ်ကို အကောင်အထည်ဖော်ပါတယ်။

သတင်းစာနဲ့ရုပ်သံဆွေးနွေးခန်းတွေမှာ ဒီဖြစ်ရပ်အကြောင်း အကြီးအကျယ် ဆွေးနွေးခဲ့ကြပြီး ရုပ်သံဇာတ်လမ်းတွဲတွေထဲ ချစ်လို့ မုဒိမ်းကျင့်တဲ့ ဇာတ်ကွက်မျိုးတွေ ရပ်တန်းက
ရပ်ကြဖို့ တောင်းဆိုတဲ့ အွန်လိုင်း သဘောထားလက်မှတ်ကောက်ယူရာမှာ လက်မှတ်ပေါင်း သုံးသောင်းကျော် ရပါတယ်။

“ထိုင်းနိုင်ငံရဲ့မုဒိမ်းမှုတွေဟာ ရုပ်သံဇာတ်လမ်းတွဲတွေကြောင့် ဖြစ်တယ်ဆိုပြီး ပြောနေတာ မဟုတ်ပါဘူး။
ဒါပေမယ့် ဒီဇာတ်လမ်းတွဲတွေဟာ ပြဿနာရဲ့ အစိတ်အပိုင်းတခုလို့တော့ ယူဆရပါတယ်” လို့ လက်မှတ် ကောက်ခံမှု အစပြုခဲ့သူ အသက် ၃၆ နှစ်အရွယ် Nitipan Wiprawit ဆိုသူက ပြောပါတယ်။

“မုဒိမ်းကျင့်တာဟာ လက်ခံနိုင်စရာဖြစ်တယ်ဆိုတဲ့သဘော  ရုပ်သံဇာတ်လမ်းတွဲတွေမှာ တွေ့ရပါတယ်။ ဒီလို ရိုက်ပြနေတာတွေကို ရပ်ရမှာဖြစ်ပါတယ်”

 ဒီလို သဘောထားကောက်ခံတဲ့လှုပ်ရှားမှုရဲ့ရလဒ်လို့ပဲ ဆိုရမလား... ရေဒီယိုရုပ်သံထုတ်လွှင့်မှုကော်မရှင်က ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူတို့ကို ကျန်းမာရေး၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကို စုဝေးစေပြီး ရုပ်သံဇာတ်လမ်းတွဲတွေက ဘာပေးချင်တာလဲ ဆိုတဲ့ အချက်ကို စကားဝိုင်းဖွဲ့ဆွေးနွေးစေခဲ့ပါတယ်။
Thai Soaps Trigger Outcry Over Romanticizing Rape
 
သတင်းအပြည့်အစုံကို  www.irrawaddy.org/asia/thai-soaps-trigger-outcry-romanticizing-rape.html မှာ ဖတ်ရှုနိုင်ပါတယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved