Mazda Demio က မော်ဒယ်မြင့်ရင် ကောင်းတယ်

Wednesday, October 22, 2014



  
လတ်တလော  ကားဈေးကွက်မှာတော့  Mazda  ကလည်း တရားဝင် Showroom ဖွင့်ပြီး ရောင်းချနေတာ တွေ့ရတာကြောင့် နောက်ဆုံးပေါ် မော်ဒယ်တွေနဲ့ အရည်အသွေးစိတ်ချရမယ့် မော်ဒယ်တွေကို လိုချင်ရင်တော့ Mazda Showroom မှာ သွားရောက်လေ့လာ ဝယ်ယူနိုင်မှာ ဖြစ်ပေမယ့် ပြင်ပကားဈေးကွက်မှာတော့ Mazda ရဲ့ လူကြိုက်များမော်ဒယ်တွေဖြစ်တဲ့ RX-7 နဲ့ Demio လို မော်ဒယ်တွေလည်း ရနိုင်မှာဖြစ်ပါတယ်။

အဆိုပါ မော်ဒယ်တွေထဲက လူကြိုက်များတဲ့ မော်ဒယ်၊ နောက်ပြီး လူစီးများတဲ့ မော်ဒယ်က Demio ဖြစ်ပါတယ်။ အကြောင်းကတော့ RX-7 က Sport တန်းဝင်မော်ဒယ် ဖြစ်တာကြောင့် လူငယ်ကြိုက် ဖြစ်ပေမယ့် မိသားစုစီး အနေအထားမှာတော့ Demio ကိုပဲ အဝယ်များကြတာပါ။

ဒီနေရာမှာ Demio က မော်ဒယ် မြင့်လေလေ၊ အရည်အသွေး ပိုမိုကောင်းမွန်လာလေ ဖြစ်တာကို တွေ့ရပါတယ်။

Mazda ကိုယ်တိုင်ကလည်း Demio ကို ဥရောပလို ဈေးကွက်မှာပါ အောင်မြင်မှုရရှိအောင် ရည်ရွယ်ပြီးတော့ အဆင့်မြှင့်မှုတွေနဲ့အတူ နည်းပညာပေါင်းစပ် ဖန်တီးမှုတွေကို လုပ်ဆောင်နေတာ တွေ့ရပါတယ်။

ရှေ့ပိုင်းမှာတော့ Demio မော်ဒယ်တွေက လူကြိုက်နည်းတာ တွေ့ရပြီး ပြောရရင် စွမ်းဆောင်ရည်အပိုင်းမှာပါ အားနည်းမှုတွေ ရှိတာကြောင့် ဈေးကွက်မှာ နေရာမရလှပါဘူး။

ပြောရရင် Demio က Hatchbak တန်းဝင် မော်ဒယ်ချင်း အတူတူတောင်မှ  ဈေးနှုန်းချိုသာတယ်ဆိုတဲ့ အားသာချက်တချက်ကလွဲလို့ ဈေးကွက်မှာ အဓိက ပြိုင်ဘက်ဖြစ်မယ့်  Honda Fit ကို  အဘက်ဘက်က  မယှဉ်နိုင်တာ တွေ့ရပါတယ်။

စွမ်းဆောင်ရည်အပိုင်းမှာလည်း အင်ဂျင်အသေးတပ် မော်ဒယ်ချင်း တူတာတောင်မှ အမြန်နှုန်းမြှင့် တင်မောင်းနှင်နိုင်မှုရော၊ ရုပ်ထွက်ပိုင်းရော၊ ဆေးသားအပိုင်းမှာရော၊ နောက်ပြီး ခရီးဝေးသွားလာနိုင်မှု အပိုင်းတွေမှာပါ အားနည်းပြီး ဈေးကွက်ရဲ့ တန်ကြေးအနည်းဆုံး မော်ဒယ်တန်းဝင် တမျိုးဖြစ်တဲ့ Toyota Passo လိုမော်ဒယ်နဲ့ တတန်းတည်း ရောက်နေတာ ဖြစ်ပါတယ်။

ဒီနေရာမှာ Passo နဲ့စာရင်တော့ Demio က အားနည်းချက် အရမ်းမများလှဘဲ တစီးလုံးကို Overall ခြုံပြီးပြောမယ်ဆိုရင် Passo ထက်တောင်မှ နည်းနည်း သာချင်ပါသေးတယ်။

ဒါပေမယ့် ဈေးကွက်မှာရော၊ နောက်ပြီး ကားဝယ်သူတွေ  စိတ်ထဲမှာရော  Brand  စွဲနေတတ်တာရှိပြီး  လူပြောများတဲ့ Toyota ကို အကြိုက်များတာကြောင့် Demio က တန်းတူချင်း အတူတူမှာတောင် နောက်မှာကျန်နေခဲ့တဲ့ သဘောပါ။

ပြီးတော့ Demio အကြောင်း ပြောရမယ်ဆိုရင် ဆီစားနှုန်းလည်း သက်သာကောင်းမွန်သလို အင်ဂျင်အပိုင်းကလည်း City အတွက်ဆိုရင်တော့ အဆင်ပြေစေမယ့် မော်ဒယ်တမျိုးပါ။

မော်ဒယ် အနိမ့်အမြင့် ကွဲပြားပြီး နည်းပညာကွာဟမှု ရှိတာကလွဲလို့ ကျန်တဲ့အချက်တွေကတော့ သိပ်ပြီးမကွဲပြားလှပါဘူး။


http://blog.irrawaddy.org/2014/10/tdi-2014-audi-q7.html

ဒီနေရာမှာ တခုရှိတာက Demio ချင်း အတူတူတောင်မှ ဈေးနှုန်းကွဲပြားမှုက တော်တော်လေးများပါတယ်။ အလွယ်ပြောရရင် ၂၀ဝ၉ ခုနှစ်ဝန်းကျင် မော်ဒယ်ကို ကျပ်သိန်း ၉၀ ဝန်းကျင်ပဲ ရှိပေ မယ့် ၂၀၁၂ ခုနှစ်ဝန်းကျင် မော်ဒယ်ဆိုရင် သိန်း ၁၂၀ ဝန်းကျင်ရှိပါတယ်။

ဒီတော့ မော်ဒယ်နှစ် သုံးနှစ်လောက်ပဲ ကွဲရုံနဲ့ သိန်း ၂၀ လောက် ဈေးဟတာ ဖြစ်ပေမယ့် ဈေးကိုမကြည့်ပါနဲ့၊ မော်ဒယ်ကိုပဲကြည့်ပါ။

၂၀၁၂ ဝန်းကျင် မော်ဒယ်ကတော့ အရည်အသွေးလည်း စိတ်ချရမှာဖြစ်ပြီး စွမ်းဆောင်ရည်နဲ့ ခရီးဝေးသွားလာနိုင်မှု အပိုင်းမှာပါ  စိတ်ချရမှာ ဖြစ်တာကြောင့် ကျနော့်သဘောဆိုရင် Demio ကိုမှ ဝယ်မယ်စိတ်ကူးရင်တော့ မော်ဒယ်မြင့် Demio ကိုပဲ စိတ်ဝင်စားမိပါတယ်။

လင်းထက် (IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved