Mercedes - Benz GLK-Class 2014

Saturday, October 11, 2014

 
.



 


ဈေးကွက်ထဲမှာ တွေ့ရသလောက်တော့ Mercedes-Benz က SUV နဲ့ ပတ်သက်ရင် တော်တော် ခြေလှမ်းကျဲတယ်လို့ ဆိုနိုင်ပါတယ်။ Luxury ဖြစ်ဖြစ် Sedan ဖြစ်ဖြစ် Sport ဆန်ဆန် ကားတွေကိုပဲ ထုတ်လုပ်ရောင်းချတာ တွေ့ရပါတယ်။ အခု တပတ်ကိုတော့ ကျနော်က သူ့ရဲ့ ရှားရှားပါးပါး SUV မော်ဒယ် တမျိုး ဖြစ်တဲ့ GLK – Class နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီနေရာမှာ GLK – Class က SUV အမျိုးအစား ပီပီ Off - Raod အတွက် စိတ်ကြိုက် စီးနင်းနိုင်အောင် ကိုယ်ထည်ပိုင်း ကအစ Frame ပိုင်း အထိ မာကျော ခိုင်ခံ့အောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။

နောက်ပြီးတော့ ရုပ်ထွက်ပိုင်းကလည်း မြင်နေကျပုံစံမျိုး မဟုတ်ဘဲ တခြား ကားတွေနဲ့ ပုံစံ ကွဲထွက်နေအောင် ဖန်တီး ထားပါတယ်။ အလွယ်ပြောရရင် အမေရိက SUV တွေက ရုပ်ထွက်ကို တည်ငြိမ်မှု ဦးစားပေးပြီး ထုတ်လုပ်တတ်သလို အာရှကတော့ ရုပ်ရည်လှအောင် ထုတ်လုပ်ပါတယ်။ ဒီနေရာမှာ ဥရောပကတော့ ဆွဲဆောင်မှုရှိအောင် ဖန်တီးလေ့ ရှိပါတယ်။ ဒီနေရာမှာ လှပအောင် ဆိုတာနဲ့ ဆွဲဆောင်မှု ရှိအောင် ဆိုတဲ့ စကားလုံးကြားမှာ တူသယောင်ယောင်နဲ့ ကွဲလွဲတာလေးတွေ ရှိပါတယ်။ ဥပမာ အာရှသူ တော်တော်များများက လှပကြပါတယ်၊ ဒါပေမယ့် ဥရောပသူတွေ ကတော့ ဆွဲဆောင်မှု ရှိပါတယ်။ အဲဒီလိုပါပဲ။ ကျနော်ကတော့ ပြောပြဖို့ စကားလုံး မတတ်တာကြောင့် အလွယ်နည်းနဲ့ ကောင်မလေးတွေကို ခဏ အငှားသုံးလိုက် တာပါနော်။ ကောင်းပါပြီ၊ ဆက်ပြီးတော့ ငှားထားတဲ့ ကောင်မလေးတွေ ပြန်လွှတ်ပြီး GLK - Class အကြောင်းကိုပဲ ဆက်ရအောင်။

အားသာချက်

Off – Road အတွက်ပါ ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ မော်ဒယ် ဖြစ်တာကြောင့် တကယ်ကို တည်ငြိမ်တဲ့ သွားလာ မောင်းနှင်ရမှု။ လိုက်ပါ စီးနင်းရမှု ဆိုတဲ့ ခံစားမှုကို ရရှိပါလိမ့်မယ်။ နောက်ပြီးတော့ လက်ကိုင်ပိုင်းကလည်း တည်ငြိမ် ကောင်းမွန်တာ တွေ့ရသလို V6 အင်ဂျင် အဖြစ်နဲ့ မော်ဒယ်ကိုသာ ရွေးချယ်မယ် ဆိုရင် စွမ်းအင် ထွက်ရှိမှုကောင်းတဲ့ မော်ဒယ်တခုကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။
ပြီးတော့ အင်ဂျင်ပိုင်း ရွေးချယ်ဝယ်ယူနိုင်မှုမှာ ဒီဇယ်အင်ဂျင် စနစ်လည်း ပါဝင်တာ တွေ့ရပြီး ဒီဇယ် အင်ဂျင်ဆိုရင် ဆီစားနှုန်း ပိုပြီး သက်သာပါလိမ့်မယ်။
GLK – Class က အတွင်းခန်းကို ကျယ်နိုင် သည်ထက် ကျယ်ဝန်းအောင် ရည်ရွယ်ပြီးတော့ နောက်ဘက် ထိုင်ခုံတန်းကိုတောင် လိုအပ်ရင် ခေါက်သိမ်းနိုင်အောင် ဖန်တီးထားတာလည်း တွေ့ရသလို Luxury ကားတစီးလို ဖန်တီးထားတာ တွေ့မြင်ရပါလိမ့်မယ်။

အားနည်းချက်

SUV တစီး အနေနဲ့ ပြောမယ် ဆိုရင် နောက်ဘက်ခန်း တည်ဆောက်ထားရှိမှု ကျဉ်းတယ်လို့ ဆိုနိုင်မှာ ဖြစ်သလို နောက်ဖက်ဆုံး ၀န်တင်ခန်းကို ကျယ်ဝန်းအောင် ရည်ရွယ်ပြီး ဒုတိယ ထိုင်ခုံတန်းကို သေးငယ်အောင် ဖန်တီးထားတာက ပြစ်ချက် တခုပါ။ တကယ်လို့ ခရီးသည် သုံးယောက်လောက်သာ နောက်ဘက် ခုံတန်းကို တင်မယ်ဆိုရင်တော့ နေရာ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ နောက်ဘက်ထိုင်ခုံတန်းတင် သေးတာ မဟုတ်ဘဲ နောက်ဘက်ခန်း တံခါး ပေါက်လည်း အနည်းငယ်ကျဉ်းတာ တွေ့ရပါတယ်။ အရွယ်အငယ်စား SUV ဖြစ်တာကြောင့် အလျားတိုပြီး ၀န်တင်ခန်း နေရာလည်း နည်းပါတယ်။

ကိုယ်ထည်ပိုင်း

ပုံမှန် အာရှထုတ် SUV တစီးတောင်မှ အနည်းဆုံး အလျား ၁၅ ပေ စွန်းနေတဲ့ အချိန်မှာ GLK-Class ကတော့ ၁၄ ပေနဲ့ ၁၀ လက်မ စွန်းစွန်းပဲ ရှိပါတယ်။ ပြီးတော့ မျက်နှာစာ အကျယ်က ၆ ပေနဲ့ ၂ လက်မ ကျော်တယ်ဆိုတော့ အလုံးနဲ့ အရပ်ကတော့ သိပ် မအပ်စပ်ချင်ပါဘူး။ ကားရဲ့ အမြင့်က ၅ ပေနဲ့ ၇ လက်မ မပြည့်ချင်ပေမယ့် GLK-Class ကို Off-Road အတွက်ပါ ရည်ရွယ်ထားတော့ မြေပြင်နဲ့ ကိုယ်ထည်ရဲ့ ကင်းလွတ်ပမာဏကို ၇.၉ လက်မထိအောင် တည်ဆောက် ထားပါတယ်။ နောက်ပြီးတော့ အတွင်းခန်း တည်ဆောက်မှုကလည်း တခြား SUV တွေနဲ့ ယှဉ်ကြည့်ရင် ကျဉ်းမြောင်းတာ တွေ့ရပြီး ၅၅ လက်မ ကျော်ကျော်တွေပဲ ရှိပါတယ်။ ၀န်တင်ဆောင်နိုင်မှု အပိုင်းမှာတော့ ပေါင် ၁၅၀၀ လောက်ထိအောင် ရုန်းကန်နိုင်မှာ ဖြစ်ပြီးတော့ သူ့ရဲ့ အလေးချိန်က ကိုယ်ထည်သေးပေမယ့် ပေါင် ၄၁၀၀ နီးပါးတောင် ရှိပါတယ်။

 


အင်ဂျင်

တပ်ဆင်ထားတဲ့ အင်ဂျင်က ၃ဒသမ၅ လီတာသုံး V6 အင်ဂျင် ဖြစ်ပြီးတော့ ဒီဇယ် အင်ဂျင်ကိုမှ မကြိုက်ဘူး ဆိုရင်တော့ V6 အင်ဂျင်တပ် မော်ဒယ်က အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အင်ဂျင်ရဲ့ ရုန်းအားက ၂၇၃ ပေ - ပေါင် သာရှိပေမယ့် စွမ်းအင် ထွက်ရှိမှု ကောင်းမွန်တာ တွေ့ရပြီး မြင်းကောင်ရေ ၃၀၂ ကောင်အားအထိ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်ဂျင်ရဲ့ လည်ပတ်အားကတော့ အမြင့်ဆုံး အနေနဲ့ တမိနစ်ကို အပတ်ရေ ၆၅၀၀ ထိအောင် ဖြစ်တာကြောင့် ဆီစားနှုန်းတော့ တော်တော်လေး တာသွားပါလိမ့်မယ်။

စွမ်းဆောင်ရည်

အထက်မှာ ပြောခဲ့တဲ့ V6 အင်ဂျင်တပ် GLK-Class က နောက်ဘီးယက် စနစ် ဖြစ်ပြီးတော့ ဂီယာချက် စုစုပေါင်း ၇ ချက် ထိအောင်ကို Auto စနစ်နဲ့ အသုံးပြု မောင်းနှင်သွားလာ နိုင်မှာလည်း ဖြစ်ပါတယ်။ ဒီလို Auto စနစ်နဲ့ ဂီယာချက် များများ ဖန်တီး ထားတာကလည်း ခရီးဝေးသွားလာမှုတွေ အတွက် ပိုပြီး အဆင်ပြေစေမှာလည်း ဖြစ်ပါတယ်။ နောက်ပြီး ဒီနေရာမှာ SUV ရယ် ဆိုပြီးတော့၊ အလေးချိန် မနည်းဘူး ဆိုပြီးတော့ အထင်တော့ မသေးလိုက်နဲ့ဦးဗျ။ တနာရီ မိုင် ၆၀ ဆိုတဲ့ နှုန်းကို အချိန် ၅. ၉ စက္ကန့်နဲ့ ရောက်မယ် ဆိုတော့ SUV တစီး အတွက် စိတ်တောင် မကူးမိတဲ့ နှုန်းပါပဲ။ နောက်ပြီး ဒီနှုန်းက တန်းတူ ကားတွေဖြစ်တဲ့ Audi Q5 နဲ့ BMW X3 တို့ ထက်တောင် သာနေသေးတာ ဖြစ်သလို Sedan တွေရဲ့ အမြန်နှုန်း လောက် စွမ်းဆောင်နိုင်တာလည်း ဖြစ်ပါတယ်။

ဆီ

တပ်ဆင်ထားတဲ့ ဆီတိုင်ကီက ၁၇ဒသမ ၄ ဂါလံ ဆံ့ဝင်နိုင်မှာ ဖြစ်ပြီးတော့ သူ့ရဲ့ ပျမ်းမျှ ဆီစားနှုန်းက ဆီတဂါလံ မိုင် ၂၀ နဲ့ တွက်ရင်တော့ နည်းနည်း သေးသလိုပါပဲ။ ဒါပေမယ့် အရွယ်အငယ်စား SUV ဆိုတော့လည်း ဟုတ်တုတ်တုတ်ပါဗျ။ ဒီနေရာမှာ တချို့ကတော့ ဆီစားနှုန်း များတယ်လို့ မြင်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော့် အမြင်အရတော့ ၃ ဒသမ၅ လီတာသုံး အင်ဂျင် တလုံး အတွက် ဒီနှုန်းက မများပါဘူး။ နောက်ပြီး လည်ပတ်အားကလည်း သေးမှ မသေးတာကိုး။ ပြီးတော့ စွမ်းဆောင်ရည် ကလည်း ကြည့်ဦးလေ၊ SUV လား၊ ပြိုင်ကားလား မေးယူရလောက်တယ် မဟုတ်လား။ ဒီလောက်တော့ သူလည်း အုပ်မှာပေါ့နော်။


လုံခြုံစိတ်ချရမှု

နောက်ပိုင်း မော်ဒယ်တွေမှာ အသုံးများတဲ့ Antilock ဘရိတ်စနစ် ကိုပဲ သုံးထားတာ တွေ့ရပြီးတော့ အကူးစနစ်တွေ ဖြစ်တဲ့ Traction နဲ့ Stability တွေ ပါဝင်တာ တွေ့ရပါတယ်။ အသက်ကယ် လေအိတ်စနစ် အပိုင်းမှာက အထိုင် ၄ နေရာတောင်မှ ထားပြီး စနစ်ကို အကောင်းဆုံး ဖြစ်အောင် မွမ်းမံထားတာ တွေ့ရပါတယ်။ ကားဆိုင်ရာ အသက်ကယ်စနစ် စီစစ်ရေး အဖွဲ့ကတော့ Good ဆိုတဲ့ မှတ်ချက်ပေးထားပြီး Very Good ကိုတော့ လက်တကမ်း အနေအထားပါပဲ။ နောက်ပြီး ဘရိတ်ပိုင်း ထိန်းချုပ်နိုင်မှုက တနာရီ မိုင် ၆၀ နှုန်းနဲ့ မောင်းနှင်နေရာကနေ ရပ်တန့်ပစ်ချင်တယ် ဆိုရင် အကွာအဝေး ၁၁၇ ပေ ယူမှာ ဖြစ်ပြီး သင့်တော်တဲ့ အနေအထား ဖြစ်ပေမယ့် စိတ်ကြိုက် အဆင့်တော့ မဟုတ်ပါဘူး။ ဒါကတော့ ကျနော် မိတ်ဆက် ပေးချင်တဲ့ Mercedes-Benz GLK-Class အတွက် သုံးသပ်ချက်ပဲ ဖြစ်ပါတယ်။ တကယ်လို့ GLK-Class အကြောင်းကို ဒီ့ထက် စိတ်ဝင်စားသေးတယ် ဆိုရင်တော့ Showroom မှာ သွားရောက် လေ့လာကြည့်နိုင်မှာပါ။ အဲဒီမှာတော့ အခု ကျနော် ပြောပြခဲ့တဲ့ အချက်တွေထက် ပိုပြီး အသေးစိပ်တဲ့ အချက်အလက်တွေကို မေးမြန်းစုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

 


 


မြန်မာပြည်မှာ ကားဈေးတွေကျပြီး တော်တော်များများ ကားစီးနိုင်တဲ့ အနေအထား ဖြစ်လာသလို၊ ဘယ်လို ကားအမျိုး အစား ဝယ်စီးသင့်သလဲ ဆိုတာလည်း စဉ်းစားစရာ ဖြစ်လာပါပြီ။ ကားအမျိုးအစားတွေကလည်း အသစ်အသစ်တွေ ပေါ်လာပြန်တော့ ငွေကြေးတတ်နိုင်ရင် တတ်နိုင်သလို အဖက်ဖက်က ပြီးပြည့်စုံတဲ့ ကားအမျိုးအစား ရွေးချယ် ဝယ်ယူတတ်ဖို့ လိုလာပါပြီ။ ဒါကြောင့် အခုတပတ်ကနေစပြီး The Irrawaddy ဂျာနယ်မှာ အမျိုးအစား ကွဲပြားတဲ့ ကားတွေရဲ့ အားနည်းချက် အားသာချက်တွေကို ရှာဖွေ ဖော်ထုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။


လင်းထက် (IA)



 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved