လိပ်ကျွန်း လူသတ်မှု အဓိက ကွင်းဆက်ဖြစ်သူရဲ့ ပြောစကား

Monday, October 6, 2014

ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရပ်ဌာနီခရိုင်ရှိ လိပ်ကျွန်းမှာ အသတ်ခံခဲ့ရတဲ့ ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာ၏ သူငယ်ချင်း ဖြစ်သူ အသက် ၂၅ နှစ်အရွယ် မစ္စတာ ရှောင် မက်အန်နာဟာ ဒီလူသတ်မှုကြီးမှာ အဓိက သက်သေတဦးဖြစ်တယ်လို့ အများကယူဆနေကြပါတယ်။

ရှောင် မက်အန်နာ၊ ဓာတ်ပုံ- The Mirror

ရှောင်မက်အန်နာဟာ လူသတ်မှု ကိစ္စနဲ့ပတ်သက်ပြီး သူ့ကို လူသတ်သမားအဖြစ် လိပ်ကျွန်းပေါ်က မာဖီးယား ဂိုဏ်း သားတွေက အတင်းဝန်ခံခိုင်းကာ မိမိကိုယ် မိမိကြိုးဆွဲချ သတ်သေရန် ဖိအားပေးခြိမ်း
ခြောက် ခံခဲ့ရတယ်လို့ သူက ဗြိတိန်အခြေစိုက် British Press ရဲ့ ရုပ်မြင်သံကြားသတင်းဌာနနဲ့ အင်တာဗျူး မှာ ပြောဆိုထားပါတယ်။ 

ရှောင်မက်အန်နာဟာ အခင်းဖြစ်ပြီးနောက် မနက် ၄ နာရီလောက်က လိပ်ကျွန်းပေါ်က ထိုင်းမာဖီးယား ဂိုဏ်းက လူ ၂ ဦးက သူ့နောက်လိုက်လာကြောင်း၊ ဒါကြောင့် သူက ထွက်ပြေးပြီး ၂၄ နာရီ ဖွင့်တဲ့ စတိုးဆိုင် ထဲ ၀င်ပုန်းပြီး ဆိုင်က အရောင်းစာရေးမလေးဆီက ဖုန်းငှားကာ သူ့နောက်လိုက်လာသူ ၂ ဦးကို အဲဒီဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး သူ့ဖေ့စ်ဘုတ် ဖွင့်ကာ ဓာတ်ပုံတွေကို အွန်လိုင်းတင်ခဲ့ပါတယ်။ 



 “ထိုင်းမာဖီးယားတွေက ကျနော့်ကို သတ်ဖို့ ကြိုးစားနေပါတယ်။ ကျနော့်ကို ကယ်ကြပါအုံး” လို့လည်း သူက ဖေ့စ်ဘုတ် မှာ ရေးခဲ့ပါတယ်။ 

ပြီးတော့ သူက ကျွန်းပေါ်က သူ့ သူငယ်ချင်းတွေဆီ ဖုန်းဆက်တိုက်ခေါ် ခဲ့သလို ရဲနဲ့ စကောတလန်က သူ့ဆွေမျိုးတွေ ဆီ လည်း သူ အန္တရာယ် ရင်ဆိုင်နေရကြောင်း ဖုန်းဆက်ပြောခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီမှာ ရဲက သူ့ကို ကယ်ခဲ့ပြီး သူတည်းခိုးတဲ့ ဟိုတယ်ဆီ လုံခြုံရေးနဲ့ ခေါ်သွားခဲ့တယ်လို့ သူက ပြောထား ပါတယ်။ 

ဒါပေမယ့် သူဟာ မလုံခြုံသလို ခံစားရတာကြောင့် တောင်ကုန်းတွေဘက်ကို ထွက်သွားပြီး တောထဲမှာပဲ ညအိပ်ခဲ့ ကြောင်း၊ နောက်နေ့ ညနေ ၃ နာရီလောက်မှာ မတော်တဆမှုနဲ့ သွေးတွေပေကြံနေတယ် ဆိုတဲ့ ရှောင်ဟာ သူ့ ဂစ်တာ ကောက်ယူပြီး သူ့ပစ္စည်းတွေ သိမ်း၊ ကျောပိုး အိတ်ထဲ ထည့်ပြီး ကျွန်းကနေ ထွက်သွားခဲ့တာပါ။ 

လိပ်ကျွန်းကနေ ကော့စမွေအရပ်ကို ဖယ်ရီ မော်တော်ဘုတ်စီးပြီး ထွက်ခွာခဲ့တာလို့ သူက ဆက်ပြော ထားပါတယ်။ 

လိပ်ကျွန်းပေါ်က ထိုင်းရဲက သူ့လက်မှာ ရခဲ့တဲ့ ဒဏ်ရာနဲ့ သူ့ဂျင်းဘောင်းဘီနဲ့ ခန္ဓာကိုယ်မှာ သွေးစွန်းနေ မှုတွေအပေါ် သူက အသက်အန္တရာယ်စိုးရိမ်ပြီး စက်ဘီးစီးရင်း မတော်တဆဖြစ်ခဲ့တာလို့ ထွက်ဆို ချက်
ပေးခဲ့ပြီး ထိုင်းရဲကလည်း သံသယကင်းရှင်းလို့ ကျွန်းက ထွက်ခွာခွင့်ရသွားခဲ့ပါတယ်။  


သတင်းဌာနနဲ့ အင်တာဗျူးမှာ သူ ပြန်ပြောပြခဲ့တာတွေထဲမှာ စိတ်ဝင်စားစရာတွေ အများအပြား ပါဝင်ပါ တယ်။ 

သူ့နောက်လိုက်လာတယ်ဆိုတဲ့ ထိုင်း မာဖီးယား ၂ ဦးလို့ ဆိုသူတွေက သူ့ကို “ မင်း ဒီည သေရမယ်၊ သူတို့ ( ဒေးဗစ်နဲ့ ဟန်နာ) ကို သတ်ခဲ့တာ မင်းပဲ၊ မင်းကိုယ်တိုင် မင်းလက်နဲ့ အဲဒီ ၂ ယောက်ကို သတ်ခဲ့တာ၊ မင်းလုပ်တယ်ဆိုတာ ငါတို့ သိတယ်။ မင်းကိုယ်မင်း ဒီည ကြိုးဆွဲချ သေပါ၊ ငါတို့ မင်း ကြိုးဆွဲချ သတ်သေ တာကို ကြည့်မယ်”လို့ ပြောခဲ့တယ်တဲ့။ 

ဒါကြောင့် ထိုင်း မာဖီယား ၂ ယောက်က သူ့ကို တောထဲ ခေါ်သွားပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေ ခိုင်းမှာကို စိုးရိမ်ပြီး သူ ထွက်ပြေးခဲ့တယ်လို့ ရှောင်မက်အန်နာက ပြောထားတယ်။ 

“ သူတို့ ( ထိုင်း မာဖီးယားများ) က အစားထိုး တရားခံအဖြစ် ဓားစားခံ တဦး လိုအပ်နေခဲ့တယ်လို့ ထင် တယ်။ (လူ သတ်မှုကို ) ဘယ် သူ လုပ်ခဲ့တယ်ဆိုတာ သူတို့ သိမယ်လို့ ကျနော် ထင်တယ်” လို့လည်း ရှောင် က ပြောထားတယ်။ 

ဒီအပြင် ရှောင်က ဆက်ပြောထားမှာ “ သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး အနောက်နိုင်ငံသား တယောက်က လုပ်တယ် ဆိုတဲ့ ပုံစံလည်း လိုချင်နေပုံရတယ်” လို့ ဆိုတယ်။ 

“ဒါကြောင့် ကျနော်သာ ကိုယ့်ကိုယ်ကို သတ်သေခဲ့မယ်ဆိုရင်၊ ကိုယ့်ကိုယ်ကို ကြိုးဆွဲချခဲ့မယ်ဆိုရင်တော့ ဒီလူသတ်မှု ဟာ သူပဲ လို့ ပြဖို့ သူတို့ လွယ်ကူသွားပြီလေ” လို့ ရှောင်က ပြောတယ်။
ရှောင်ဟာ လိပ်ကျွန်းကို စက်တင်ဘာ လ ၉ ရက်နေ့ကတည်းက ရောက်နေခဲ့သူပါ။ သူဟာ သေဆုံးသွား ခဲ့တဲ့ ဒေးဗစ် နဲ့လည်း လွန်ခဲ့တဲ့ နှစ်က Leeds မှာတွေ့ခဲ့ပြီး သူငယ်ချင်းတွေဖြစ်နေကြ တာပါ။ ဒေးဗစ်က လည်း Leeds တက္ကသိုလ်မှာ စာသင်ကြားနေပြီး သူတို့ဟာ ဖေ့စ်ဘုတ်မှာလည်း သူငယ်ချင်း ဖြစ်ကြတယ်လို့ ဆိုပါတယ်။ 

အခင်းဖြစ်တဲ့ ညက ဒေးဗစ်နဲ့ ရှောင်ဟာ တွေ့ဖို့ ချိန်းဆိုထားခဲ့ကြပေမယ့် ရှောင်က အရက်မူးလွန်နေလို့ အိပ်ရာထဲက မထနိုင်ဖြစ်ခဲ့တာပါတဲ့။ ဒါပေမယ့် လူသတ်မှုဖြစ်ပြီး နာရီအနည်းငယ်ကြာပြီးနောက် သူက ဖေ့စ်ဘုတ်မှာ ပို့စ်တခု တင်ခဲ့ပါတယ်။ 

 “ငါ့ သူငယ်ချင်း ဒေ့ဗ်ဟာ ကော့တောင်ကျွန်းပေါ်မှာ သူ့အသက်ဆုံးရှုံးခဲ့ပြီ” လို့ သူက ရေးပြီး သူတို့တွေ့ မယ်လို့ ချိန်းဆိုထားတဲ့ အချိန်မှာပဲ သူက အိပ်မောကျသွားခဲ့ပါတယ်တဲ့။ 

“အဲဒီညက သူအသတ်ခံလိုက်ရတယ်။ ငါေ-ာက်ရမ်း ခံစားရတယ်”

 “ ငါ မင်းကိုေ-ာက်ရမ်းချစ်တယ် ညီအကို၊ မင်း သူ့ ( ဟန်နာ) ကို ကယ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာ ငါသိ တယ်” 

“ငါတွေ့ဖူးသမျှ လူတွေထဲမှာ မင်းဟာ လေးစားစရာ အကောင်းဆုံးပဲ၊ ငါ မင်းကို ကြေကွဲစွာလွမ်းနေမယ်” 

“အဲဒီညက မင်းနဲ့အတူ ငါ မရှိခဲ့တာ ငါ စိတ်မကောင်းဘူး၊ တကယ်ပါ ငါကြေကွဲတယ်” 

လူသတ်သမားကို ဘယ်တော့မှ ဖမ်းမိမှာ မဟုတ်ဘူးလို့ သူထင်တဲ့အကြောင်းလည်း သတင်းမှာ ရေး ထားတယ်။

ပြီးတော့ သူက ဆက်ပြောထားတာက “ ထိုင်းရဲတွေဟာ ဒီရာဇ၀တ်မှုကို ဖြေရှင်းဖို့ အခွင့်အရေးမရှိဘူး” တဲ့။

မက်ထရို ပိုလီတန်ရဲတွေလည်း မြန်နိုင်သမျှ မြန်မြန် ဖြေရှင်းသင့်တယ်လို့လည်း ပြောထားတယ်။ 

“မှုခင်းအဖွဲ့လည်း အခင်းဖြစ်ပြီး နာရီ ၂၀ ကျော် ကြာတဲ့တိုင် ရောက်မလာခဲ့ဘူး” 

စသဖြင့် ရှောင် မက်အန်နာက အင်တာဗျူးမှာ ပြောသွားတဲ့ စကားတွေပါ။

ရှောင်မက်အန်နာဟာ အီတလီမှာ ရှိတဲ့ သူ့ချစ်သူ အသက် ၂၂ နှစ်အရွယ် မစ္စ Francesca Mussi ဆိုသူ အမျိုးသမီးနဲ့ တွေ့ဖို့ သွားပြီလို့ သတင်းမှာ ရေးထားပါတယ်။ 

“ ကျနော် ဒီ လိပ်ကျွန်းကို ချစ်ခဲ့ပါတယ်။ ဒါပေမယ့် သေချာတာကတော့ ကျနော် ဘယ်တော့မှ ပြန် လာဖြစ် မှာ မဟုတ် တော့ပါဘူး” လို့ ရှောင် မက်အန်နာက ပြောစကားနဲ့ သတင်းကို အဆုံးသတ်ထားပါတယ်။ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved